ဆောင်းပါးသတင်းဆောင်းပါး

စစ်ကောင်စီ ကင်းစင်နယ်မြေ

ပြီးခဲ့တဲ့ ၁၀ နှစ်တာ ကချင်လွတ်လပ်ရေးတပ်မတော် KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့ကို နေ့ညမပျက်ခြိမ်းခြောက်ပြီး ဝိုင်းရံပိတ်ဆို့ထားတဲ့ စစ်ကောင်စီတပ်ရဲ့ သက်တမ်းကြာ ဗျူဟာမြောက်တပ်စခန်း ၄၀ လောက်ကို ရက်ပေါင်း ၂၀ ကျော်အတွင်း KIA နဲ့ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပါတယ်။

ဒါကြောင့် KIO ဌာနချုပ်နယ်မြေဟာ အရင်က မရရှိခဲ့ဖူးတဲ့ စစ်ကောင်စီ စကခ ကင်းစင်နယ်မြေ ဖြစ်သွားသလို လက်ရှိမှာတော့ သေနတ်သံတွေဟာ ကချင်ရဲ့ အချက်အခြာကျတဲ့ ဗန်းမော်မြို့ကိုသိမ်းဖို့ ဦးတည်နေပါပြီ။

ရက်ပေါင်း ၂၀ ကျော်မှာ မိုးမောက်မြို့နယ် နဲ့ ဝိုင်းမော်မြို့နယ်အတွင်းရှိ လိုင်ဇာအနီးတစ်ဝိုက် နမ်ဆန်ချောင်း (Namsan Hka) ကနေ မိုးမောက်မြို့အနီး တာပိန်ချောင်းတံတားအထိ စစ်ကောင်စီတပ်စခန်းအားလုံးကို ရှင်းလင်းသိမ်းပိုက်ထားပြီလို့ KIA ရှေ့တန်းသတင်းရင်းအမြစ်တစ်ယောက်က KNG ကို ပြောပါတယ်။

တာပိန်ချောင်းကနေ လိုင်ဇာအထက် နမ်ဆန်ချောင်းအထိ ဘွမ်ရေဘွမ့်၊ ခယာ၊ လကြားယာန်၊ ဒေါ့ဖုန်းဟန်းဂိုင်၊ ရှဒန်ပါ အရေးကြီးတဲ့ တပ်စခန်းတွေ အကုန်းလုံး ရှင်းလင်းလိုက်ပြီ။ ဒါကြောင့် နွမ်လန့်၊ ဒါဆိုင်းကနေ ဟိုလိုင်ဇာအထက်ပိုင်းတောက်လျှောက် လွတ်လပ်ရေးရပြီလို့ ပြောလို့ရပြီလို့ပြောပါတယ်။

KIA ပူးပေါင်းတပ်တွေဟာ မတ်လ ၇ ရက်နေ့မှာ ကချင်ပြည်နယ် တစ်ခုလုံးအတိုင်းအတာနဲ့ မြို့နယ်တစ်ချို့က ဗျူဟာမြောက် တပ်စခန်းတွေကို စခန်းသိမ်းတိုက်ပွဲ ဖော်ဆောင်လိုက်တာဖြစ်ပြီး KIO လိုင်ဇာဗဟိုဌာနချုပ် အနီးတဝိုက်မှာရှိတဲ့ ခယာဘွမ့်၊ ဖွန်းပရန်ဘွမ့်၊ အင်တပ့်ဘွမ့် နဲ့ ဒေါ့ဖုန်းယန် ခလရ ၁၄၂ စတဲ့ ဗျူဟာမြှောက်တပ်စခန်းတွေကို တပြိုင်နက်ထိုးစစ်ဆင် ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

မတ်လ ၈ ရက်နေ့မှာတော့ လိုင်ဇာမြို့အနီးက တပ်ကို အဓိက ထောက်ပို့အဖြစ် တည်ရှိနေတဲ့ မြစ်ကြီးနားဗန်းမော်လမ်းမပေါ် ဒေါ့ဖုန်ယန်မြို့တွင်းတပ် ခလရ ၁၄၂ တပ်ရင်း (Hkang Kai Bum) ကို သိမ်းပိုက်ခဲ့ပါတယ်။ ဒေါ့ဖုန်းယန်တိုက်ပွဲမှာ စစ်တပ်ဘက်က အလံဖြူထောင် လက်နက်ချခဲ့ပြီး စစ်ကောင်စီ တပ်မိသားစုဝင်များနဲ့ ရဲ တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီး ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

