ကချင်ဒေသ တိုက်ပွဲအရှိန်မြင့်လာသည်နှင့် အရပ်သား ထိခိုက်သေဆုံးမှုလည်း ပိုများလာ
ကချင်ပြည်နယ်အတွင်း ခရိုင်၊ မြို့နယ် နှင့် ကျေးရွာများတွင် ယခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ပြီး စစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ် တို့အကြား ထိုစစ်မှာ စစ်တပ်စခန်း ၁၀၀ ကျော်ကို KIA ပူးပေါင်းအဖွဲ့က သိမ်းပိုက်ထားသည်။ တိုက်ပွဲ ပြင်းထန်လာသည်နှင့် (၅) လအတွင်း အရပ်သားပြည်သူများအပေါ် စစ်ကောင်စီတပ်မှ လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိနေသည်။
မေလ ၃၁ ရက်နေ့အထိ KNG ပြုစုထားသော စာရင်းများအရ စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီး ရမ်းတမ်း ပစ်ခတ်မှုများနှင့် ဖမ်းဆီးရိုက်နက်မှုများကြောင့် အရပ်သားသေဆုံးမှု (၇၇) ဦးခန့်ရှိနေပြီး ထိခိုက်ဒဏ်ရာရရှိသူ (၇၅) ဦး ထက်မနည်း ရှိနေသည်။
၄င်းတွင် အမျိုးသမီး (၁၄) ဦး နှင့် ကလေး သေဆုံးသူ (၁၁) ခန့် သေဆုံးခဲ့ရပြီး အမျိုးသမီး (၁၂) ဦးနှင့် ကလေး(၂)ဦး ထက်မနည်းတို့သည် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ရမ်းတမ်းပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ထို့ကြောင့် စစ်ကောင်စီသည် ကချင်ပြည်နယ် နေရာအနှံ့ မြေပြင်တိုက်ပွဲများ အကျအရှုံးများမှုကြောင့် အရပ်သားပြည်သူများနေထိုင်သည် ကျေးရွာ၊ရပ်ကွက်များတွင် ပစ်မှတ်ထားတိုက်ခိုက်လာသည်ကို တွေ့ရသည်။
ဇန်နဝါရီလ မှ မေလအထိ ကချင်ပြည်နယ်အတွင်း
စဥ် | မြို့နယ် | သေဆုံးမှု | ထိခိုက်ဒဏ်ရာ ရရှိသူ |
၁ | မြစ်ကြီးနား | ၁၁ | ၂၁ |
၂ | ဝိုင်းမော် | ၁၃ | ၁၈ |
၃ | ဗန်းမော် | ၁၉ | ၆ |
၄ | မိုးမောက် | ၁၁ | ၈ |
၅ |
မံစီ | ၁၂ | ၅ |
၆ | ဖားကန့် | ၅ | ၁၂ |
၇ | မိုးညှင်း | ၁ | ၃ |
၈ | မိုးကောင်း | ၁ | |
၉ | ပူတာအို | ၁ | |
၁၀ | လိုင်ဇာ | ၃ | ၂ |
KNG ပြုစုထားသော စာရင်းအရ ဗန်းမော်မြို့၊ မိုးမောက်နှင့် မံစီမြို့တို့တွင် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိသူ အများဆုံးဖြစ်သည်။
ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်ပြီး စစ်ရေးအခြေအနေ ပိုမိုတင်းမာ လာခဲ့သည်။ စစ်ရေးအရှိန်မြင့်လာသည်နှင့် အမျှ စစ်ကောင်စီဖက်မှ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဗန်းမော်မြို့နယ်အတွင်း ကျေးရွာများတွင် အရပ်သား (၁၉) ခန့် သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ (၆)ဦး ရှိခဲ့သည်။ ၎င်းတွင် အမျိုးသမီး (၇)ဦးနှင့် ကလေး(၅) သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိအထိရှိနေသည်။
