လစာထဲ ငွေစက္ကူအစုတ်များ ပါဝင်လာသဖြင့် ဝန်ထမ်းတစ်ချို့ အခက်ကြုံ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ စစ်ကောင်စီလက်အောက်က အစိုးရဝန်ထမ်းတစ်ချို့ရဲ့ လစာတွေမှာ ငွေစက္ကူအစုတ်တွေ အများအပြားပါဝင်လာတာကြောင့် စျေးဝယ်ရာမှာအခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ ကာယကံရှင်တွေဆီက သိရပါတယ်။
ဖြစ်စဉ်ကတော့ ပြီးခဲ့တဲ့ ဇွန်လက ထုတ်ပေးတဲ့ လစာတွေထဲမှာ အသုံးပြုဖို့ ခက်ခဲလောက်အောင် ဟောင်းနွမ်းစုတ်ပြဲနေတဲ့ ကျပ် ၅,၀၀၀ တန် ငွေစက္ကူအရွက်အများအပြား ပါဝင်လာတာဖြစ်တယ်လို့ ဝန်ထမ်းမိသားစုဝင်တစ်ဦး KNG ကိုပြောပါတယ်။
“ဈေးဆိုင်သွားဝယ်တော့ ဆိုင်က လက်မခံဘူး။ ဆိုတော့ ပြန်သွားလဲရတာပေါ့။ လေတိုက်ရင်တောင် ပါးပြီး ပေါက်တော့မှာ။ လေကြမ်းကြမ်းတိုက်ရင် ပြတ်ထွက်သွားမှာ။ တော်တော်ထိန်းကိုင်ရတာ”လို့ ဆိုပါတယ်။
ဒီငွေစက္ကူအဟောင်းတွေဟာ စုတ်ပြဲနေပြီး အသုံးပြုလို့မရလောက်အောင် ဆိုးရွားနေတာကြောင့် ဝန်ထမ်းတွေအနေနဲ့ ဈေးဝယ်တာအပါအဝင် နေ့စဉ်အသုံးပြုရာမှာ အခက်အခဲတွေ ကြုံတွေ့နေရတာလည်း ဖြစ်ပါတယ်။
ဝန်ထမ်းမိသားစုဝင်တွေရဲ့ ပြောဆိုချက်အရ ငွေစက္ကူအစုတ်တွေ ရရှိခဲ့သူ အနည်းဆုံး ၇ ဦးရှိပြီး စစ်ကောင်စီလက်အောက်က အမည်မဖော်လိုတဲ့ အစိုးရဌာနတစ်ခုမှာ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

အခုလို ငွေစက္ကူအစုတ်တွေ ပါလာတာနဲ့ပတ်သက်ပြီး ဝန်ထမ်းတွေအနေနဲ့ တာဝန်ရှိသူတွေကို မေးမြန်းဖို့ အဆင်မပြေတဲ့အတွက် မြန်မာ့စီးပွားရေးဘဏ်မှာ ကိုယ်တိုင် သွားရောက်လဲလှယ်ခဲ့ကြရတယ်လို့ ဆိုပါတယ်။
အစိုးရဝန်ထမ်းတွေရဲ့ လစာတွေမှာ ယခင်ကလည်း ငွေစက္ကူအစုတ်တွေ တစ်ခါတစ်ရံ ပါလာဖူးပေမယ့် ဒီတစ်ကြိမ်လောက်အထိ အရေအတွက် မများခဲ့ဘူးလို့ သိရပါတယ်။
“တာဝန်ရှိသူက လက်နက်ကိုင်ဖြစ်နေတာလေ။ ဒီလိုပဲ ဖြစ်နေဦးမှာပဲ။ ဘာမှလည်း မပြောရဲကြဘူး။ အရပ်သားအစိုးရမှ မဟုတ်တာ။ ရသမျှ ဘတ်ဂျက်က အထက်ကိုပို့နေရတာလေ။ စစ်တပ်က အုပ်ချုပ်နေသမျှတော့ အရာရှိ၊ အရာခံကလွဲပြီး အောက်ခြေဝန်ထမ်းနဲ့ အခြေခံလူတန်းစား ပြည်သူတွေကပဲ ခံနေရဦးမှာ”လို့ နောက်ထပ်ဝန်ထမ်းတစ်ဦးက ဆက်ပြောပါတယ်။
လက်ရှိ မြစ်ကြီးနားမြို့ကို စစ်ကောင်စီက ထိန်းချုပ်ထားပြီး အစိုးရဌာနအားလုံးကိုလည်း စီမံကွပ်ကဲနေတာ ဖြစ်ပါတယ်။
တစ်ဖက်မှာလည်း စစ်ကောင်စီလက်အောက်က အစိုးရဌာနတွေမှာ မလုပ်ချင်ပေမယ့် အခြေအနေအမျိုးမျိုးကြောင့် ဆက်လက်လုပ်ကိုင်နေသူတွေ ရှိနေသလို အခုလို အခက်အခဲတွေနဲ့လည်း ကြုံတွေ့နေရတာ ဖြစ်ပါတယ်။
ဒါကြောင့် အသုံးပြုဖို့ ခက်ခဲလောက်အောင် စုတ်ပြဲပျက်စီးနေတဲ့ ငွေစက္ကူတွေကို လစာအဖြစ် ထုတ်ပေးတာနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ လစာထုတ်ပေးရေးဌာန၊ ငွေဖြန့်ဝေတဲ့ဘဏ်နဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့က ဖြေရှင်းဆောင်ရွက်ပေးဖို့ ဝန်ထမ်းတွေက တောင်းဆိုထားပါတယ်။
By – Hope