မတ်လ ၉ ရက်နေ့မှာတော့ လိုင်ဇာမြို့အဝင်ပေါက်မှာတည်ရှိတဲ့ မဆန်ကောင့်(Masen Kawng) တပ်စခန်းကို ထပ်မံသိမ်းခဲ့သလို နောက်ထပ် တပ်စခန်းအကြီးတွေဖြစ်တဲ့ ဖွန်းပရန်ဘွမ့် (Hpun Pyen Bum)၊ အင်တပ့်ဘွမ့် (N-tap Bum) စတဲ့ တပ်စခန်းအကြီးတွေကိုတပြိုင်နက် သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

မတ်လ ၁၄ ရက်နေ့မှာတော့ မိုးမောက်မြို့နယ် နောင်လိုက်ကျေးရွာ နဲ့ တာပိန်မြစ်ကူးတံတား ၂ ကြားက ဗျူဟာကျ ဒါဆိုင်း (Dasai) ခလရ ၂၃၇ စစ်တပ်စခန်းကိုပါ ထပ်မံ သိမ်းပိုက်ခဲ့ပါတယ်။

ဒါဆိုင်း စစ်တပ်စခန်းဟာ မြစ်ကြီးနားဗန်းမော် ကားလမ်းမပေါ် မှာတည်ရှိပြီး လိုင်ဇာအနီးက တပ်စခန်းများ၊ ဒေါ့ဖုန်းယန် ခလရ ၁၄၂ နဲ့တကွ မြို့သစ်၊ ကုန်းလော၊ နွမ်းလန့်ရှိ တပ်စခန်းတွေကို ထောက်ပို့နေတဲ့ ဗျူဟာကျတပ်စခန်းတစ်ခုလည်း ဖြစ်ပါတယ်။

ဒါဆိုင်းတပ်စခန်း သိမ်းဆည်းမှုအပြီးမှာပဲ တစ်ဆက်တည်း လိုင်ဇာမြို့ကို လက်နက်ကြီး ပုံမှန်ပစ်ခတ်နေသလို လိုင်ဇာနဲ့ အနီးဆုံးနေရာမှာရှိတဲ့ ဘွမ့်ရေဘွမ့် (Bumre Bum) တပ်စခန်းအကြီးကို မတ်လ ၁၅ ရက်နေ့မှာ ပြန်လည်သိမ်းပိုက်ခဲ့ပါတယ်။

လိုင်ဇာမြို့အနီးက အကြီးဆုံး ဘွမ့်ရေဘွမ့် တပ်စခန်းကိုတော့ နှစ်ပတ်အကြာ မတ်လ ၁၅ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့ပြီး တစ်ဆက်တည်း ဘွမ့်ရေဘွမ့် အောက်နားမှာရှိတဲ့ လုန်ရောဒ့် (Lung Rawk) တပ်စခန်းက စစ်ကောင်စီတပ်သားတွေလည်း ထွက်ပြေးသွားခဲ့ပါတယ်။

KIO ဌာနချုပ်ဟောင်းဒေသ နာဖော့ပါဂျောင်တစ်ဝိုက်က စစ်ကောင်စီတပ်စခန်း ၆ ခုကို KIA က မတ်လ ၁၇ ရက်နေ့မှာ တပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ နာဖော့ပါဂျောင် (Nahpaw Pajau) ဗျူဟာတပ်စခန်းကြီးကို မသိမ်းပိုက်မှီ နာဖော့ပါဂျောင် နဲ့ ၁၀ မိုင်လောက်အကွာ လီဆူပါဂျောင် (Lisu Pajau)တပ်စခန်းကို KIA တပ်တွေ မတ်လ ၁၈ ရက်နေ့ က သိမ်းပိုက်ခဲ့ပါတယ်။

