မေခမြစ်ကို ဝါးမြိုနေတဲ့ ရွှေဖောင်များ

By - Zami ရေးသားသည်။

ညနေစောင်းချိန် မေခမြစ်ပေါ်မှာ စက်အင်ဂျင်သံတွေ မရပ်မနားကြားနေရတယ်။

တစ်ချိန်က ကြည်စိမ်းနေတဲ့ ဒီမြစ်ရေဟာ အခုတော့ နွံထနေတဲ့ရွှံရောင်အဖြစ် ရွှေဖောင်ကြီးတွေက ပြောင်းလဲပေးလိုက်ပြီဖြစ်ပါတယ်။

အရင်ကဆို မေခမြစ်က ကြည်စိမ်းနေတာပဲ။ရေအောက်ကကျောက်တုံးတွေတောင်မြင်ရတယ် အခုတော့ ရွှံ့ရောင်ပြောင်းသွားပြီလို့ ဒေါ်ဘောမ်နမ်က (အမည်လွှဲပြောပါတယ်။

အသက် ၅၇ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်ဘောမ်နမ်ဟာ သားတစ်ယောက်မိခင်ဖြစ်ပြီး ချီဖွေမြို့ မရောက်ခင် ၁၀ မိုင်အကွာမှာရှိတဲ့ မေခမြစ်ဘေး ရှန်းကျော်ရွာဒေသခံတစ်ဦးဖြစ်ပါတယ်။

မိသားစုစားဝတ်နေရေးအတွက် မြစ်ဘေးကျောက်ဆောင်တွေကြားက သဲနဲ့ ကျောက်စရစ်တွေကို လက်နဲ့တူးပြီး အင်ဝိုင်းအသုံးပြုကာ အသေးစား ရွှေကျင်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။

ဒါပေမယ့် သူမကတော့ မေခမြစ်ပေါ် အခုလို စက်ယန္တရားကြီးတွေနဲ့ မြစ်ကြောင်းတစ်ခုလုံး ပျက်စီးသွားတဲ့အထိ ရွှေတူးဖော်နေကြတာကို ကြည့်ရင်း စိတ်မကောင်းဖြစ်နေပါတယ်။

နေ့ညမနားတမ်း တူးနေတော့ ကြည့်ရတာ စိတ်မကောင်းဘူး။ မေခမြစ်က တကယ်ပျက်စီးသွားပြီ” လို့ သူမက ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ အသက်သွေးကြောလို့ တင်စားကြတဲ့ ဧရာဝတီမြစ်ဟာ မေခနဲ့ မလိခမြစ် ပေါင်းဆုံရာကနေ စတင်ဖြစ်ပေါ်လာ တာပါ။ ဒီမြစ်နှစ်စင်းက ကချင်ဒေသရဲ့ သဘာဝအလှ၊ လူနေမှုဘဝနဲ့ ယဉ်ကျေးမှုကို ကိုယ်စားပြုတဲ့ မြစ်တွေဖြစ်သလို ဒေသခံတွေအတွက်တော့ အသက်မွေးဝမ်းကျောင်းနဲ့ အမှတ်တရတွေ စီးဆင်းနေတဲ့ မြစ်တွေလည်း ဖြစ်ပါတယ်။

ဒီဆောင်းပါးမှာတော့ မေခမြစ်ပေါ်ကပြောင်းလဲလာတဲ့ရွှေတူး​ဖော်မှုနဲ့အတူ ဒေသခံတွေရဲ့လူမူဘဝမှာ သက်ရောက်မှုတွေကိုမြင်တွေ့ရမှာ ဖြစ်ပါတယ်။

လက်ကျင်းကနေ စက်ယန္တရားဆီသို့ ပြောင်းလဲလာတဲ့ မေခမြစ်ပေါ်ရွှေတူးဖော်မှု

မြန်မာတရုတ်နယ်စပ်အနီး တောင်တန်းဒေသတွေကနေ စီးဆင်းလာတဲ့ မေခမြစ်ဟာ ရေခဲတောင်ဒေသနဲ့ တောင်ကျချောင်းရေတွေ ပေါင်းစည်းထားတဲ့ မြစ်တစ်စင်း ဖြစ်ပါတယ်။  