မိုးမောက်မြို့တွင်လည်း အရပ်သား (၁၁) ဦး သေဆုံးခဲ့ရပြီး (၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ အမျိုးသမီး (၃)ဦးနှင့် ကလေးသူငယ် (၃)ဦး ပါဝင်ကြောင်း ပြုစုထားသည့် စာရင်းအရ သိရှိရသည်။
မံစီမြို့နယ်အတွင်းရှိ ကျေးရွာဒေသများတွင် အရပ်သား (၁၂) ဦးသေဆုံးပြီး (၅) ဦးဒဏ်ရာရရှိခဲ့ပါသည်။ အမျိုးသမီး (၃)ဦး နှင့် ကလေးသူငယ်(၃)ဦး ထိခိုက်သေဆုံးခဲ့ပါသည်။
ဇန်နဝါရီလ ၉ ရက်နေ့ မံစီမြို့နယ် စီအူကျေးရွာတွင် မင်္ဂလာဆောင်ပွဲကျင်းပနေသည့် ဘုန်းကြီးကျောင်းနှင့်ခန်းမတွင် စစ်ကောင်စီတပ်မှ လေယာဥ်ဖြင့်ဗုံးကျဲသွားတာကြောင့် ဒေသခံအမျိုးသမီး (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ဗန်းမော်အခြေစိုက် ခလရ ၄၇ တပ်မှ မံစီမြို့ထဲသို့ ည ၇နာရီဝန်းကျင်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးသူငယ်တစ်ဦး ထိမှန်ပြီး (အလောင်းရှာမရဖြစ်ကာ) သေဆုံးခဲ့ရပြီး လက်နက်ကြီးပစ်ခတ်သံကြောင့် အမျိုးသားတစ်ဦး နှလုံးဖောက်သေဆုံးခဲ့သည်။
ဖေဖော်ဝါရီလ ၂၈ ရက် မံစီမြို့တွင် စစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းတမ်းပစ်ခတ်မှုကြောင့် ၁၀နှစ်အောက် မိန်းကလေးတစ်ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ မံစီဒေသခံတစ်ဦးက အတည်ပြုသည်။
ဧပြီလ ၁ ရက်နေ့က မံစီ-လွယ်ဂျယ်သွားလမ်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေယာဥ်ဖြင့် ဗုံးကျဲခဲ့တာကြောင့် အရပ်သားယာဥ်မောင်းနှင့် အရပ်သား ၅ ဦး သေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရရှိခဲ့သည်။
အထက်ပါ အချက်အလက်များအရ မံစီမြို့နယ်တွင် ပြီးခဲ့တဲ့ ဇန်နဝါရီလမှ ဧပြီလဆန်းပိုင်းအထိ တိုက်ပွဲဖြစ်ပွားမှု မရှိဘဲ လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးရမ်းတမ်းပစ်ခတ်ကာ အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားတိုက်ခိုက်ကာ လူ့အခွင့်အရေးဆိုးရွားစွာ ချိုးဖောက်နေသည်ကို တွေ့ရသည်။
ဖားကန့်မြို့နယ်တွင် ပြီးခဲ့သည့် ၂၀၂၃ နှစ်ကုန်ပိုင်းမှ စတင်ပြီး တိုက်ပွဲများ နေရာအနှံ့ တိုက်ပွဲများပြင်းထန်ခဲ့ပြီး စခန်းသိမ်းတိုက်ပွဲကြောင့် စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုများ အဆက်မပျက် တိုက်ခိုက်ခဲ့သည်။ ထိုမျှသာမက အရပ်သားပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ လမ်းပိတ်ခြင်း၊ အရပ်သားများကို ဖမ်းဆီးစစ်ဆေးရိုက်နက်မှုများကို ကျူးလွန်လျက်ရှိနေသည်။
