မြစ်ကြီးနားမှာ နှစ်ပတ်အတွင်း အက်စီးဒင့် ၂၂ ကြိမ်ဖြစ်ပြီး သေဆုံးသူတစ်ဦးရှိ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဒီဇန်နဝါရီလ ၂ ပတ်အတွင်း အက်စီးဒင့် ၂၂ ကြိမ်ဖြစ်ခဲ့ပြီး သေဆုံးတစ်ဦးနဲ့ ထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိသူတွေလည်းရှိခဲ့တယ်လို့ မြစ်ကြီးနားမြို့ အခြေစိုက်လူမှုကယ်ဆယ်ရေးအသင်းတွေ ဆီကနေ သိရပါတယ်။
အက်စီးဒင့်ဖြစ်ပွားခဲတဲ့ ဖြစ်စဉ်၂၂ခုထဲမှာ အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးခဲ့ပြီး အနီရောင်အဆင့်လူနာ( ပြင်းထန်ဒဏ်ရာရရှိသူ) ၄ဦးနဲ့ အဝါရောင်အဆင့်(သာမန် ပွန်းပဲ့ဒဏ်ရာရရှိသူ) ၁၇ ဦးထိရှိခဲ့တယ်လို့ ဆိုပါတယ်။
“ပြီးခဲ့တဲ့လက မူးပြီးဆိုင်ကယ်လှဲတာတွေများပေမယ့် ဒီလကတော့ ဆိုင်ကယ်နဲ့ ကားတိုက်တဲ့ ဖြစ်စဉ်တွေ သိသိသာသာပိုများနေတယ်”လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့အဖွဲ့ရဲ့ အမျိုးသမီး အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
အက်စီးဒင့်ဖြစ်တဲ့လူတွေ အများစုဟာ အမျိုးသားတွေ ဖြစ်တယ်လို့ သိရပြီး အသက်၂၀နဲ့ ၃၀ ဝန်းကျင်အရွယ်တွေ ပိုများတယ်လို့ သူကရ ဆက်ပြောပါတယ်။

ဒါကြောင့် ကား၊ ဆိုင်ကယ်မောင်းနှင်တဲ့အချိန် သေချာသတိထားမောင်းနှင်သင့်တယ်လို့ မျိုးဆက်သစ် လူမှုကယ်ဆယ်ရေးအသင်းရဲ့ အဖွဲ့ဝင် အမျိုးသမီးတစ်ဦးက ခုလို တိုက်တွန်းထားပါတယ်။
“မဆင်မခြင်မောင်းတာတွေကို ပြုပြင်စေချင်တာပေါ့။ သူတို့တွေက ရမ်းကားပြီးမောင်းနေတော့ ကိုယ်တွေက ဘယ်လောက်ဂရုစိုက်ပြီးဘဲ မောင်းမောင်း သူတို့တွေကိုဘဲ ကြောက်နေရတော့လေနော”လို့ ဆိုပါတယ်။
အထက်မှာ ဖော်ပြထားတဲ့ အချက်အလက်တွေဟာ မြစ်ကြီးနားအခြေစိုက် လူမှုကယ်ဆယ်ရေးအသင်းတွေ ဆီကနေဘဲ လက်လှမ်းမှီသလောက် ကောက်ယူထားတာ ဖြစ်တဲ့အတွက် မြေပြင် အခြေအနေမှာတော့ ဒီထက်များနိုင်ပြီး အနည်းငယ် ကွဲလွဲမှုတွေ ရှိနေနိုင်ပါတယ်။
မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာ ၉ရက်နေ့ မနက် ၂နာရီခွဲအချိန် သားအဖ၃ယောက် ထင်းစည်း ရုပ်ထုအနီးနား မန်ခိန်လမ်းဆုံက တိုင်တစ်တိုင်ကို ခန့်မှန်းချေ နှလုံးထိန်းစက် တပ်ထားတဲ့ အသက် ၅၀ကျော်အရွယ် အမျိုးသားကနေပြီးတော့ ခရောင်းကားအဖြူရောင်နဲ့ အရှိန်ပြင်းစွာ တိုက်မိခဲ့ပြီး နှလုံးထိန်းစက် ပျက်စီးကာ အဲနေမှာတင် ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။
လက်ရှိ မြစ်ကြီးနားမြို့မှာ ယာဥ်တိုက်မှုတွေကတော့ တစ်ပတ်ကို အနည်းဆုံး၃ကြိမ်လောက်ထိ ဖြစ်နေပြီး ညသန်းခေါင်ယံ အချိန်တွေမှာ ပို အဖြစ်များလာတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
ဒါအပြင် ယာဥ်တိုက်မှုတွေဟာ နှစ်ကုန်ခါနီးအချိန်တွေနဲ့ ခုလို နှစ်အစပိုင်းတွေမှာ ပိုအဖြစ်များလေ့ရှိတာဖြစ်ပြီး သေဆုံးသူတွေလည်း ရှိတတ်တဲ့အတွက် အရက်သေစာမသောက်စားဘဲ ယာဥ်စည်းကမ်း သေချာလိုက်နာပေးဖို့ လူမှုကယ်ဆယ်ရေးအသင်းတွေကနေ သတိပေးထားတာဘဲ ဖြစ်ပါတယ်။
By – Hope



