ပူတာအို – ခေါင်လမ်ဖူးလမ်းပိုင်းပျက်စီးနေဆဲဖြစ်တဲ့အတွက် ရှောက်ကောပါကော အရောင်းအဝယ်ရပ်တန့်နေ
ကချင်ပြည်နယ် ၊ပူတာအို–ခေါင်လန်ဖူးကားလမ်းပိုင်းပြုပြင်နိုင်ခြင်းမရှိသေးတာကြောင့် ခေါင်လန်ဖူး ဒေသထွက် ရှောက်ကော ပါကောတွေ တင်ပို့ဖို့ခက်ခဲနေပြီးအရောင်းအဝယ်ရပ်တန့် နေကြောင်း ဒေသခံများထံမှ သိရပါတယ်။
ဟင်းခတ်အမွှေးအကြိုင်ထုတ်လုပ်ရာမှာ ကုန်ကြမ်းအဖြစ်သုံးတဲ့ ခေါင်လန်ဖူးဒေသထွက် ရှောက်ကောပါကောဟာ အဓိက အားဖြင့်တရုတ်ပြည်ကိုတင်ပို့ရောင်းချကြတာဖြစ်ပြီး လက်ရှိ ပူတာအိုခေါင်လန်ဖူးလမ်းပိုင်းပျက်စီးနေတာကြောင့် တင်ပို့လို့မရပဲ အရောင်းအဝယ်တွေရပ်တန့်နေတယ်လို့ ခေါင်လန်ဖူးမြို့ခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။
“ရှောက်ကောပါကောကအားလုံးချွေပြီးသိမ်းပြီးကြပြီ လမ်းမကောင်းတော့ပို့လို့မရဘူး ခါတိုင်းနှစ်တွေလည်းပူတာအိုကနေတဆင့် မြစ်ကြီး– ကန်ပိုက်တည်လမ်းကြောကနေတရုတ်ပြည်ကိုပို့ကြတာလေးအခုပူတာအို– ခေါင်လန်ဖူးလမ်းက ကားသွားလို့မရတော့ ပို့လို့မရဘူးအခင်းပိုင်ရှင်တွေက ငုတ်တုတ်မေ့နေကြတယ်”လို့ ခေါင်လန်ဖူးမြို့ခံအသက် ၄၀ ကျော်အရွယ်အမျိုးသားတစ်ဦးကပြောပါတယ်။
ခေါင်လန်ဖူးဒေသခံ အားလုံးနီးဟာ ရှောက်ကော၊ ပါကောစိုက်ပျိုးတဲ့လုပ်ငန်းနဲ့အဓိက အသက်မွေးဝမ်းကြောင်းပြုကြတာဖြစ်ပြီး အခုလိုရှောက်ကောပါကောအရောင်းအဝယ်လုပ်ရမဲ့ကာလမှာ လမ်းပိုင်းပျက်စီးနေတဲ့အတွက်ဒေသခံတွေ အခက်အခဲ ဖြစ်နေကြောင်းသိရပါတယ်။
“ဒီလိုအရောင်းအဝယ်လုပ်ရမဲ့အချိန်မှာမရောင်းရမထုတ်ရတော့ ဒေသခံတွေဝင်ငွေလမ်းကြောင်းပိတ်နေတော့အခက်အခဲတော့အများကြီးဖြစ်ကြတယ် ဘာလို့ဆိဒီဘက်က လယ်ယာမဖြစ်ထွန်းဘူးတောင်ပေါဒေသဆိုတော့ အဲ့ကြောင့်လယ်ယာအစားဒါကိုစိုက်ပြီး ရလာတဲ့ပိုက်ဆံနဲ့ပြန်ဝယ်ချမ်းစားသောက်ကြတာ အခုရှောက်ကောရောင်းမရတော့ စားဝတ်နေရေးတွေထိခိုက်တာပေါ့”လို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။

ပုံမှန်အားဖြင့်ဒီရာသီဟာ ရှောက်ကောအရောင်းအဝယ်လုပ်ရမဲ့ရာသီဖြစ်ပြီး အခုလိုလမ်းပိုင်းပျက်စီးနေတာကြောင့် အဝယ်ကိုယ်စားလှယ်တွေလည်းရောက်မလာကြသလို ပူတာအို၊မြစ်ကြီးနားဆင်းပြီး အရောင်းအဝယ်လုပ်ဖို့အလည်းအခက်အခဲ ဖြစ်နေကြတယ်လို့သိရပါတယ်။
“ခါတိုင်းကဝယ်တဲ့လူမရောက်လာနိုင်ရင်တော့ ဒီကလူကိုယ်တိုင်ပူတာအိုအထိဆင်းပြီးထုတ်ရောင်းကြတယ် စျေးလေးတော့ကွာတာပေါ့ အခုကလူကိုယ်တိုင်းဆင်းဖို့လည်းမလွယ်ဘူးဆိုင်ကယ်ပဲသွားလို့ရတယ်ကားလမ်းက”လို့ခေါင်လန်ဖူးမြို့ခံအမျိုးသမီးတစ်ဦးကပြောပါတယ်။
ရှောက်ကော ပါကောရဲ့အဓိကပို့ကုန်လမ်းကြောင်းဟာ ခေါင်လန်ဖူး–ပူတာအိုလမ်းပိုင်းကနေတဆင့် မြစ်ကြီးနားအထိတင်ပို့ကြပြီးမြစ်ကြီးနားကနေမှ ကန်ပိုက်တည်လမ်းအတိုင်းတရုတ်ပြည်အထိတင်ပို့ကြတာဖြစ်ပါတယ်။
သို့ပေမယ့်လက်ရှိ ခေါင်လန်ဖူး ပူတာအိုလမ်းပိုင်းဟာ ယခုနှစ် မေလဆန်းပိုင်းကတည်းကနေ မိုးရွာသွန်းမှုကြောင့်လမ်းပိုင်းဆိုးဆိုးဝါးဝါးပျက်စီးသွားပြီး ကုန်သွားတွေအသွားအလာပြတ်တောက်နေဆဲ ဖြစ်ပါတယ်။
ခေါင်လန်ဖူး–ပူတာအိုလမ်းပိုင်းဟာ ခေါင်လန်ဖူးဒေသအတွက် တစ်ခုတည်းသော ကုန်စည်စီးဆင်းရာလမ်းကြောင်းဖြစ်ပြီး အခုလိုအသွားအလာပြတ်တောက်နေတဲ့အတွက် ရှောက်ကောပါကော အရောင်းအဝယ်ရပ်တန့်နေသလို ဒေသခံအတွက် အခြေခံစားသောက်ကုန်၊ လူသုံးကုန်တွေလည်းသယ်ယူဖို့်ခက်ခဲနေကြောင်းသိရပါတယ်။
ပူတာအို–ခေါင်လန်းဖူး ကားလမ်းပိုင်းဟာ မြေသားလမ်းဖြစ်တာကြောင့် ပုံမှန်အချိန်တွေမှာလည်း ခက်ခက်ခဲခဲ သွားလာနေရတဲ့ လမ်းပိုင်း ဖြစ်ပါတယ်။
ရှောက်ကောပါကောဟာအအေးပိုင်းနဲ့ တောင်ကုန်းတောင်တန်း ဒေသမှာသာဖြစ်ထွန်းတာကြောင့် ကချင်ပြည်နယ်ထဲက နာမည်ကြီးပြည်ပပို့ကုန်တစ်ခုလည်းဖြစ်ပါတယ်။
By – Zaw Zaw