စစ်ကောင်စီ၏ အရပ်သားပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် ဖားကန့်မြို့နယ်အတွင်း အရပ်သား (၇) ဦး သေဆုံးခဲ့ရပြီး (၈) ဦး ဒဏ်ရာရရှိခဲ့သည်။ အမျိုးသမီး(၂)နှင့် ကလေးသူငယ် (၂) ဦး တို့ ထိခိုက်သေဆုံးခဲ့သည်။
မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့သိမ်းတိုက်ပွဲတွင် ဧပြီလ ၂၅ မှ ၂၉ အတွင်း စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့သောကြောင့် အရပ်သား ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိပြီး သေဆုံးသူများလည်း ရှိခဲ့ပါသည်။
ဧပြီလ ၁၈ ရက်နေ့က မြစ်ကြီးနားအကျဥ်းထောင် ဆူပူမှုဖြစ်စဥ်တွင် ကျည်အစစ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် အကျဥ်းသား ၄ ဦး သေဆုံးခဲ့သည်။ သေဆုံးထဲတွင် နိုင်ငံရေးအကျဥ်းသား နှစ်ဦးပါဝင်ကြောင်း PPMN မှ ဖော်ပြချက်အရ သိရှိရပါသည်။
မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်တွင် ဇနီးမောင်နှံနှစ်ဦးအား အမည်မသိလက်နက်ကိုင်အဖွဲ့မှ ပစ်ခတ်ခဲ့သောကြောင့် အမျိုးသားဖြစ်သူမှာ ပွဲချင်းပြီး သေဆုံးခဲ့သည်။
ဝိုင်းမော် နှင့် ဗန်းမော်လမ်းမတစ်လျှောက် မတ်လ (၇) ရက်နေ့မှစတင်ကာ အောင်မြေ(၁)၊ အောင်မြေ(၂) ဒေသခံပြည်သူများ ထွက်ပြေးသိမ်းရှောင်နေစဥ် စစ်ကောင်စီတပ်က တိုက်ပွဲမှ ထွက်ခွာခွင့်ကို ပိတ်ပင်ခဲ့သဖြင့် ဒေသခံပြည်သူ ထောင်နဲ့ချီ ပိတ်မိခဲ့သည်။
ပိတ်မိနေသည့် ပြည်သူများထဲတွင် အသက် ၈၀ ကျော် သက်ကြီးရွယ်အို (၂) ဦး သေဆုံးခဲ့ရပြီး လေယာဥ်နှင့် ဒရုန်းများဖြင့် အဆက်မပျက် လာရောက်ပစ်ခတ်ခဲ့သောကြောင့် ဒေသခံအချို့ ထိခိုက်သေဆုံးခဲ့သည်။
စစ်ကောင်စီသည် ဒေသခံများကို ထွက်ပြေးတိမ်းရှောင်ခွင့် မပေးဘဲ လူသားဒိုင်းပြုလုပ်ကာ ချိန်းခြောက်ခဲ့သည်။
KIA ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့အနီးတွင် မတ်လ(၇)ရက်နေ့က လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် သားအမိနှစ်ဦး သေဆုံးခဲ့ရပြီး နောက်ထပ်အရပ်သား တစ်ဦး သေဆုံးခဲ့သည်။
ကချင်ပြည်နယ် နမ္မတီး နှင့် မိုးညှင်းမြို့နယ်တို့ ၂၀၂၄ ခုနှစ် ၄ လအတွင်း ဘာသာရေးဆရာ နှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခဲ့တဲ့အတွက်ကြောင့် တစ်ဦးဒဏ်ရာရရှိပြီး ကျန်တစ်ဦး သေဆုံးခဲ့သည်။
(၄)လအတွင်း ကချင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားသည့် ဒေသများတွင် အရပ်သားပြည်သူများ မိမိနီးစပ်ရာ စစ်ရှောင်စခန်းများတွင် ထွက်ပြေးသိမ်းရှောင်နေကြရပြီး တချို့မှာ တောတောင်ထဲတွင် ရှောင်ရှားနေကြရသည်။
စစ်ရှောင်အခြေအနေ