မေခမြစ်ရေဟာ မလိခမြစ်ထက် ရေစီးပိုကြမ်းပြီး ရေပိုအေးသလို ရှေးယခင်ကတည်းက ဒေသခံတိုင်းရင်းသားတွေရဲ့ အသက်မွေးဝမ်းကျောင်းနဲ့ ချိတ်ဆက်နေပါတယ်။

မြို့ပြနဲ့ အလှမ်းဝေးပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲလှတဲ့ ဒေသခံတိုင်းရင်းသားတွေဟာ လယ်ယာ၊ တောင်ယာလုပ်ငန်းတွေ လုပ်ကိုင်ကြသလို အားလပ်ချိန်တွေမှာတော့ မြစ်ကမ်းတစ်လျှောက် အသေးစား ရွှေကျင်ပြီး အပိုဝင်ငွေရှာကြတာပါ။

ဒါပေမယ့် အဲဒီချိန်က ရွှေတူးဖော်မှုကို လက်ကျင်းတူးဖော်တဲ့ ပုံစံသာဖြစ်တဲ့အတွက် မြစ်ရဲ့ သဘာဝစီးဆင်းမှုကို ကြီးကြီးမားမား ထိခိုက်မှုမရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။ 

သိုသော် ၁၉၉၀ ခုနှစ်ဝန်းကျင်ကစပြီး ရှငေါ်၊ မန်ဒေါင်၊ ခဝမ်နဲ့ ရှန်းကျော်စတဲ့ ကျေးရွာတွေတစ်လျှောက် စက်တဲ့တူးတဲ့စနစ်တွေ စတင်အသုံးပြုလာကြတယ်လို့ ဒေသခံတွေပြောပါတယ်။

အရင်တုန်းကတော့ လက်နဲ့တူးတာများတယ်။ နောက်ပိုင်းမှ ရေစုပ်စက်နဲ့ သဲ၊ ကျောက်စရစ်တွေကို စုပ်ယူပြီး မျောတိုက်တဲ့ပုံစံတွေ ဖြစ်လာတာ လို့ ခဝမ်ဒေသခံ ဦးရယ်ခေါင် (အမည်လွှဲက ပြောပါတယ်။

၂၀၁၀ နောက်ပိုင်းမှာတော့ မေခမြစ်တစ်လျှောက် မြစ်ကမ်းပါးမှာ ဒီဇင်အင်ဂျင်သုံး စုပ်စက်နဲ့သဲ၊ကျောက်တွေကို ရွံတွေကို ရေစုပ်ပိုက်နဲ့အားပြင်းပြင်းစုပ်ယူတဲ့ တူးဖော်မှုကိုပိုမိုသုံးလာကြသလို  နောက်ပိုင်း ၂၀၁၅ ၂၀၁၆ ခုနှစ်ဝန်းကျင်မှာ စက်ယန္တရားအသုံးပြုတဲ့ အကြီးစားရွှေတူးဖော်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ချီဖွေမြို့နယ်၊ ရှငေါ်ကျေးရွာရှိ မေခမြစ်ကမ်းနေဘေး ဇန်နဝါရီလ ၂၀၂၆ မြင်ကွင်း

အဲဒီရွှေဖောင်တွေမှာ ဒီဇယ်အင်ဂျင်သုံး မြေစုပ်စက်ကြီးတွေ၊ ရေစုပ်စက်တွေ၊ ရွှေခွဲစက်တွေ တပ်ဆင်ထားပြီး မြစ်ကြမ်းပြင်အောက်က သဲ၊ ကျောက်စရစ်နဲ့ နုန်းမြေတွေကို စုပ်ယူတူးဖော်ကြတာ ဖြစ်ပါတယ်။

ထို့နောက် စုပ်ယူလာတဲ့ မြေစာတွေကို ဖောင်ပေါ်မှာ ရေဆေးခွဲပြီး ရွှေမှုန်တွေကို ထုတ်ယူကာ ကျန်တဲ့ ရွှံ့နွံတွေကို မြစ်ထဲ ပြန်စွန့်ပစ်ကြတာပါ။

ဒီလိုလုပ်ငန်းစဉ်တွေကြောင့် မေခမြစ်ရေဟာ တစ်နှစ်ထက်တစ်နှစ် ပိုမိုနွံထလာပြီး ခုဆိုရင် ၁၂ ရာသီ နွံရောင်ဖြစ်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။

