ဝန်းသိုနယ်မှာ စစ်တပ်ကစစ်ကြောင်းထိုးနေပေမယ့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသေး
စစ်ကိုင်းနဲ့ကချင်အစပ် ဝန်းသိုမြို့နယ်ထဲက ကျေးရွာတစ်ချို့ကို စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးနေပေမယ့် နှစ်ဖက်တပ်တွေအကြား တိုက်ပွဲဖြစ်ပွားတာတွေ့မရှိသေးဘူးလို့ ဝန်းသိုမြို့က ဒေသခံတွေကပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၅ ရက်နေ့ညပိုင်းကစလို့ တော်လှန်ရေးအင်အားစုတွေက ဝန်းသိုမြို့ကိုဝင်တိုက်တော့မှာဖြစ်ကြောင်း ဇန်နဝါရီလ ၉ ရက်နေ့နောက်ဆုံးထားပြီး ဒေသခံတွေလည်းဘေးလွှတ်ရာတွေမှာကြိုတင်တိမ်းရှောင်ကြဖို့ သတင်းတွေ
ထွက်လာခဲ့ပြီးနောက် မနေ့ကတော့ ဝန်းသိုမြို့မှာတိုက်ပွဲဖြစ်နေပြီဆိုတဲ့သတင်းတွေ သတင်းဌာနတစ်ချို့ကရေးသားလာကြပါတယ်။
ဒါပေမဲ့ KNG ရဲ့မြေပြင်သတင်းရင်းမြစ်ကတော့ ဝန်းသိုမြို့နယ်အတွင်း တိုက်ပွဲဖြစ်တာမရှိပဲ စစ်တပ်ဘက်ကတော့ စစ်ကြောင်းထိုးစစ်ရေးလှုပ်ရှားတာတွေရှိနေတယ်လို့ အခုလိုပြောပြပါတယ်။
“မြို့ထဲမှာက တိုက်ပွဲတွေဘာညာလည်းမရှိပါဘူး။ စစ်တပ်ဘက်က စစ်ကြောင်းထွက်နေတာတော့ရှိပါတယ်။ အဲ့စစ်ကြောင်းကလည်း တစ်ရွာပြီးတစ်ရွာကူးနေတာ။ ဒီဘက်ကိုလည်းကျော်မလာတော့တိုက်ပွဲကတော့မဖြစ်ဘူး။ လက်နက်ကြီးနဲ့အပြန်အလှန် ပစ်တာတို့ ဒရုန်းနဲ့ချတာတို့ အဲ့လောက်တော့ရှိတယ်”လို့ လက်တလောဝန်းသိုမြို့နယ်အခြေနေကို ဒေသခံအမျိုးသားတစ်ဦးကရှင်းပြပါတယ်။

စစ်ကောင်စီရဲ့စစ်ကြောင်းကတော့ ဝန်းသိုမြို့ကနေ ဆိုင်ကယ်နဲ့သွားရင် မိနစ် ၂၀ ဝန်းကျင်ကွာဝေးတဲ့ ဩဂ၊ အာမခံ စတဲ့ကျေးရွာ တွေတစ်ဝှိုက် စစ်ကြောင်းထိုးနေတယ်လို့ သိရပြီး အာမခံကျေးရွာအနီးက ကျောက်တိုင်ဘုရားကုန်းမှာတော့ အထိုင်ချတပ်စွဲထားတာ နှစ်နဲ့ချီနေပြီလို့သိရပါတယ်။
တော်လှန်ရေးအင်အားစုတွေဘက်က ဝန်းသိုဒေသခံတွေကို ဇန်နဝါရီလ ၉ ရက်နေ့မတိုင်ခင် နောက်ဆုံးထားပြီး ဘေးလွှတ်ရာတွေ ကိုတိမ်းရှောင်ကြဖို့ သတိပေးတယ်ဆိုတဲ့သတင်းဟာ သေချာမှုရှိမရှိ KNG ကအတည်မပြုနိုင်သေးပါဘူး။
