သတင်း

NSCN-K အန်းမိုင်းအဖွဲ့ ပန်ဆောင်မြို့ထဲ ဝင်ရောက်လာပြီး တိုက်ပွဲ ဖြစ်ပွားလာမှာ စိုးရိမ်နေ

ကချင်ပြည်နယ် အနောက်ဖက် စစ်ကိုင်းအိန္ဒိယ နယ်စပ် ပန်ဆောင်မြို့နယ်ခွဲထဲမှာ နာဂလက်နက်ကိုင် နှစ်ဖွဲ့ဖြစ်တဲ့ NSCN-K(YA) နဲ့ NSCN-K (AM) ကြား အခြေအနေတင်းမာနေတာကြောင့် နှစ်ဖက်တိုက်ပွဲ ဖြစ်လာမှာကို ဒေသခံတွေစိုးရိမ်နေကြပါတယ်။

ဗိုလ်ချုပ် အန်းမိုင်း ဦးဆောင်တဲ့ NSCN-K(AM) တပ်ဖွဲ့အင်အား လေးဆယ်ကျော်ဟာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ နံနက် ၁ နာရီခန့်မှာ ပန်ဆောင်မြို့ထဲ ဝင်ရောက်လာတဲ့ အခြေအနေနှင့် ပတ်သက်ပြီး ပန်ဆောင်မြို့ခံ အမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။

ဒီ AM က စစ်တပ်နဲ့ ပေါင်းတဲ့ အဖွဲ့ဆိုတော့သိပ် မကြိုက်ကြဘူးအခု။ ပန်းဆောင်မြို့အထက်က ရွာတွေထဲက လူနေအိမ်တွေမှာ နေရာယူထားတယ် ကြာကြာနေရင် တော့ ပစ်ကြခတ်ကြမှာ အခြေနေမကောင်းဘူး NSCN-K (ယုန်းအောင်) အဖွဲ့က လက်မခံဘူး သူတို့ဝင်လာတာကိုလို့ အထက်ဖော်ပြပါ အမျိုးသားက ပြောပါတယ်။

ပန်ဆောင် ဒေသမှာ NSCN-K (ဗိုလ်ချုပ် ယုန်းအောင်) အဖွဲ့က လှုပ်ရှားနေတာဖြစ်ပြီး အခုလို NSCN-K(AM) အဖွဲ့ ဝင်ရောက်လာတာကြောင့် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံညှိနှိုင်းမှုတွေ ပြုလုပ်နေတယ်လို့သိရပါတယ်။

“AM အဖွဲ့က စစ်တပ်နဲ့ ငြိမ်းချမ်းရေးယူထားတော့ စစ်တပ်အားကိုးနဲ့ ဝင်လာတာ သူတို့ကြာကြာနေရင် ခြေနေပိုဆိုးသွားမှာ နောက်ပြီး YA (ဗိုလ်ချုပ်ယုန်းအောင်)အဖွဲ့ကလည်း ဒါကိုလက်မခံတော့ အခုအရပ်ဖက်က လူကြီးတွေနဲ့ညှိပေးနေတယ်လို့ အထက်မှာဖော်ပြခဲ့တဲ့ အမျိုးသားက ဆက်ပြောပါတယ်။

PSA

NSCN-K (AM) တပ်ဖွဲ့ဟာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသထဲက လဟယ်မြို့နယ်ထဲမှာ ဌာနချုပ်ထိုင်ထားတာ ဖြစ်ပြီး အဓိကအားဖြင့် လဟယ်မြို့နယ်နဲ့ လေရှီးမြို့နယ်မှာ လှုပ်ရှားနေတာဖြစ်ပါတယ်။

လက်ရှိ NSCN-AM အဖွဲ့ ဝင်ရောက်နေရာယူဖို့ကြိုးပမ်းနေတဲ့ ပန်ဆောင်မြို့ဟာ ကမ္ဘာကျော် လီဒိုလမ်းမကြီးဖြစ်တဲ့ တရုတ်မြန်မာအိန္ဒိယ သုံးနိုင်ငံကုန်သွယ်ရေးလမ်းမကြီးရဲ့အဓိက ထွက်ပေါက်မှာရှိနေတဲ့ နယ်စပ်မြို့ဖြစ်ပါတယ်။