ရေက အရင်လို ကြည်တဲ့ရေ မဟုတ်တော့ဘူး။ ရွှံ့ရေတွေ ဖြစ်နေပြီလို့ ဒေါ်ဘောမ်နမ်က ပြောပါတယ်။

အထူးသဖြင့် နွေရာသီ ရေကျချိန်မှာ ရွှေဖောင်တွေ အများဆုံးဝင်ရောက်တူးဖော်ကြပြီး တချို့ဖောင်တွေဆိုရင် ညဘက်အထိ မီးထွန်းကာ မနားတမ်း တူးဖော်နေကြတယ်လို့ သိရပါတယ်။

လက်ရှိမှာ ဒွန်ဘန်၊ မန်ဒေါင်၊ ခဝမ်၊ ယုဇန၊ ရှန်းကျော်၊ ရှငေါ်နဲ့ ဂျူဗလီကျေးရွာတစ်လျှောက်မှာ ရွှေတူးဖော်မှုတွေ အများဆုံးတွေ့ရပြီး ရွှေဖောင်အရေအတွက် တစ်ရာထက်မနည်းရှိနိုင်တယ်လို့ ချိီဖွေဒေသခံသဘာဝပတ်ဝန်းကျင် စောင့် ကြည့်သူတွေက ခန့်မှန်းပါတယ်။

ရွှေတူးခြင်းနောက်မှာ ဘာတွေဖြစ်လာသလဲ

ရာနဲ့ချီတဲ့ ရွှေဖောင်တွေကနေ ထွက်လာတဲ့ အင်ဂျင်ဆီ၊ ဒီဇယ်ဆီနဲ့ ရွှေခွဲရာမှာ အသုံးပြုတဲ့ ပြဒါး ဓာတုပစ္စည်းတွေဟာ မေခမြစ်ထဲကို နှစ်ပေါင်းများစွာရှိနေပြီ ဖြစ်ပါတယ်။

ဝိုင်းမော်မြို့နယ်က ဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာ ကိုဂျိမ်း (အမည်လွှဲကတော့ ပြဒါးအဆိပ်သင့်ရေတွေကို ရေရှည်အသုံးပြုမိရင် ကျောက်ကပ်ရောဂါ၊ အာရုံကြောအားနည်းမှုနဲ့ မွေးရာပါ ချို့ယွင်းချက်တွေ ဖြစ်လာနိုင်တယ်လို့ သတိပေးပါတယ်။

ခုနောက်ပိုင်း ကျနော်တို့မှာ ၁၀ ယောက်မှာ  ယောက်လောက်က ကျောက်ကပ်ရောဂါဖြစ်လာကြတယ်။ ဒါက ဒီပြဒါးရေ၊ မသန့်ရှင်းတဲ့ သဲမှုန်တွေပါတဲ့ရေကို သောက်မိရာကနေ ဖြစ်တာလို့ပြောလို့ရပါတယ်။ အဆိပ်သင့်ရေကို သောက်မိရင် လူတွေမှာ အရာဝတ္ထုတွေ ကိုင်တဲ့အချိန် လက်မမြဲတာမျိုး၊ အကြောအားနည်းတာမျိုးတွေ ဖြစ်လာနိုင်တယ် လို့ သူက ပြောပါတယ်။

ရွှေတူးဖော်မှုကြောင့် ရလာတဲ့ အကျိုးဆက်တွေဟာ လူတွေရဲ့ကျန်းမာရေးကို များစွာထိခိုက်နေတယ်လို့ သူက ဆိုပါတယ်။

နောက်ထပ် သဘာဝပတ်ဝန်းကျင် လှုပ်ရှားသူတွေကလည်း ရွှေတူးဖော်မှုတွေကြောင့် မေခမြစ်ထဲက ငါးမျိုးစိတ်တွေလည်း မျိုးသုံးပျောက်ကွယ်သွားပြီလို့ ပြောကြပါတယ်။