ဗန်းမော်ခရိုင် မြို့နယ် (၅) ခုဖြစ်တဲ့ ဗန်းမော်မြို့နယ်၊ မိုးမောက်မြို့နယ်၊ မံစီမြို့နယ် ၊လွယ်ဂျယ်မြို့နယ် ၊ရွှေကူမြို့နယ် တို့တွင် စခန်းသိမ်းတိုက်ပွဲများကြောင့် ဒေသခံပြည်သူအမြောက်အများ ထွက်ပြေးတိမ်းရှောင်နေရသည်။
ဧပြီလ ၁၂ ရက်နေ့မှ စတင်ပြီး လွယ်ဂျယ်မြို့နယ်အတွင်း KIA အုပ်ချုပ်ရေး ယန္တရားစတင်လိုက်တာကြောင့် ဒေသခံပြည်သူအချို့ နေရပ်ပြန်ကြပြီ ဖြစ်ပါတယ်။
မိုးမောက်မြို့နယ်မှာတော့ နှစ်ဖက်တိုက်ပွဲများပြင်းထန်ပြီး လက်နက်ကြီးနှင့် လေကြောင်းပစ်ခတ်မှုများ အဆက်မပြတ် ရှိနေတာကြောင့် ဒေခံပြည်သူများ အားလုံးနီးပါး ထွက်ပြေးသိမ်းရှောင် နေရသည်။ မိုးမောက်မြို့နယ်တွင် ၂၀၂၀ ခုနှစ် အချက်အလက်အရ စုစုပေါင်းလူဦးရေ ၈၇၅၉၆၄ ရှိပြီး လက်ရှိတွင် အားလုံးနီးပါး စစ်ဘေးရှောင်နေကြရသည်။
အလားတူ မံစီမြို့တွင်လည်း လက်ရှိအချိန်ထိ တိုက်ပွဲများရှိနေသည့်အတွက် တစ်မြို့လုံး ထွက်ပြေးတိမ်းရှောင် နေရသည်။ ၂၀၂၀ ခုနှစ် ကချင်ပြည်နယ်အစိုးရ ထုတ်ပြန်ထားသော စစ်တမ်းအရ မံစီမြို့နယ်တွင် အနီးစပ်ဆုံးလူဦးရေ ၇၉၃၀၂ ခန့်ရှိသည်။
ဒေသခံအများပိုင်းသည် ဗန်းမော်မြို့နှင့် အခြား မြို့ထွက်ပြေးသိမ်းရှောင်ကြရပြီး သက်ဆိုင်ရာ ဘာသာရေးအဖွဲ့စည်းများ ထံသို့ သွားရောက်ခိုလှုံနေကြရသည်။ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးသူငယ်များအယောက် (၁၀၀) ခန့် တိမ်းရှောင်နေကြောင်း ဒေသခံပြည်သူများပြောပြချက်အရသိရ သည်။
ဝိုင်းမော်မြို့နယ်၊ အောင်မြေ(၁)၊ အောင်မြေ (၂) မှ ထွက်ပြေးသိမ်းရှောင်လာသော ပြည်သူအချို့သည် လက်ရှိတွင် ဝိုင်းမော် လဘန်ကျေးရွာတွင် အယောက် (၆၀၀) ခန့်ရှိနေပြီး အယောက် (၂၀၀) ခန့်သည် ကျောင်းနေအရွယ် ကလေးများ ဖြစ်သည်။
မေလ (၂၁)ရက်နေ့ ဝိုင်းမော်မြို့စောင့် တပ် တစ်ခုဖြစ်သည့် ရွှေညောင်ပင်တပ်စခန်းကို KIAနှင့် ပူးပေါင်းတပ်တွေက အပြီးသိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီဖက်မှ လေကြောင်းတိုက်ခိုက်မှုသာမက လက်နက်ကြီးများ ဒါ့ပြင် အတွဲလိုက်ဒုံးများဖြင့် ဧရာဝတီတစ်ဖက်ကမ်း မြစ်ကြီးနားမြို့ဖက်မှ အဆက်မပြတ် ပစ်ခတ်ခဲ့သည်။
ထို့သို့ နေ့စဉ် ညစဉ် အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်တာကြောင့် ဝိုင်းမော်မြို့အနီးတစ်ဝိုက်ရှိ ကျေးရွာများသာမက မြို့ထဲပါမကျန် တမြို့လုံးနီးပါး ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
