ကချင်ဒေသထွက် ကျောက်ဂျပိုး စျေးကောင်းမရတော့ဘူးလို့ ဒေသခံတွေပြော
ကချင်ပြည်နယ်ရဲ့ အအေးပိုင်းဒေသတွေဖြစ်တဲ့ ပူတာအို၊ချီဖွေမြို့တွေမှာ ဆောင်းအဝင်ထွက်လေ့ရှိတဲ့ ကျောက်ဂျပိုးစျေးကောင်းမရတော့ဘူးလို့ ဒေသခံတွေပြောပါတယ်။
ပူတာအို၊ ခေါင်လန်ဖူးနဲ့ ချီဖွေတွေမှာ အောက်တိုဘာလကစပြီး ကျောက်ဂျပိုးအကောင်ထွက်တဲ့ရာသီဖြစ်တာကြောင့် ဒေသခံတွေက နှစ်စဉ်ကျောက်ဂျပိုးဖမ်းပြီး ဝင်ငွေရှာဖွေကြတာဖြစ်ပါတယ်။
ဒါပေမဲ့ ဒီနှစ်ကတော့ အရင်နှစ်တွေလို ဝယ်သူနည်းလာတဲ့အတွက် ကျောက်ဂျပိုးစျေးကောင်းမရတော့ဘူးလို့ ဒေသခံတွေပြောပါတယ်။
“အရင်နှစ်ကတော့ စျေးအရမ်းကောင်းတယ်။ တစ်ပိဿာ ၆ သိန်း၊ ၇ သိန်း အလုအယက်ဝယ်ကြတယ်။ ပြီးရင် အဲလိုမခက်ခဲဘူး။ ဒီနှစ်ကတော့ စျေးမရှိဘူး။ ဘာကြောင့် စျေးကျသလဲဆိုရင် နိုင်ငံခြား တရုတ်၊ အိန္ဒိယပို့မယ်ဆိုရင် ဂိတ်ပေါင်းအများကြီးရှိတယ်။ ဟိုဂိတ်၊ ဒီဂိတ်နဲ့ နှုတ်လိုက်တဲအခါ ဟိုမှာရောက်ရင် အရင်းထိတယ်ဆိုပြီး သိပ်မဝယ်ကြဘူး။ သူတို့နေရာရောက်ရင်တော့ စျေးရတာပေါ့။ ဒီမှာက ဝယ်တဲ့သူမရှိလို့ ဟိုမှာရောက်ရင်တော့ စျေးကောင်းတယ်လို့ ပြောတယ်”ဟု ပူတာအိုဒေသခံတစ်ဦးက ပြောပါတယ်။

ကချင်ဒေသထွက် ကျောက်ဂျပိုးတွေကို တရုတ်၊ အိန္ဒိယ စတဲ့အိမ်နီးချင်းနိုင်ငံတွေကို အဓိကတင်ပို့ကြသလို ဒီဒေသတွေအထိ တရုတ်ဘက်က ဝယ်လက်တွေ လာရောက်ဝယ်ယူကြတာဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ်တွေမှာ ပူတာအိုဒေသတွင်း ကျောက်ဂျပိုးတစ်ပိဿာကို ကျပ်ငွေ ၇ သိန်းအထိ စျေးပေါက်ခဲ့ပေမဲ့ ဒီနှစ်ကတော့ တစ်ပိဿာကို ၃ သိန်းနဲ့ ၄ သိန်းကြားသာရတယ်လို့ ဆိုပါတယ်။
တစ်ဖက်က ချီဖွေဒေသဘက်မှာတော့ ဒီနှစ် ကျောက်ဂျပိုးထွက်ခါစ အောက်တိုဘာလလောက်မှာ အစိုတစ်ပိဿာကို ၇ သိန်းလောက်စျေးပေါက်ခဲ့ပြီး အခြောက် တစ်ပိဿာကို ၉ သိန်းကျော်ထိ စျေးပေါက်ခဲ့တယ်လို့ သိရပါတယ်။
ဒါပေမဲ့ အခုလက်ရှိစျေးကတော့ ကျောက်ဂျပိုး တစ်ပိဿာကို ၆ သိန်းလောက် စျေးရှိနေတယ်လို့ ချီဖွေဘက်က ကျောက်ဂျပိုးဝယ်ရောင်းသူတွေ ပြောပါတယ်။