ချောင်းငါး၊ မြစ်ငါးက အရမ်းရှားပါးသွားပြီ။ ဒီရွှေတူးတဲ့အချိန် သုံးတဲ့ ပြဒါးတွေ၊ ဒီဇယ်ဆီတွေ နှစ်ပေါင်းများစွာ မြစ်ထဲစီးဝင်နေတာမှာ ငါးတွေ ဘယ်လိုရှင်သန်နိုင်တော့မလဲ လို့ မန်ဒေါင်ဒေသခံ သဘာဝအရေးတက်ကြွလှုပ်ရှားသူ ဦးဘောမ်ဇုန်းက ပြောပါတယ်။

အရင်က မေခမြစ်က ငါးတွေကို အားထားစားသောက်ခဲ့ကြတဲ့ ဒီဒေသခံတွေဟာ အခုတော့ တရုတ်ဘက်က ဝင်လာတဲ့ မွေးငါးနဲ့ ရေခဲငါးတွေကိုသာ ဝယ်ယူစားသောက်နေရပါတယ်။

ဒါ့အပြင် ရွှေတူးဖော်မှုတွေ မများခင်က ဒီမြစ်ရေဟာ ဒေသခံတွေအတွက် သောက်သုံးရေအဖြစ် အားထားခဲ့ရတဲ့ ရေအရင်းအမြစ်တစ်ခု ဖြစ်ခဲ့ပေမယ့် အခုတော့ ဒီ မြစ်ရေကို မသုံးရဲတော့ဘူးလို့ ပြောကြပါတယ်။

ခုမိုးတွင်းဖြစ်ဖြစ် နွေဖြစ်ဖြစ် ဒီမြစ်ရေက သုံးလို့ကိုမရတော့တာ။ ရေက လက်ဖက်ရည်လိုအရောင် ဖြစ်နေတယ်။ သောက်လို့လည်းမရ၊ အဝတ်လျှော်ဖို့တောင် မသင့်တော့ဘူး” လို့ ရှန်းကျော်ဒေသခံ ကိုအဇောင်း (အမည်လွှဲက ပြောပါတယ်။

နောက်ထပ် ရွှေတူးဖော်ရာမှာ အသုံးပြုတဲ့ စက်ယန္တရားကြီးတွေဟာ မြစ်ကြမ်းပြင်အောက်က သဲနဲ့ ကျောက်စရစ်တွေကို အဆက်မပြတ် စုပ်ယူနေတဲ့အတွက် မြစ်အောက်ခြေကြမ်းပြင်ပြောင်းလဲာလာခြင်းနဲ့အတူ၊ မြစ်ကမ်းပါးပြိုကျတာ၊ ရေလမ်းကြောင်းပြောင်းလဲတာပိုဆိုးလာနေသို ဒေသခံတွေရဲ့စိုက်ပျိုးမြေတွေ ပျက်စီးတာတွေ ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။

ဒေသခံတွေပြောတာက ရှငေါ်ကျေးရွာတစ်ဖက်ကမ်း ဂျူဗလီရွာဟာ ရွာဧရိယာအများပိုင်းရွှေတူးဖော်လိုက်ပြီလို့ပြောကြပါတယ်။

ဝိုင်းမော်မြို့နယ် မန်ဒေါင်ကျေးရွာအထက် မေခမြစ်ပေါ် ရွှေတူးဖော်နေတဲ့မြင်ကွင်း

စစ်အာဏာသိမ်းပြီးနောက် ပိုဆိုးလာတဲ့ အခြေအနေ

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မေခမြစ်ပေါ်က ရွှေတူးဖော်မှုဟာ အရင်ထက် ပိုမိုအရှိန်မြင့်လာခဲ့တယ်လို့ ချီဖွေဒေသခံတွေ နဲ့ သဘာဝပတ်ဝန်းကျင်လှုပ်ရှားသူတွေက ပြောပါတယ်။

အထူးသဖြင့် ယခင်တူးခွင့်ပိတ်ထားတဲ့ မြို့အထက်မြစ်ဘေးမှာသာမက မြစ်ကြောင်းတစ်လျှောက်နေရာအနှံ့မှာ အကြီးစားစက်ယန္တရားတွေ အသုံးပြုပြီး ရွှေတူးဖော်မှုတွေ သိသိသာသာ တိုးလာနေတာဖြစ်ပါတယ်။

