မန်ဝိန်းကြီးမှာ ယာဥ်တိုက်မှုဖြစ်ပြီး ဆိုင်ကယ်စီးနင်းသူနှစ်ဦး ဒဏ်ရာပြင်းထန်
ကချင်ပြည်နယ် မံစီမြို့နယ် မန်ဝိန်းကြီးရွာမှာ ကားနဲ့ ဆိုင်ကယ် တိုက်မိပြီး ဆိုင်ကယ်စီးလာတဲ့ပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေ ဆီကနေ သိရပါတယ်။
ဖြစ်စဥ်ကတော့ မန်ဝိန်းကြီး– ဗန်းမော်၊မိုင်ဂျာယန်ဘက်သွားတဲ့ လမ်းမကြီးမှာ ဒီဇင်ဘာလ ၃ ရက် နေ့လည် ၁၂နာရီဝန်းကျင်အချိန် ကားနဲ့ဆိုင်ကယ်အရှိန်မထိန်းနိုင်ဘဲ မျက်နှာချင်းဆိုင်တိုက်မိကြတာဖြစ်တယ်လို့ သိရပါတယ်။
“ဆိုင်ကယ်မှာတော့ လူနှစ်ယောက်ထဲက အမျိုးသမီးကတော့ ခါးကျိုးပြီး ပေါင်မှာထိခိုက်ဒဏ်ရာရတယ်။ အမျိုးသားကတော့ တစ်ခြားကျိုးပဲ့တာမရှိပေမယ့်လက်ချောင်းတွေ အကုန်လုံးပွန်းပဲ့ကုန်တယ်”လို့ ဆိုပါတယ်။

ကားနဲ့ဆိုင်ကယ် အရှိန်ပြင်းစွာ တိုက်မိခဲ့တဲ့အတွက် ကားက လမ်းဘေးကိုတိမ်းမှောက်သွားခဲ့ပြီး ဆိုင်ကယ်ကတော့ နောက်ကို လွှင့်ထွက်သွားတယ်လို့ သိရပါတယ်။
တိမ်းမှောက်သွားတဲ့ကားဟာ အိမ်စီးကားဖြစ်ပြီး အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးတည်း
မောင်းလာတဲ့ကားဖြစ်ကာ ကားမောင်းသူထိခိုက်ဒဏ်ရာမရရှိခဲ့ဘူးလို့ သိရပါတယ်။
လက်ရှိမှာတော့ ထိခိုက်ဒဏ်ရာရရှိသူ နှစ်ဦးကို တာဝန်ရှိသူတွေကတော့ မန်ဝိန်းပြည်သူ့ဆေးရုံမှာ သွားရောက်ပို့ဆောင်ထားပြီးကားသမားကိုတော့ ကေအိုင်အိုအစိုးရကနေပြီးတော့ အရေးယူမှုတွေ လုပ်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ဒီယာဥ်တိုက်မှုနဲ့ ပက်သက်ပြီး မည်သူမှားတယ် မှန်တယ်ဆိုတာကို သေချာမသိရှိရသေးသလို ဆိုင်ကယ်စီးလာတဲ့ နှစ်ဦးလည်း ဆေးရုံတက်နေရတဲ့အတွက် တရားရုံးက စီရင်ချက်မချရသေးဘူးလို့ သိရပါတယ်။
လက်ရှိ မန်စီမြို့နယ်အားလုံးကို ကေအိုင်အို အစိုးရကနေပြီးတော့ ထိန်းချုပ်အုပ်ချုပ်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၅ ဇန်နဝါရီ ၈ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်လိုက်တာလည်း ဖြစ်ပါတယ်။
By – Hope



