ရွှေမှော် လက်လုပ်လက်စားများ ဖမ်းဆီးခံနေရမှုကြောင့် အငြင်းပွားမှု ဖြစ်ပေါ်နေ

ဆော့လော်မြို့နယ် လန်ဆယ်ရွှေမှော်မှာ ကုမ္ပဏီ နယ်နမိတ်အနီး ရွှေလာတူးတဲ့ လက်လုပ်လက်စားတွေ နဲ့ ကုမ္ပဏီစောင့် တပ်ဖွဲ့တွေကြား အငြင်းပွားမှု နဲ့ ဖမ်းဆီးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
လန်ဆယ် ရွှေမှော်မှာ လက်လုပ်လက်စား လုပ်ကိုင်နေသူတွေ ပြောဆိုချက်အရ ကုမ္ပဏီကနေ တူးဖော်ထုတ်ယူပြီးသား အကြွင်းအကျန် မြေစာပေါ်မှာ လိုက်လံရှာဖွေတူးဖော်ကြပေမယ့် ဖမ်းဆီးခံရမှု ရှိနေတယ်လို့ ဆိုပါတယ်။
လန်ဆယ်မှာ အလုပ်လုပ်နေသူ အမျိုးသမီးတစ်ဦးက “ကုမ္ပဏီတွေ စွန့်ပစ်ထားတဲ့ဟာ၊ သူတို့မလိုတော့တဲ့ဟာတွေကို လာရှာတာ၊ လာကောက်တာတွေကို ဖမ်းတယ်။ အဘွားအရွယ်မိခင်တွေကိုလည်း ဖမ်းပြီး ထောင်လိုဟာမျိုးမှာ ထည့်ထား၊ အဝတ်အစား လဲဖို့လည်း မပါဘူး။ တချို့ဆို ဘာမှတောင် မကောက်ရသေးဘူး၊ ရပ်ပဲ ရပ်ရသေးတယ် သူတို့ရဲ့နေရာ၊ သူတို့ ဧရိယာမှာ နင်းတယ်ဆိုပြီး ဖမ်းသွားတာတွေလည်း ပါတယ်။” လို့ ပြောပါတယ်။
ဒါ့အပြင် “ဖမ်းသွားတဲ့ ကျား၊ မ အားလုံးကို အဲတစ်နေရာမှာပဲ စုပြီး အားလုံးရော ရိရောရာထား၊ အဲမှာပဲ အိပ်၊ အပေါ့၊ အလေး သွားချင်တယ်ဆိုလည်း မဖွင့်ပေးဘူး။ အပျိုမလေးတစ်ယောက်ဆို ကျွတ်ကျွတ်အိတ်မှာပဲ၊ ယောကျ်ားထုကြီးရှေ့မှာ ကျွတ်ကျွတ်အိတ်ပဲခံပြီး သေးပေါက်လိုက်ရတာရှိတယ်။” လို့ သူက ဆက် ပြောပါတယ်။
ကန့်သတ်နယ်မြေတွေအတွင်း ရွှေတူးဖော်မှုကြောင့် ဖမ်းဆီး ခံရသူတွေကို ကျား၊ မ သီးသန့် ခွဲထားခြင်းဘဲ ထိန်းသိမ်းထားမှုတွေက လူ့အခွင့်အရေး ချိုးဖောက်မှုမြောက်တယ်လို့လည်း ထောက်ပြ ပြောဆိုနေကြပါတယ်။
လန်ဆယ်ဒေသကို စစ်တပ်အောက် ပြည်သူ့စစ်လက်ထဲ ကနေ ကချင်လွတ်လပ်ရေးတပ်မတော်-KIA က ၂၀၂၄ နှစ်ကုန်ပိုင်းက သိမ်းပိုက်လိုက်ပြီးနောက် လပိုင်းအကြာ ရွှေမှော်တွေကို ပိတ်လိုက်တာဖြစ်ပါတယ်။ အဲဒီနောက် တရုတ် ‘၀’ကုမ္ပဏီတွေနဲ့ လက်တွဲပြီး ရွှေတူးဖော်မှုတွေကို KIO က ဆက်လက်လုပ်ကိုင်ကာ လက်လုပ်လက်စား နဲ့ ဒေသခံပြည်သူတွေအတွက် မြေနေရာ သီးသန့်သတ်မှတ်ပေးခဲ့တာ လို့ သိရပါတယ်။

လန်ဆယ်ဒေသမှာ အခြေချထားတဲ့ အမည်မဖော်လိုသူ KIA အရာရှိတစ်ဦးပြောဆိုချက်အရ လက်လုပ်လက်စား ပြည်သူတွေဟာ သတ်မှတ်ထားတဲ့ နေရာထက်ကျော်လွန်ပြီး ကုမ္ပဏီနယ်နမိတ်အထိ တူးဖော်လာတဲ့အတွက် ဖမ်းဆီးမှုတွေ ရှိနေတာလို့ ပြောဆိုပါတယ်။