မြစ်အတွင်း ရေငုတ်ကျင်းတူးတာ၊ မြစ်ကမ်းပါးတွေကို ဖြိုဖျက်တူးဖော်တာ၊ ကုန်းပေါ်မှာ ကျင်းဖော်တူးတာတွေ ပိုများလာတဲ့အပြင် အရင်က မတူးဖော်ခဲ့တဲ့ နေရာတွေမှာပါ ရွှေတူးဖော်မှုတွေ ပေါ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အရင်က ဒီလောက်မဆိုးဘူး။ ခုနောက်ပိုင်းမှ စက်ကြီးတွေ အများကြီးဝင်လာပြီး မြစ်ကို နေရာအနှံ့တူးလာတာ။ ဒီဘက်ကိုလာတဲ့သူတွေအားလုံးက အံ့ဩကြတယ် ရွှေတူးဖော်မှုတွေကြောက်စရာကြီးလေ လို့ ကို အဇောင်းက ပြောပါတယ်။

ဒေသခံတွေက ကန့်ကွက်မှုတွေ ပြုလုပ်ခဲ့ပေမယ့် ရွှေတူးဖော်မှုတွေကတော့ ရပ်တန့်မသွားခဲ့ဘူးလို့ ဆိုပါတယ်။

၂၀၂၂ ခုနှစ် မတ်လ  ရက်နေ့မှာ ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) က ကချင်ပြည်နယ်အတွင်း တရားမဝင် ရွှေတူးဖော်မှုတွေကို အမြန်ဆုံးရပ်တန့်ပေးဖို့ တောင်းဆိုတဲ့ ပန်ကြားစာတစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

အလားတူ ၂၀၂၄ ခုနှစ် မတ်လ ၁၅ ရက်နေ့ Myanmar Resource Watch (MRW) အဖွဲ့ရဲ့ အစီရင်ခံစာမှာလည်း စစ်အာဏာသိမ်းကာလအတွင်း ဧရာဝတီမြစ်ဆုံဒေသမှာ တရားမဝင် ရွှေတူးဖော်မှုတွေ အကြီးအကျယ် ဖြစ်ပေါ်နေတယ်လို့ ဖော်ပြထားပါတယ်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တွေကတော့ ၂၀၂၄ ခုနှစ် ဧရာဝတီမြစ်ရေကြီးမှုဟာ ကမ္ဘာလုံးဆိုင်ရာ ပူနွေးလာမှုရဲ့ သက်ရောက်မှုတင်မကဘဲ ကချင်ပြည်နယ်အထက်ပိုင်း ဂေဟစနစ်ပျက်စီးလာမှုတွေနဲ့လည်း ဆက်စပ်နိုင်တယ်လို့ ထောက်ပြထားပါတယ်။

မြစ်ကို ထိခိုက်တာက မြစ်တစ်စင်းတည်း မဟုတ်ဘူး။ အောက်ဘက်မှာ နေတဲ့ လူတွေအထိ အကျိုးဆက် ရောက်လာမှာ” လို့ သဘာဝပတ်ဝန်းကျင် လေ့လာသူတစ်ဦးဖြစ်တဲ့ ဦးဘောမ်ယိန်းက သတိပေးပါတယ်။

ချီဖွေမြို့နယ် ရှန်းကျော်ကျေးရွာအဝင် မေခမြစ်ကမ်းနဘေးမှာ ရွှေရှာဖွေနေတဲ့ ဒေသခံတစ်ခုရဲ့ မြင်ကွင်း

 

မေခမြစ်ရွှေတူးဖော်မှု ဘယ်သူတွေ အကျိုးမြတ်ရနေလဲ

မေခမြစ်တစ်လျှောက် ရွှေတူးဖော်မှုတွေဟာ သီးခြားလုပ်ကိုင်နေတဲ့ ဒေသခံရွှေကျင်သမားတွေရဲ့ အသက်မွေးဝမ်းကျောင်း တစ်ခုထက် ပိုနေပါတယ်။

ဒီရွှေတူးဖော်မှုကို ခွဲခြားစိတ်ဖြာကြည့်မယ်ဆိုရင် စနစ်တကျ အကျိုးအမြတ်လည်ပတ်နေတဲ့ စီးပွားရေးကွန်ယက်တစ်ခုလို ဖြစ်လာနေတယ်လို့ သဘာဝသယံဇာတ စောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။