မြေပြင်ကဒေသခံတွေကတော့ စစ်ကောင်စီစစ်ကြောင်းထိုးနေတဲ့ ကျေးရွာတွေတစ်ဝှိုက်ကဒေသခံတွေဘေးလွှတ်ရာတွေမှာ တိမ်းရှောင်နေကြတယ်လို့ပြောပါတယ်။
“အာမခံရွာကိုက စစ်ကြောင်းကအမြဲဝင်တယ်။ ရွာသားတွေက ကာကွယ်ရေးတပ်တွေထိန်းချုပ်နယ်မြေဘက် ရှောင်နေကြတာ ကြာပြီ။ စစ်ကြောင်းတွေက ခဏခဏဝင်တော့ တချို့တွေကျတော့လည်းတောစပ်တွေမှာတဲထိုးပြီးနေကြတာဗျ။ ရွာထဲတော့ လူမရှိသလောက်ပါပဲ”လို့လက်တလောစစ်ကြောင်းထိုးခံနေရတဲ့ကျေးရွာတွေအကြောင်း အထက်ပါဒေသခံကဆက်ပြောပြပါတယ်။
တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတပ်တွေအကြား ၂၀၂၅ နှစ်ကုန်ခါနီးကစလို့ စစ်ကိုင်းတိုင်းထဲမှာ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေဆက်တိုက်ပြင်းထန်နေပြီး ကသာမြို့မှာဆိုရင်မြို့သိမ်းတိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။
ဒါပေမဲ့ ဇန်နဝါရီလ ၃ ရက်နေ့ကစလို့ ကသာမြို့သိမ်းတိုက်ပွဲကလည်းငြိမ်သက်နေပြီး စစ်ကောင်စီဘက်ကသာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေလုပ်နေတယ်လို့သိရပါတယ်။
၂၀၂၃ ခုနှစ် ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ မြို့သိမ်းစစ်ဆင်ရေးအဖြစ် ကချင်လွတ်လပ်ရေးတပ်မတော် KIAနဲ့ အမျိုးသားညီညွှတ်ရေး အစိုးရ NUG အပါအဝင်မဟာမိတ်ပူးပေါင်းတပ်တွေကလည်း ကသုံးလုံးစစ်ဆင်ရေးကိုအကောင်အထည်ဖော်ခဲ့ကြပါတယ်။
ကသုံးလုံးစစ်ဆင်ရေးဆိုတာကတော့ ကသာခရိုင်၊ ကောလင်းခရိုင် နဲ့ကန့်ဘလူခရိုင်မှာရှိတဲ့ မြို့တွေကိုသိမ်းပိုက်ဖို့ဖြစ်ပြီး ကသာခရိုင်မှာ ကသာ၊ ထီးချိုင့်နဲ့ အင်းတော်၊ ကောလင်းခရိုင်မှာ ကောလင်း၊ ဝန်းသိုနဲ့ ပင်လည်ဘူး၊ ကန့်ဘလူခရိုင်မှာ ကန့်ဘလူနဲ့ ကျွန်းလှ မြို့နယ်တွေပါဝင်ပါတယ်။
ကသာခရိုင်ထဲက အင်းတော်နဲ့ ကောလင်းခရိုင်ထဲကပင်လည်ဘူး စတဲ့မြို့တွေကိုတော့တော်လှန်ရေးတပ်တွေဘက်က သိမ်းပိုက် ထားပြီး ကန့်ဘလူခရိုင်ထဲက ကန့်ဘလူ၊ ကျွန်းလှအပါအဝင် ကသာခရိုင်ထဲက ကသာမြို့တွေမှာတော့ ၂၀၂၅ နှစ်ကုန်ပိုင်းကစလို့ နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေကြပါတယ်။
By – အမိုး