“လက်လုပ် လက်စားတွေ၊ ပြည်သူတွေဘက်က ကုမ္ပဏီတွေ၊ သူများရဲ့ လုပ်ကွက်တွေမှာ လာလာခိုးတူးတာတွေကြောင့် ဖမ်းဆီးချုပ်နှောင်တာတွေ လုပ်တာဖြစ်တယ်။ အဲဒီ ‘ဆွတ်ကဘာ’ ကုမ္ပဏီရဲ့ ဧရိယာတွေမှာ လာခိုးတူးတာ။ ရွှေမြေစာတွေ လာထုတ်ယူတာတွေ လုပ်တာကြောင့် ဒူကဘာ ဂျာလီအောင် ရဲ့လူတွေ ဖမ်းဆီးကြတာ ဟုတ်တယ်။ လန်ဆယ်က ရွှေက ကျောက်ရွှေဖြစ်တယ်။ ကျောက်ရွှေက မြစ်ကြီးနားကလို မျောရွှေနဲ့ မတူဘူး။ ဒီဘက်က ရှာရခက်တယ်။ အကြောတွေ့ရင်တောင် တူးဖို့ကျ အရင်းအနှီးများတယ်လေ။ ဒါကြောင့် အဲလို အရင်းအနှီးများတဲ့နေရာ ကုမ္ပဏီတွေတူးတဲ့နေရာတွေမှာပဲ အကြောမိတယ်လေ။ ဆိုတော့ အဲလိုနေရာတွေမှာ လက်လုပ်လက်စားတွေလည်း လာတူးယူတာ၊ ထုတ်ယူတာတွေရှိတယ်လေ။ လက်လုပ်လက်စားတွေအတွက် သီးသန့် နေရာသတ်မှတ်ထားတဲ့နေရာတွေမှာတော့ သွားမလုပ်ကြဘူး”လို့ လန်ဆယ်ဒေသ KIA အရာရှိတစ်ဦးက ပြောပါတယ်။
ကုမ္ပဏီတွေဟာ တူးဖော်ထုတ်ယူထားတဲ့ ရွှေမြေစာတွေအားလုံးကို ကန်းဖန် မှာ သယ်ယူ ကျိုချက်ပြီးမှ ရွှေထုတ်ယူတာလို့ သိရပါတယ်။
လက်လုပ် လက်စားပြည်သူတချို့က ကုမ္ပဏီအစောင့်တွေကို ငွေပေးထားပြီး တူးယူခွင့် ရှိနေသလို တချို့ကတော့ ကုမ္ပဏီဂိတ် တစ်ခုမှာ ငွေပေးနိုင်ပေမယ့် နောက်တစ်ခုမှာ မပေးနိုင်တဲ့အတွက် နယ်နမိတ်ကျော် ရွှေခိုးတူးမှုနဲ့ ဖမ်းဆီးခံရတာတွေရှိတယ်လို့ သိရပါတယ်။
“အရင်ပြည်သူ့စစ်ခေတ်က ကုမ္ပဏီဆိုပေမဲ့ ကုမ္ပဏီစောင့်တဲ့ ပြည်သူ့စစ် စစ်သားတွေနဲ့ အတွင်းပိုင်းညှိ၊ လာဘ်စားလာဘ်ယူလုပ်၊ ငွေပေးပြီး ခိုးတူးစားလို့ ရတယ်လေ။ အခု KIO အောက်မှာတော့ အဲလိုမျိုး ခိုးတူးစားလို့ မရတော့တဲ့အခါကျတော့ အားလုံးက ညော်နေကြတာ အဲတာကြောင့်လေ။ ပြည်သူ့စစ်ခေတ်မှာက ကုမ္ပဏီစောင့်တဲ့ စစ်သားတွေကို ငွေခိုးပေးပြီး လာခိုးတူးလုပ်စားလို့ ရကြတော့ အရမ်းအဆင်ပြေခဲ့တယ်လို့ ခံယူကြတယ်လေ” လို့ လန်ဆယ်ရောက် အမည်မဖော်လိုသူ KIA အရာရှိက ဒေသတွင်းအခြေအနေကို ပြောပြ ပါတယ်။
၂၀၂၅ ခုနှစ် ဩဂုတ်လမှာလည်း ရွှေခိုးတူးတယ်လို့ စွပ်စွဲပြောဆိုတာကြောင့် လန်ဆယ်ဒေသ KIA အရာရှိ ဗိုလ်ကြီး ဂျာလီအောင် နဲ့ အမျိုးသမီးတစ်ဦးကြား ရိုက်နက်မှုအထိ ပြဿနာဖြစ်ပွားခဲ့ဖူးပါတယ်။
လန်ဆယ် ရွှေတူးဖော်မှုတွေ နဲ့ ဘဏ္ဍာရေးကိစ္စရပ်တွေကို KIO ဌာနချုပ်က တိုက်ရိုက် ကိုယ်တွယ်နေသလို ရွှေလုပ်ကွက်တွေနဲ့ ကုမ္ပဏီတွေအတွက် လုံခြုံရေးကိုလည်း သီးခြားတပ်ဖွဲ့က တာဝန်ယူထားတာ ဖြစ်ပါတယ်။
အဲဒီလုံခြုံရေး တာဝန်ယူထားတဲ့ KIA တပ်ဖွဲ့ရဲ့ ပြည်သူတွေအပေါ် ဆက်ဆံနေမှုကို လက်ခံဖို့ ခက်ခဲတဲ့အတွက် KIO ဌာနချုပ်က သေချာ စီစစ် ကြပ်မတ်ပေးဖို့ လန်ဆယ်ကို ရွှေတူးဖို့ ရောက်ရှိလာကြတဲ့ ပြည်သူတွေက တောင်းဆိုနေကြပါတယ်။
By – ဂျာဘောက်ရာ