ရွှေတူးဖော်ဖို့အတွက် လုပ်ငန်းရှင်တွေဟာ ထိန်းချုပ်နယ်မြေပေါ်မူတည်ပြီး လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ဒေသအုပ်ချုပ်ရေး တာဝန်ရှိသူတွေနဲ့ ဆက်စပ်ပေးဆောင်ရတာတွေ ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

တချို့နေရာတွေမှာ စက်ယန္တရားအရွယ်အစား၊ ရွှေဖောင်အရေအတွက်နဲ့ တူးဖော်တဲ့နေရာပေါ်မူတည်ပြီး လစဉ်ကြေး၊ နှစ်စဉ်ကြေး ဒါမှမဟုတ် ရွှေသားပေးဆောင်ရတာမျိုးတွေ ရှိနေပါတယ်။

ဒေသခံတချို့ကတော့ မေခမြစ်တစ်လျှောက် ရွှေတူးဖော်မှုတွေ ပိုဆိုးရွားလာတာဟာ သဘာဝသယံဇာတကို ထိန်းချုပ်ပြီး စစ်ပွဲအတွက် ဝင်ငွေရှာဖွေနေတဲ့ အဖွဲ့အစည်းတွေရဲ့ ယှဉ်ပြိုင်မှုနဲ့လည်း ဆက်စပ်နေတယ်လို့ ရှုမြင်ကြပါတယ်။

မြစ်ကို တူးနေတဲ့သူတွေက အလုပ်သမားတွေ ဖြစ်ပေမယ့် တကယ်အကျိုးအမြတ်ရနေတာက အပေါ်က လူတွေပါပဲ” လို့ ချီဖွေဒေသခံတစ်ဦးဖြစ်တဲ့ ဒေါ်အစိုင်းက ပြောပါတယ်။

ရွှေတူးဖော်မှုကနေ ရရှိလာတဲ့ငွေကြေးတွေဟာ စစ်ရေးအသုံးစရိတ်၊ လက်နက်ဝယ်ယူမှုနဲ့ ဒေသတွင်း အာဏာထိန်းချုပ်မှုတွေမှာ ပြန်လည်အသုံးပြုနေတယ်လို့ သဘာဝပတ်ဝန်းကျင် နဲ့ ပဋိပက္ခအရေး လေ့လာသူတွေက သုံးသပ်ကြပါတယ်။

ဒီလိုအခြေအနေကြောင့် မေခမြစ် ပျက်စီးလာတာဟာ သီးသန့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတစ်ခုတင် မဟုတ်ဘဲ စစ်ပွဲ၊ သယံဇာတ နဲ့ အာဏာယှဉ်ပြိုင်မှုတွေ ချိတ်ဆက်နေတဲ့ နိုင်ငံရေးအကျိုးအမြတ် ပြဿနာတစ်ခု ဖြစ်လာနေပါတယ်။

စစ်ကောင်စီတပ် အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တပ်တွေဟာ မိမိထိန်းချုပ်စိုးမိုးတဲ့နေရတွေမှာ ရွှေတူးဖော်တာ၊ ကျောက်စိမ်းတူးတာ၊ သစ်ထုတ်တာတွေပြုလုပ်လာခဲ့တာဟာ တစ်စိုက်မတ်မတ် ဆယ်စုနှစ်တစ်စုကြာ ဗျူဟာအရ သယံဇာတ ထုတ်ယူနေကြတာဖြစ်တယ်လို့ သဘာပတ်ဝန်းကျင်တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ဆရာဇုန်းတိန့်က ခုလိုသုံးသပ်ပါတယ်။

