သတင်း

စစ်ဘေးရှောင်တွေများလာတဲ့တနိုင်းမြို့ပေါ်မှာ အိမ်ငှားခတွေ စျေးမြင့်တက်လာ

ကချင်ပြည်နယ် တနိုင်းမြို့ပေါ်မှာ မှော်ဒေသက ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်တွေများလာတာကြောင့် အိမ်ငှားခနဲ့အခန်းခတွေ စျေးအဆမတန်မြင့်တက်လာတယ်လို့ သိရပါတယ်။

တနိုင်းမြို့ပေါ်မှာ ၂၀၂၅ ခုနှစ် နိုဝင်ဘာ လကုန်ပိုင်းအထိ လုံးချင်းအိမ်တစ်လုံးကို တစ်လ ကျပ်နှစ်သိန်း၊ အိမ်ခန်းသီးသန့်တစ်ခန်း နှစ်သောင်း ရှိရာကနေ ဒီဇင်ဘာလဆန်းပိုင်းမှာတော့ လုံးချင်းအိမ်တစ်လုံးကို တစ်လကျပ် ငါးသိန်း၊ အိမ်ခန်းသီးသန့်တစ်ခန်း ကျပ်တစ်သိန်းခွဲအထိ မြင့်တက်သွားကြောင်း တနိုင်းမြို့ခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

လုံးချင်းငှားမယ်ဆိုရင် တော့ငှားဖို့မလွယ်ဘူး အိမ်ငှားတွေနဲ့ပြည့်နေတာမြို့ပေါ်မှာက အရင်က အိမ်လုံးပြတ်ဆိုရင်တစ်လ နှစ်သိန်းပဲအခုက ငါးသိန်းထိချက်ချင်းတက်သွားတယ် အိမ်ငှားတွေအရမ်းများလို့ အိမ်ခန်းဆိုရင်တော့ တစ်သိန်းနဲ့တစ်သိန်းခွဲကြားမှာရှိတယ် တစ်ခန်းကိုလို့ အသက် ၄၀ ကျော်အရွယ်အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ မတိုင်ခင်အထိ တနိုင်းမြို့ပေါ်မှာ အိမ်ငှားနဲ့အခန်းငှားတွေ စျေးသက်သာခဲ့ပေမယ့် ဒီဇင်ဘာလဆန်းပိုင်းကနေတော့ တနိုင်းမြို့နယ်ထဲက ပယင်းမှော်နဲ့ရွှေမှော်တွေမှာ စစ်ကောင်စီပူးပေါင်းတပ်နဲ့ KIA ပူးပေါင်းတပ်တွေကြားနှစ်ဖက်တိုက်ပွဲဖြစ်ပွားတာ၊ စစ်ကောင်စီတပ်ဘက်က မှော်တွေမှာရောက်နေတဲ့ပြည်သူတွေကို မှော်ထဲကထွက်လာကြဖို့အမိန့်ထုတ်ထားတာတွေကြောင့် သောင်းချီတဲ့မှော်ပြည်သူတွေ တနိုင်းမြို့ထဲကိုဝင်ရောက်လာပြီး အိမ်ငှားအဖြစ် လာနေကြတာကြောင့် အခုလိုစျေးတက်သွားတာလို့သိရပါတယ်။

ပယင်းမှော်ကလူတွေကော၊ ရွှေမှော်ထဲကလူတွေကော အကုန်လုံးက ဒီတနိုင်းမြို့ပေါ်မှာပဲစုပြုံပြီးရောက်လာကြတာလေး အကုန်လုံးက တနိုင်းဒေသခံတွေမဟုတ်ဘူးတခြားဒေသကလာတာဆိုတော့ဒီမှာပဲအိမ်ငှားနေကြတော့အလုအယက်ငှားကြတော့စျေးတက်သွားတာလို့တနိုင်းမြို့ခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

အခုလိုစစ်ရှောင်တွေများလာတဲ့အတွက် အိမ်ငှားခနဲ့အိမ်ခန်းငှားခတွေစျေးတက်သွားတဲ့အပြင် တည်းခိုးခန်း၊ မိုတယ်ခန်းခတွေလည်းယခင်ကထက် တစ်ဆခန်းစျေးတက်သွားကြောင်းသိရပါတယ်။

တည်းခိုခန်းခက အရင်က တစ်ခန်းကို လေးသောင်းပဲ နှစ်ယောက်အိမ်ခန်းဆိုရှစ်သောင်း အခုက တစ်ခန်းကိုပဲ တစ်သိန်းအထိတက်သွားတယ် လူတွေပြည့်နေတယ်ဒါတောင်လို့ အထက်မှာဖော်ပြခဲ့တဲ့တနိုင်းမြို့ခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

အိမ်ငှားခနဲ့ အိမ်ခန်းခတွေစျေးတက်သွားတာကြောင့် ငွေကြေးတတ်နိုင်သူတွေနဲ့ လုပ်ငန်းရှင်တွေလောက်သာနေနိုင်ပြီး အခြားလက်လုပ်လက်စားမိသားစုတွေနဲ့အလုပ်သမားတွေက အိမ်၊ အခန်းခမတတ်နိုင်တာကြောင့်နေရေးထိုင်းရေးအခက်အခဲ ဖြစ်နေကြောင်းသိရပါတယ်။

ဒီစျေးနဲ့က ပယင်းလောပန်းတွေ ရွှေမျော်ပိုင်ရှင်တွေလောက်ပဲငှားနနိုင်တာ တခြားမှော်ထဲမှာအလုပ်သွားလုပ်တဲ့လူတွေနဲ့ လက်လုပ်လက်စားနဲ့လာရှာစားတဲ့သူတွေကမငှားနိုင်ဘူး လမ်းဘေးမိုးကာတဲနဲ့နေတဲ့လူရှိတယ်တချိူ့တောထဲမှာအဆင်ပြေသလိုနေတဲ့လူလည်းရှိတယ်လို့ အထက်ဖော်ပြပါအမျိုးသမီးကဆက်ပြောပါတယ်။

လက်ရှိတနိုင်းမြို့နယ်ထဲက နမ်ဗျူ ၊လပူခ၊အောင်လွတ်၊ဝေလွန်၊စံလွန်၊ လမုန်ခစတဲ့ ၊တုံမနီစတဲ့ ပယင်းမှော်နဲ့ ရွှေမှော်တွေထဲမှာရောက်နေတဲ့ ပြည်သူတွေက်ို မှော်ထဲကထွက်ခွာလာကြဖို့ တနိုင်း ဒ.က.(ဒေသကွက်ကဲမှုစစ်ဌာနချုပ် ) ကပြီးခဲ့တဲ့  ဒီဇင်ဘာ ၂၀ ရက်နေ့မှာအမိန့်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့နှင့် ၁၆ရက်နေ့ နှစ်ရက်ဆက်တိုက် နမ်ဗျူပယင်းမှော်နဲ့ လမုန်ခ စတဲ့ပယင်းမှော်အနီးတဝိုက်မှာ စစ်ကောင်စီ တပ်နဲ့ KIAပူးပေါင်းတပ်တွေ နှစ်ရက်ဆက်တိုက် တိုက်ပွဲ ဖြစ်ပွားပြီးနောက်မှာပဲ တနိုင်းပယင်းမှော်ဒေသမှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားတာ၊ စစ်ကောင်စီပူးပေါင်းတပ်ဘက်က အင်အားသုံးပြီးထိုးစစ် ဆင်တာတွေရှိလာနေပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button