ကသာမြို့မှာ နေအိမ်ဖောက်ထွင်းခိုးယူ သောင်းကျန်းနေတဲ့ အုပ်စုဖွဲ့သူခိုးများထဲ အမျိုးသမီးတွေပါဝင်
မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့က ဒေသခံတွေဘေးလွှတ်ရာတွေမှာထွက်ပြေးတိမ်းရှောင်နေရချိန် အုပ်စုဖွဲ့ကာနေအိမ် ဖောက်ထွင်း ခိုးယူတာတွေဖြစ်ပွားနေပြီး အဲ့ဒီသူခိုးအဖွဲ့မှာ အမျိုးသမီးတွေပါ ပါဝင်နေတယ်လို့ ကသာမြို့ကနေထွက်ပြေးလာတဲ့ စစ်ဘေးရှောင်တွေ ကပြောပါတယ်။
ကသာမြို့ခံတွေဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ မြို့သိမ်းတိုက်ပွဲစတင်တဲ့နေ့ကစလို့ တိုက်ပွဲနဲ့ဘေးလွှတ်တဲ့နေရာ တွေမှာ ထွက်ပြေးတိမ်းရှောင်နေကြရတာ ဒီနေ့အထိပဲဖြစ်ပါတယ်။
ဒါ့အပြင် ဒေသခံတွေဟာ ဘေးလွှတ်ရာတွေကိုထွက်ပြေးချိန်မှာလည်း မိမိတို့ပိုင်ဆိုင်တဲ့တန်ဖိုးကြီးပစ္စည်းများကိုသယ်ယူနိုင်ခဲ့သူ များရှိပေမဲ့ အများစုသောစစ်ဘေးရှောင်တွေဟာ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ထွက်ပြေးခဲ့ကြရတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။
မန္တလေးမြို့မှာစစ်ဘေးရှောင်နေတဲ့ အမျိုးသမီးတစ်ဦးက“သူခိုးသောင်းကျန်းတာတော့ပြောမနေနဲ့။ ကျမတို့မထွက်ခင်ကတည်းကကို အဲ့တာတွေကတော့ ဆေးသမားတွေပေါ့လေ။ ခိုးတော့မယ်ဆိုသူတို့က အစုနဲ့အဖွဲ့နဲ့လုပ်ပြီးမှ လေးဂွတွေနဲ့အရင်ပစ်တာတဲ့။ အရင်ပစ်လို့ အဲ့အိမ်က အသံမပြုခဲ့ဘူးဆိုရင် အကုန်လုံးဝင်ပြီးမှခိုးတာပေါ့။ တချို့ရွာတွေမှာဆို ဟိုး ကျွန်းတွေမှာနေတဲ့အောက်ဖက်ကလာတဲ့သူတွေ။ လှေတွေနဲ့ကို လာခိုးတာတဲ့။ ကြောက်စရာကြီး။ ပြီးရင် မိန်းကလေးတွေပါခိုးနေကြတယ်တဲ့ သူခိုးမတွေပေါ့”လို့ပြောပါတယ်။

အုပ်စုဖွဲ့သောင်းကျန်းနေတဲ့ သူခိုးတွေဟာလည်း ကသာမြို့ခံ မူးယစ်ဆေးဝါးသုံးစွဲသူတွေအများစုဖြစ်ပြီး အဲ့ဒီသူခိုးအုပ်စုတွေထဲ အမျိုးသမီးတွေပါပါဝင်လာတယ်လို့ ဒေသခံတွေကပြောပါတယ်။
တစ်ဖက်မှာ ကသာမြို့တွင်းကဒေသခံအများစု ဘေးလွှတ်ရာတွေကိုထွက်ပြေးနေကြပေမဲ့လည်း သူခိုးရန်ကိုကြောက်လို့ မြို့တွင်း ကျန်ရစ်ကာ အိမ်စောင့်အဖြစ်နေရစ်ခဲ့သူတွေလည်း ရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
“သူခိုးရန်တွေကို ကြောက်လို့လည်း မြို့ထဲကနေ မထွက်တဲ့သူတွေကလည်းများတာ။ တချို့တွေဆိုရင်လည်း ဒီလိုဖြစ်မယ်ဆိုတာ လူတိုင်းသိတယ်။ ဒါပေမဲ့ ပစ္စည်းတွေကိုမသယ်နိုင်ကြဘူး။ သယ်ယူစရိတ်တွေကလည်း ရှိတယ်လေ။ အခုက ၃ သောင်းတန်တဲ့ ခရီးက ၃ သိန်းဖြစ်သွားတာ”လို့အထက်ပါ စစ်ဘေးရှောင်အမျိုးသမီးက ဆက်ပြောပါတယ်။
ကသာမြို့တွင်းကဒေသခံတွေဟာ ကသာမြို့ပြင် ဧရာဝတီမြစ် မြစ်ကမ်းနဘေးကကျေးရွာတွေ၊ မြစ်တစ်ဖက်ကမ်း ရှမ်းပြည်နယ် မဘိမ်း၊ ကချင်ပြည်နယ် မိုးညှင်း၊ မြစ်ကြီးနားမြို့တွေအပါအဝင် မန္တလေးမြို့တွေအထိ စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ သိရပါ တယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ စစ်အုပ်စုရွေးကောက်ပွဲ အပိုင်း ၁ ကို ကသာမြို့မှာကျင်းပနေချိန် တော်လှန်ရေးအင်အားစုတွေက စစ်အုပ်စုနေရာယူထားတဲ့စခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာကနေ ဒီနေ့အထိနှစ်ဖက်တပ်တွေအကြား တိုက်ပွဲဖြစ်ပွားနေသေး တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောကြပါတယ်။
ကသာမြို့နယ်အခြေနေဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုင်ငံတစ်ဝှမ်းမြို့သိမ်းတိုက်ပွဲတွေပြင်းထန်လာချိန်ကစလို့ တော်လှန်ရေးအင်အားစု တွေက ကသာမြို့ပြင်ကကျေးရွာတွေအများစုကိုထိန်းချုပ်ထားတာဖြစ်ပါတယ်။
၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းတွေအရ ကသာမြို့မှာ မြို့ပေါ် ရပ်ကွက် ၁၀ ခုနဲ့ကျေးရွာအုပ်စု ၃၂ ခုရှိပြီး လူဦးရေ ၁သိန်း၆သောင်း ကျောက်ရှိပြီး ကုန်းလမ်းရော ရေကြောင်းလမ်းအတွက်ပါ အချက်အချာကျတဲ့မြို့ဖြစ်ပါတယ်။
By – အမိုး