စစ်တပ်ကဘက်ကလည်း မဟာဗျူဟာအရကို ရိက္ခာ၊ ဝင်ငွေတွေရပြီးမှ လက်နက်ကိုင်တော်လှန်နေတာဟာ သူတို့ကို တိုက်နေတာကြောင့် မြန်မြန်ဖျက်စီးပေးဖို့ မဟာဗျူဟာအရကိုဖြစ်နေတာ။ မဟာဗျူဟာအရကို မြန်မြန်ထုတ်မယ် မြန်မြန်ဖျက်စီး ပစ်မယ် ဒါမှ ငါတို့ကို သူတို့တွေက လက်နက်တွေမဝယ်နိုင်၊ ဝင်တွေမရဖို့ ကချင်ပြည်မှာ သယံဇာတကို မရှိစေချင်ဘူး ဒါကြောင့်သူတို့လည်း အသကုန်ဖျက်စီးတယ်။ ဒါကြောင့်လည်း ကချင်က သယံဇာတကျိန်စာသင့် တယ်လို့ပြောတယ်။ အာဏာသိမ်းပြီးတဲ့နောက်ပိုဆိုးလာတယ်

ကချင်ပြည်နယ်အတွင်း ရွှေတူးဖော်မှုတွေကနေ အကျိုးအမြတ်ရယူနေသူတွေထဲမှာ စစ်ကောင်စီတပ်၊ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေ၊ နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ်တွေ၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေးတာဝန်ရှိသူတွေအပြင် တရုတ်ကုမ္ပဏီတွေနဲ့ ဒေသတွင်း စီးပွားရေးသမားတွေလည်း ပါဝင်နေတယ်လို့ သဘာဝသယံဇာတ စောင့်ကြည့်နေတဲ့ MRW ကဆိုထားပါတယ်။

ချီဖွေမြို့နယ်ထဲမှာ ရွှေတူးဖော်လိုက်တာကြောင့် မြစ်ချောင်းပျက်စီးသွားတဲ့မြင်ကွင်းဖြစ်ပါတယ်။

Myanmar Resource Watch ၂၀၂၄ ခုနှစ် အစီရင်ခံစာမှာတော့ ရွှေတူးဖော်တဲ့ လုပ်ငန်းရှင်တွေဆီက နှစ်စဉ်ကြေး၊ လစဉ်ကြေး ဒါမှမဟုတ် ရွှေသားပေးဆောင်ခိုင်းတာတွေ ရှိတယ်လို့ ဖော်ပြထားပါတယ်။

ဒေသခံတွေရဲ့ ပြောဆိုချက်အရ မေခမြစ်တစ်လျှောက် ရွှေတူးဖော်မှုတွေကို ၂၀၂၄ ခုနှစ်မတိုင်ခင်အထိ စစ်ကောင်စီနဲ့ ဆက်စပ်တဲ့ အဖွဲ့အစည်းတွေက အဓိက ခွင့်ပြုပေးခဲ့ပြီး အကျိုးအမြတ် ရယူခဲ့ကြပါတယ်။

ဒါပေမယ့် ၂၀၂၄ ခုနှစ် အောက်တိုဘာလနောက်ပိုင်း ဝိုင်းမော် နဲ့ ချီဖွေဒေသကို KIA က ထိန်းချုပ်လာပြီးနောက် ရွှေတူးဖော်မှုတွေဟာ KIO ထိန်းချုပ်မှုအောက်ကို ရောက်ရှိသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

KNG စုံစမ်းရရှိထားတဲ့ အချက်အလက်တွေအရ ရွှေလုပ်ကွက် အရွယ်အစားပေါ်မူတည်ပြီး အခွန်ပေးဆောင်ရမှု ကွာခြားပေမယ့် အနိမ့်ဆုံး ပေ ၁၀၀ ပတ်လည် ကျင်းတစ်ကျင်းတူးဖော်မယ်ဆိုရင် တစ်လကို ငွေကျပ် နှစ်သိန်းနဲ့ ရွှေတစ်ကျပ်သား ပေးဆောင်ရတယ်လို့ သိရပါတယ်။

သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူတချို့ နဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ချို့က ကချင်ဒေသမှာ ဆယ်စုနှစ်များစွာကြာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခနဲ့ သယံဇာတတူးဖော်မှုတွေဟာ ခွဲမရတဲ့ ဆက်နွှယ်မှုတစ်ခုဖြစ်နေတယ်လို့ ထောက်ပြကြပါတယ်။

စစ်ပွဲမှာ ငွေလိုတယ်။ ငွေရဖို့ သယံဇာတကို ထုတ်ယူတယ်။ အဲဒီအခါ မြစ်တွေ၊ တောတွေ၊ လူတွေရဲ့ဘဝတွေက ပေးဆပ်ရတာ အမည်မဖော်လိုတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူအမျိုးသးတစ်ဦး ပြောပါတယ်။

