မြစ်ကြီးနားမှာ တစ်လအတွင်း မီတာခ သုံးဆကျော်မြင့်တက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ လျှပ်စစ်မီတာခတွေ တစ်လအတွင်း သုံးဆကျော်အထိ မြင့်တက်လာတယ်လို့ မြို့ခံပြည်သူတွေထံက သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ပုံမှန်ကျပ် ၃ သောင်းကနေ ၅ သောင်းဝန်းကျင်သာ ကျသင့်တဲ့ နေအိမ်မီတာခတွေဟာ ကျပ် ၂ သိန်းဝန်းကျင်အထိ မြင့်တက်လာတာတွေ ရှိတယ်လို့ မြစ်ကြီးနားမြို့ခံတစ်ဦးက ပြောပါတယ်။
“အခုက မီတာခတွေ အကုန်လုံးဆီမှာ တက်တယ်လို့ ပြောနေကြပြီး မီတာစာရွက် ပြန်ရောက်လာတော့ ခါတိုင်း ၅ သောင်းလောက်ပဲကျတာကို ဒီတစ်ခေါက်က ၁ သိန်း ၈ သောင်းဆိုတော့ ကျွန်မလည်း တစ်ခေါက်မှ မဆောင်ဖူးတော့ အံ့ဩနေတာပေါ့”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
ယူနစ်သုံးစွဲမှုအရလည်း ပုံမှန် ၂၀၀ ကနေ ၃၀၀ ယူနစ်ကြားသာ သုံးစွဲတဲ့ နေအိမ်တချို့မှာ ရုတ်တရက် ၇၀၀ ယူနစ်ကျော်အထိ တိုးလာတာတွေ ရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် တစ်ချို့နေအိမ်တွေမှာ မီတာယူနစ်ကို လာရောက်ဖတ်ရှုတာ မတွေ့ရဘဲ မီတာစာရွက်ရောက်လာချိန်မှာ ယူနစ်နဲ့ မီတာခ အဆမတန် မြင့်တက်နေတယ်လို့ ပြောပါတယ်။
“မနက်ကနေ ညနေအထိ ခြံတံခါးကြီး သော့ခတ်ထားတာကို သူတို့က ဘယ်နားကဝင်ပြီး မီတာဖတ်သွားတာလဲ ၈ သောင်းကျော်တောင် ကျတယ်။ အိမ်မှာ မီးပူတိုက်၊ ထမင်းဟင်းချက်၊ ရေခဲသေတ္တာဖွင့်ပြီး ၈ သောင်းကျော်ကျတာ လက်ခံတယ်။ ရေကလည်း နှစ်ရက်မှ တစ်ခါတင်တယ်၊ မီးပူလည်း တိုက်စရာမလိုဘူး၊ အဝတ်က အိမ်မှာမလျှော်ဘူး၊ ထမင်းဟင်းလည်း နေ့တိုင်းမချက်ဘူး” လို့ အခြားမြို့ခံတစ်ဦးက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
လက်ရှိ လျှပ်စစ်မီတာခနှုန်းထားအရ ၁ ယူနစ်ကနေ ၅၀ ယူနစ်အထိ တစ်ယူနစ် ၅၀ ကျပ်၊ ၅၁ ယူနစ်ကနေ ၁၀၀ ယူနစ်အထိ ၁၀၀ ကျပ်၊ ၁၀၁ ယူနစ်ကနေ ၂၀၀ ယူနစ်အထိ ၁၅၀ ကျပ်နဲ့ ၂၀၁ ယူနစ်နဲ့အထက်ကို တစ်ယူနစ် ၃၀၀ ကျပ်နှုန်းနဲ့ တွက်ချက်နေတယ်လို့ သိရပါတယ်။
ဥပမာ ၇၀၀ ယူနစ် သုံးစွဲပါက ပထမ ၂၀၀ ယူနစ်ကို သတ်မှတ်ထားတဲ့ အဆင့်လိုက်နှုန်းထားတွေနဲ့ တွက်ချက်ပြီး ကျန် ၅၀၀ ယူနစ်ကို တစ်ယူနစ် ၃၀၀ ကျပ်နှုန်းနဲ့ တွက်ချက်တာ ဖြစ်ပါတယ်။
မီတာယူနစ်နဲ့ မီတာခ ရုတ်တရက်မြင့်တက်လာတဲ့ ဖြစ်စဉ်တွေဟာ ပြီးခဲ့တဲ့လတွေမှာ တစ်အိမ်၊ နှစ်အိမ်လောက်သာ တွေ့ရပေမယ့် ဇူလိုင်လအတွင်းမှာတော့ လူမှုကွန်ရက်ပေါ်ကနေ အလားတူဖြစ်ရပ်တွေကို ပြည်သူအများအပြားက ရေးသားဖော်ပြလာကြတယ်လို့ သိရပါတယ်။
မီတာယူနစ် ရုတ်တရက်မြင့်တက်လာရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး KNG က ဘူးဂါးလျှပ်စစ်ရုံး တာဝန်ရှိသူတစ်ဦးကို ဆက်သွယ်မေးမြန်းထားပေမယ့် ၅ ရက်ကြာတဲ့အထိ ပြန်လည်ဖြေကြားလာခြင်း မရှိသေးပါဘူး။
By – Hope