ထို့သို့ စစ်ကောင်စီ၏ အရပ်သားများအပေါ် လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုကြောင့် ဇွန်လ ၁၉ရက်နေ့တွင် ခတ်ချိုကျေးရွာ ရပ်ကွက်သစ်တွင် အသက် ၅နှစ် နှင့် ၉နှစ်အရွယ် ကလေးနှစ်ဦးအပါဝင် ၆ဦးသေဆုံးပြီး၊ ၁၁ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၊ ဇွန်လ ၂၀ရက်နေ့တွင်လည်း လက်နက်ကြီးထပ်မံကျရောက်ပေါက်ကွဲခဲ့တာကြောင့် နောက်ထပ်အမျိုးသမီး ၃ဦး ဒဏ်ရာရရှိခဲ့ပါသသည်။ အလားတူ ဝိုင်းမော်မြို့ လမြန်ကျေးရွာတွင်လဲ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီး တစ်ဦး သေဆုံးခဲ့ရသည်။
မေလအတွင်း မိုးမောက်၊ ဝိုင်းမော်၊ မြစ်ကြီးနားနှင့် လိုင်ဇာတို့တွင် လေကြောင်းပစ်ခတ်မှုနှင့် လက်နက်ကြီး ကြောင့် (၁၅) ဦး သေဆုံးပြီး (၂၇) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ပူတာအိုမြို့ ဒုတ္တန်ရပ်ကွက်က မိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သည်။
စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် အရပ်သားပြည်သူများ၏ နေအိမ်အဆောက်အအုံများ၊ ဘာသာရေးအဆောက်အအုံများနှင့် ပိုင်ဆိုင်မှုများ ပျက်စီးဆုံးရှုံးခဲ့ရပြီး စစ်ဘေးရှောင်ပြည်သူများဝိုင်းမော်တစ်မြို့လုံးနီးပါးအထိ ရှိနေသည်။
ကချင်လူ့အခွင့်အရေး လှုပ်ရှားသူ ဒေါ်နန်ပူက “ကချင်ပြည်နယ်မှာ လွန်ခဲ့တဲ့ (၄) လအတွင်းမှာ ကလေးနဲ့ အမျိုးသမီးသေဆုံးမှု သိသိသာသာ တိုးလာတယ်၊ မြန်မာနိုင်ငံအတိုင်းအတာအရ UN က ပြုလုပ်ထားတဲ့ ဒေတာတွေကို ကြည့်တဲ့အခါမှာ ဆိုးဆိုးဝါးဝါးဖြစ်နေတယ်လို့ပြောနိုင်ပေမဲ့ တကယ်တိတိကျကျ လုပ်ထားတဲ့ ဒေတာတွေမရှိဘူး ဘာဖြစ်လို့လဲဆိုတော့ မလုံခြုံမှုကြောင့် ဒေတာတွေ update ရဖို့ခက်ခဲတယ်။ တကယ်ကြုံရတဲ့သူတွေလဲ ပြောမထွက်ဘူး ပြောလိုက်ရင်လဲ ကိုယ့်ကိုပိုပြီး အန္တရယ်ပြုလာမှာစိုးတဲ့အခါကျတော့ အချက်အလက်တွေကို အတိအကျ မရဘူး ၊ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ၂သန်းကျော်မကသော စစ်ဘေးဒုက္ခသည်တိုးလာတယ်။”
“ကျမတို့ကချင်ပြည်နယ်မှာ လွန်ခဲ့တဲ့ လေးလမှာ စစ်က ဆိုးဝါးတဲ့အတွက် ဒီလိုအခက်ခဲတွေရှိနေတာကို တွေ့လာတယ်။ ဒီလိုအခက်ခဲလာတဲ့အတွက် အမျိုးသမီးတွေအတွက် လူကုန်ကူးမှုခံရဖို့၊ ခေါင်းပုံဖျက်မှုဖို့အတွက် အခြေနေတွေတွေ့ရတယ်။ လူကုန်ကူးမှုနဲ့တပ်သားစုစောင်းမှုရဲ့ သားကောင်တွေဖြစ်လာဖို့အတွက် အခွင့်အလမ်းတွေ ဖြစ်ရှိလာတယ်။ အကြောင်းမဲ့ အိမ်ထဲကို ညသန်းခေါင် ဧည့်စာရင်းလာရောက်စစ်ဆေးပြီး ချိန်းခြောက်တာတွေဟာ အမျိုးသမီးတွေရဲ့ စိတ်ပိုင်းဆိုင်ရာချိုးဖောက်မှုဖြစ်ပါတယ်” လို့ သူက ကချင်ပြည်နယ် လူ့အခွင့်အခြေအနေနဲ့ ပတ်သက်ပြီး သုံးသပ်ပါတယ်။
ဆက်သွယ်ရေး အခက်အခဲကြောင့် လက်ရှိ ကချင်ပြည်နယ်အနှံ တိုက်ပွဲ ပြင်းထန်နေသော်လည်း အဆိုပါဒေသတွင် ဖြစ်ပျက်နေသော လူ့အခွင့်ချိုးဖောက်မှုများကို မှတ်တမ်းတင်ရန် အချိန် စောင့်ဆိုင်းနေရအုန်းမည်ဖြစ်သည်။