တရုတ်တွေဘက်က ကျောက်ဂျပိုးတွေ အရင်နှစ်တွေလို စျေးကောင်းပေးမဝယ်တော့တာဟာ တရုတ်ဘက်မှာလည်း မွေးမြူတတ်သွားသူတွေရှိသလို လက်ရှိနိုင်ငံရေးအခြေအနေအရ လမ်းပိုင်းအခက်အခဲအမျိုးမျိုးကြောင့်ဖြစ်တယ်လို့ တရုတ်ကျောက်ဂျပိုးကုန်သည်ကြီးတွေနဲ့ ချိတ်ဆက်ပြီး ကျောက်ဂျပိုးဝယ်ယူစုဆောင်းသူက ပြောပါတယ်။
“တရုတ်ဘက်မှာ မနှစ်တုန်းကဆိုရင် အကောင်ရှင်သေးတဲ့ အစိမ်းဆိုရင် နို့ဆီခွက်တစ်ခွက်ကို ကျပ်ငွေ ၅ သောင်းကနေ ၇ သောင်းအထိ ပေးကြတယ်။ စျေးကောင်းပေးပြီး ဝယ်ကြတယ်။ အခုတော့ သူတို့တရုတ်ဘက်မှာလည်း မွေးတတ်သွားကြပြီတဲ့။ ဘယ်လိုရာသီမျိုး၊နေရာမျိုးမှာရှိတယ်ဆိုတာကို လေ့လာယူပြီး သူတို့တရုတ်ဘက်မှာလည်း ရာသီဥတုကို လုပ်ယူဖန်တီးပြီး မွေးကြပုံပဲ။ ဒီကျောက်ဂျပိုးကို အဆုတ်နဲ့ဆိုင်တာ၊ နှလုံးသွေးကြောနဲ့ဆိုင်တာ၊ ကင်ဆာနဲ့ပတ်သက်တဲ့ ဆေးတွေ ဖော်စပ်တယ်လို့ ပြောတယ်။ ကျောက်ကပ်ဆေးလိုမျိုးတွေ ဖော်တယ်လို့ ပြောတယ်။ ကျနော်တို့လည်း အတိအကျတော့ မသိဘူး။”ဟု ချီဖွေဒေသ ကျောက်ဂျပိုးဝယ်သူတစ်ဦးက ပြောပါတယ်။
ကျောက်ဂျပိုးအကောင်တွေဟာ မြစ်၊ချောင်းဘေး ကျောက်ဆောင်၊ ကျောက်တုံးတွေနားမှာရှိကြတာဖြစ်ပါတယ်။ ဒေသခံတွေဟာ ကျောက်ဂျပိုးကို ခြင်ထောင်စတွေ၊ စကာပိတ်စတွေနဲ့ မေခမြစ်၊ မလိခမြစ်နားတွေ မြစ်၊ချောင်းဖျားပိုင်းတွေမှာ အဓိက ရှာဖွေကြတယ်လို့ သိရပါတယ်။
ကျောက်ဂျပိုးအကောင်တွေထဲမှာ အမည်းရောင်တန်းပြီး အကောင်သေးတဲ့ပုံစံမျိုးနဲ့ အနီရောင်တန်းပြီးအကောင်းနည်းနည်းကြီးတဲ့ပုံစံ စသဖြင့် အကောင်နှစ်မျိုးရှိရာ အနီရောင်တန်းပြီး နည်းနည်းကြီးတဲ့အကောင်မျိုး ဝယ်ယူတာမရှိဘူးလို့ သိရပါတယ်။
ဒီကျောက်ဂျပိုးတွေကို ပူတာအို၊ ချီဖွေ ဒေသခံတွေက ဟင်းပွဲအဖြစ်စားသုံးကြတာလည်း ရှိသလို အဓိကတော့ တရုတ်တွေ စျေးကောင်းပေးဝယ်တာကြောင့် စီးပွားဖြစ် ဝင်ငွေအတွက် ကျောက်ဂျပိုးအကောင်ကို ရှာဖွေကြတာ ပိုများပါတယ်။
တရုတ်ပြည်ဘက်မှာတော့ ဒါကို အဖိုးတန်တစ်ခုအဖြစ် စျေးကောင်းပေးဝယ်ပြီး အဆုတ်၊ ကျောက်ကပ်၊ နှလုံး၊ ကင်ဆာ စတဲ့ရောဂါတွေနဲ့ပတ်သက်တဲ့ ဆေးဝါးဖော်စပ်တဲ့နေရာမှာ အဓိကသုံးသလို ဟင်းခတ်အမွေးအကြိုင်အဖြစ် ဖေစပ်ထုတ်လုပ်တဲ့နေရာမှာ အသုံးပြုတယ်လို့ တရုတ်ကုန်သည်တွေ ပြောဆိုချက်အရ သိရတယ်လို့ ကျောက်ဂျပိုးဖောက်သည်တွေက ပြောဆိုပါတယ်။
By – ဂျာဘောက်ရာ