တရုတ်ကချင်နယ်စပ် ကန်ပိုက်တည်မြို့မှ မြစ်ကြီးနားပန်ဆောင်ကြားကို လမ်းပိုင်းအဆင့်မြင့်တင်ဖို့ ၂၀၂၅ ခုနှစ် သြဂုတ် ၃၁ ရက်နေ့မှာ တရုတ်အစိုးရနဲ့ စစ်ကောင်စီကြား လက်မှတ်ရေးထိုးခဲ့တာတွေလည်းရှိခဲ့ပါတယ်။

ပန်ဆောင်ဒေသထဲ NSCN-K (AM) အဖွဲ့ ဝင်ရောက်ထိန်းချုပ်ဖို့ကြိုးပမ်းလာတာဟာ စစ်ကောင်စီရဲ့ အစီအစဥ်လည်း ဖြစ်နိုင်ကြောင်း ဒေသခံတွေက သုံးသပ်နေကြပါတယ်။

ပန်ဆောင်က နယ်စပ်မြို့လည်းဖြစ်တယ်ပြီးတော့ အခုစစ်တပ်နဲ့ တရုတ်အစိုးရကြားလည်း လီဒိုလမ်းမကြီးကို အဆင့်မြင့်တင်ဖို့ စာချုပ်ချုပ်ထားတာဆိုတော့ အခုပန်ဆောင်ဒေသကို ထိန်းချုပ်နေတဲ့ ဗိုလ်ချုပ်ယုန်းအောင် (NSCN-K) အဖွဲ့က စစ်တပ်နဲ့ ငြိမ်းချမ်းရေးယူထားတဲ့အဖွဲ့ မဟုတ်ဘူးဆိုတော့ သူနဲ့ငြိမ်းချမ်းရေးယူထားတဲ့ NSCN-AM အဖွဲ့ကိုစေလွတ်တာက ရိုးတော့ မရိုးသားဘူးဗျ စစ်ကောင်စီနဲ့ မကင်းဘူးထင်တယ်လို့ နန်းယွန်းမြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

ပန်ဆောင်မြို့ပေါ်မှာ NSCN-K (AM) တပ်ဖွဲ့တွေ မဝင်လာမှီ ၂၀၂၅ ဒီဇင်ဘာလကုန်ပိုင်းကလည်း NSCN-K(AM) အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် အန်းမိုင်းနဲ့ စစ်ကောင်စီတပ်တာဝန်ရှိသူအချို့ လဟယ်မြို့ပေါ်မှာ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့ကြောင်း သိရပါတယ်။

ဗိုလ်ချုပ်ယုန်းအောင်ဦးဆောင်တဲ့ NSCN-K(YA) အဖွဲ့ဟာ ပန်ဆောင်၊ နန်းယွန်း၊ ဒုံဟီးမြို့နယ်တွေမှာ အဓိကစိုးမိုးထားသလို လေရှီး၊ လဟယ်မြို့နယ်တွေအထိ လည်းစိုးမိုးထားတဲ့နယ်မြေတွေ ရှိကြောင်းသိရပါတယ်။

မူလ နာဂဒေသမှာ NSCN-K အဖွဲ့ တစ်ဖွဲ့သာရှိပြီး NSCN-K အဖွဲ့တည်ထောင်သူ ဗိုလ်ချုပ်ခပ္ပလန် ကွယ်လွန်သွားပြီးနောက် NSCN-K နှစ်ဖွဲ့ ကွဲသွားခဲ့တာဖြစ်ပါတယ်။

NSCN-K တည်ထောင်သူ ဗိုလ်ချုပ်ခပ္ပလန် ကွယ်လွန်ပြီးနောက် NSCN-K အဖွဲ့ကို ဗိုလ်ချုပ်ယုန်းအောင် ဦးစီးခဲ့ရာ ၂၀၂၃ နှစ်ဆန်းပိုင်းမှာတော့ ဒုဗိုလ်ချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်အန်းမိုင်းက NSCN-K ကနေခွဲထွက်ပြီး NSCN-K (AM) အဖွဲ့သစ်ကို ထူထောင်လိုက်တာ ဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button