ဝိုင်းမော်မှာ ၃ ပတ်အတွင်း မူးယစ်ဆေးရှော့စ်ကြောင့် အမျိုးသား ၄ ဦးသေဆုံး
ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ ၃ ပတ်အတွင်း မူးယစ်ဆေးသုံးစွဲပြီးရှော့ဖြစ်လို့ သေဆုံးသူအမျိုးသား ၄ ဦးထိရှိခဲ့တယ်လို့ ဝိုင်းမော်မြို့အခြေစိုက်မွန်မြတ်စေတနာ လူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။
ဒီသေဆုံးမှု အားလုံးဟာ ဒီနှစ် ၂၀၂၆ ဇန်နဝါရီအတွင်းမှာဘဲ ဖြစ်ခဲ့တာလို့ သိရပြီး သေဆုံးသူ အမျိုးသားအားလုံး အသက် ၃၀ ဝန်းကျင်အရွယ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီထဲက နှစ်ဦးရဲ့အလောင်းကိုနောင်တာလောဘက်မှာတွေ့ရှိခဲ့ပြီး နောက်ထပ်နှစ်ဦးရုပ်အလောင်းကို ခတန်(ရှမ်းရွာ)နဲ့ မိုင်းနားကျေးရွာ ဟိုးလော်ရပ်ကွက် ၄ မှာတွေ့ရှိခဲ့တယ်လို့ သိရှိရပါတယ်။
“ပိုင်ရှင်တစ်ယောက်ကတော့ ရောက်လာတယ်။ ကျန်တာတွေတော့ မရောက်လာဘူး။ကျန်တာက ပိုင်ရှင်မဲ့ရုပ်အလောင်းတွေ”လို့ ဆိုပါတယ်။
ပိုင်ရှင်မပေါ်တဲ့ ရုပ်အလောင်းတွေကိုတော့ ပိုင်ရှင်မဲ့အနေနဲ့ဘဲ မြုပ်နှံလိုက်တယ်လို့ ပြောပါတယ်။

ဝိုင်းမော်မှာ အရင်နှစ်တွေဆို ဝိုင်းမော်မြို့ပေါ်ရပ်ကွက်ဖြစ်တဲ့ ရပ်ကွက်(၂) ရှိ အခြေခံပညာအထက်တန်းကျောင်းဖြစ်တဲ့ အထက (၁) ကျောင်းရဲ့ဘေးပတ်ပတ်လည်လမ်းတွေမှာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲတဲ့သူတွေ အုပ်စုလိုက် ၅ ဦးကနေ ၁၀ ဦးဝန်းကျင်ထိ နေ့တိုင်း လာရောက်သုံးစွဲနေခဲ့ကြပေမယ့် လတ်တလောမှာတော့ လျော့နည်းသွားပြီလို့ သိရပါတယ်။
ဒါပေမယ့်လည်း လက်ရှိမှာတော့ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူတွေဟာ ဝါရှောင်အဆင်း နန့်မြစ်ချောင်းဘက်မှာ ပိုမိုများပြားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဒီကျောင်းအနီးတစ်ဝိုက်က သိပ်မရှိတော့ဘူး။ ချောင်းနံဘေးဘက်ပိုများလာတယ် အဲနေရာတွေမှာက လွတ်လွတ်လပ်လပ်နေရာကောင်းတယ်လေ။ အဲကြောင့် အဲဘက်ကို ပြောင်းသွားကြတာဖြစ်နိုင်တယ်”လို့ မြို့ခံအမျိုးသားတစ်ဦး ပြောပါတယ်။
ကချင်ပြည်နယ်မှာ စစ်ကောင်စီ အာဏာမသိမ်းခင်က ကချင်တိုင်းရင်းသားတွေ ဖွဲ့စည်းထားတဲ့ မူးယစ်ဆေးဝါးတိုက်ဖြတ်ရေးအဖွဲ့ (Pat Jasan) ရှိခဲ့ပြီး မူးယစ်ဆေးဝါးတိုက်ဖြတ်မှုတွေကို အင်တိုက်အားတိုက်လုပ်လုပ်ခဲ့သလိုမူးယစ်ဆေးဝါးဆေးစွဲနေတဲ့ သူတွေကိုလည်း ဘိန်းဖြတ်စခန်းက တစ်ဆင့် ဘိန်းဖြတ်ပေးတာတွေကိုပါ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း အာဏာသိမ်းပြီးနောက်မှာတော့ စစ်တပ်ကနေပြီးတော့ လူအုပ်စုဖွဲ့တာကို တားမြစ်မှုတွေ ပြုလုပ်လာတဲ့အတွက် အရင်လို မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေကို ဖမ်းဆီးဖို့ ပိုမိုခက်ခဲလာတယ်လို့ Pat Jasanအဖွဲ့တွေဆီမှာ ပါဝင်ခဲ့ဖူးသူတွေက ဆိုပါတယ်။
ကုလသမဂ္ဂမူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုနှိမ်နင်းရေးအဖွဲ့ (UNODC) ၂၀၂၄ ဒီဇင်ဘာ၁၂ရက်နေ့ရဲ့ ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံဟာ ၂၀၂၃ ခုနှစ်ထက် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပေမယ့်လည်း ကမ္ဘာ့ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံအဖြစ် ဆက်လက်ရပ်တည် နေတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ ဒီနှစ်အတွင်း ဘိန်းစိုက်ပျိုးတဲ့ ဧရိယာ ၄၅,၂၀၀ ဟက်တာ ရှိခဲ့ပြီး ရှမ်းပြည်နယ်မှာတော့ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ၈၈ရာခိုင်နှုန်းလောက်ရှိပြီး တစ်နိုင်ငံလုံးမှာ အများဆုံးဖြစ်တယ်လို့ သိရပါတယ်။
By – Hope