ဒေသခံတွေရဲ့အနာဂတ်

မေခမြစ်တစ်လျှောက် ရွှေတူးဖော်မှုတွေ တိုးလာတာဟာ သဘာဝပတ်ဝန်းကျင်ကိုသာမက ဒေသခံတွေရဲ့ လူနေမှုဘဝကိုပါ တဖြည်းဖြည်း ပြောင်းလဲလာစေပါတယ်။

ရွှေတူးလုပ်ငန်းက ဝင်ငွေမြန်တဲ့အတွက် လူငယ်တွေအပြင် ကျောင်းနေအရွယ် ကလေးတွေပါ ပညာရေးထက် ရွှေတူးတဲ့အလုပ်ကို စိတ်ဝင်စားလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကလူငယ်တွေက ရွှေတူးရင် ပိုက်ဆံမြန်မြန်ရမယ်လို့ပဲ မြင်လာကြတယ်။ ကျောင်းတက်ဖို့ စိတ်ဝင်စားမှု နည်းလာတယ်” လို့ ချီဖွေဒေသခံတစ်ဦးဖြစ်တဲ့ ဒေါ်အစိုင်းက ဆိုပါတယ်။

ဒေသခံတချို့ကတော့ ဒီလိုအခြေအနေတွေ ဆက်ဖြစ်နေမယ်ဆိုရင် နောင်တချိန်မှာ မြစ်ကိုအမှီပြုပြီး ရှင်သန်နေတဲ့ ကျေးရွာတွေရဲ့ ဘဝပုံစံပါ ပျောက်ကွယ်သွားနိုင်တယ်လို့ စိုးရိမ်နေကြပါတယ်။

မေခမြစ်ဟာ ကချင်ဒေသရဲ့ သဘာဝအမွေအနှစ်တစ်ခုသာမက ဧရာဝတီမြစ် ဖြစ်တည်လာဖို့ အရေးပါတဲ့ မြစ်တစ်စင်းလည်း ဖြစ်ပါတယ်။

ဒါပေမယ့် တစ်ချိန်က ကြည်လင်စီးဆင်းခဲ့တဲ့ ဒီမြစ်ဟာ အခုတော့ ရွှေဖောင်တွေရဲ့ စက်သံ၊ ရွှံ့ရောင်ပြောင်းလာတဲ့ မြစ်ရေနဲ့ ပြိုကျလာတဲ့ မြစ်ကမ်းပါးတွေကြားမှာ တဖြည်းဖြည်း ပြောင်းလဲလာနေပါတယ်။

ညဘက် မေခမြစ်ပေါ်မှာ ရွှေဖောင်တွေက မီးထွန်းပြီး အလုပ်လုပ်နေချိန် ဒေါ်ဘောမ်နမ်က မြစ်ရေကို ငေးကြည့်နေပါတယ်။ သူမအတွက်တော့ ဒီမြစ်ဟာ ရွှေထွက်တဲ့နေရာတစ်ခုထက် ပိုပါတယ်။

ရွှေက တစ်နေ့ကုန်သွားနိုင်တယ်။ ဒါပေမယ့် မြစ်ပျက်သွားရင် ပြန်လုပ်လို့ မရတော့ဘူး” လို့ သူမက တိုးတိုးလေး ပြောပါတယ်။

မေခမြစ်ရဲ့ အနာဂတ်ဟာ ရွှေဖောင်တွေရဲ့ စက်သံအောက်မှာ ဆက်လက်ပျောက်ကွယ်သွားမလား၊ ဒါမှမဟုတ် သဘာဝအမွေအနှစ်တစ်ခုအနေနဲ့ ထိန်းသိမ်းကာကွယ်နိုင်မလားဆိုတာကတော့ ကချင်ဒေသအတွက်သာမက ဧရာဝတီမြစ်ကို မှီခိုရှင်သန်နေသူတွေအားလုံးအတွက် အရေးကြီးတဲ့ မေးခွန်းတစ်ခု ဖြစ်နေဆဲပါ။

By – Zami

Show More

Leave a Reply

Back to top button