မတ်လ ၂၁ ရက်နေ့မှာတော့ နောက်ဆုံးကျန်ရှိနေတဲ့ နာဖော့ပါဂျောင် (Nahpaw Pajau) ဗျူဟာတပ်စခန်းအပါ အူဂရှန်(U Ga Shan) တပ်စခန်း ၂ ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး  ရက်အတွင်း လိုင်ဇာ နဲ့ ပါဂျောင်ဘွမ့် ပတ်ပတ်လည်မှာ တပ်ချထားတဲ့ စစ်ကောင်စီ တပ်စခန်းအားလုံးကို KIA က ထပ်မံ သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

မတ်လ ၇ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ဒေါ့ဖုန်းယန်မြို့အထက် နဲ့ လိုင်ဇာမြို့အထက်အောက် ပတ်ပတ်လည်မှာ ဝိုင်းရံထားတဲ့ စစ်ကောင်စီတပ်စခန်း အားလုံးကို KIA ကသိမ်းပိုက်ခဲ့ပါတယ်။

မတ်လ ၂၁ ရက်နေအထိ လိုင်ဇာ ဗဟိုဌာနချုပ်ကို ပိတ်ဆို့ထားတဲ့ ဖွန်းပရန်ဘွမ့် (Hpun Pyen Bum)၊ ဘွမ့်ရေဘွမ့်(Bumre Bum)၊ ခယာဘွမ့်(Hkaya Bum)၊ အင်တပ့်ဘွမ့်(N-tap Bum)၊ ရှဒန်ပါ(Shadan Pa)၊ ဒေါ့ဖုန်းယန် ခလရ ၁၄၂ တပ်ရင်း(Daw Hpum Hkanggai gap)၊ နာဖော့ပါဂျောင်(Nahpaw Pajau) ပန်စွန်(Pan Tsun) ၊ လုံရောဒ့် (Lung Rawk)၊ မဆန်ကောင့်(Masen Kawng) ၊ ခယာခရက် (Hkaya Hkyet) ၊ဂေါ်ရီကရုန် (Gauri Krung)၊ ဘွမ့်ဆန် (Bum Sen)၊ ဆန့်ဂန့် (Sangang)၊ ကိုင်ထွမ့်ဘွမ့်(Kai Htum Bum)၊ ဖုကွန်(Hpakawn)၊ မန်ဒါ(Manda)စတဲ့ တပ်စခန်းအကြီးတွေကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

သိမ်းပိုက်ထားနိုင်တဲ့ စစ်ကောင်စီတပ်စခန်းအကြီးတွေထဲမှာ ခယာဘွမ့် (Hkaya Bum) တပ်စခန်း ၃ခု၊ ဘွမ့်ရေဘွမ့်(Bumre Bum)တပ်စခန်း ၅ ခု၊ နာဖော့ ပါဂျောင် (Nahpaw Pajau) တပ်စခန်း ၆ ခု၊ ဖွန်းပရန်ဘွမ့် (Hpun Pyen Bum) တပ်စခန်း ၆ ခု၊ ဆန့်ဂန့်ကရုန် (San Gang) တပ်စခန်း ၅ ခု၊ ဖုကွန့် (Hpakawn) နဲ့ မန်ဒါ (Manda) တစ်ကြောမှာ တပ်စခန်း ၉ ခုအထက်ရှိပြီး အဲဒီတပ်စခန်းအကြီးတွေထဲမှာ တပ်စခန်းအနည်းဆုံး ၃ ခုပါဝင်နေတာဖြစ်ပါတယ်။

မတ်လ ၂၁ ရက်နေ့မှာပဲ နောက်ဆုံးကျန်ရှိနေတဲ့ မြစ်ကြီးနားဗန်းမော်ကားလမ်းမပေါ်  မိုးမောက်မြို့နယ်ထဲမှာရှိတဲ့ နွမ်းခန့် ခမရ ၄၃၈ နှင့် အမှတ် ၆၁၆ ဒုံးတပ်တို့ကို သိမ်းပိုက်ပြီး မတ်လ ၂၃ ရက်နေ့မှာတော့ နောင်ကောန် အမှတ် ၃၇၀ အမြောက်တပ်တို့ကို သိမ်းပိုက်ခဲ့ပါတယ်။

နွမ်လန့်တပ်စခန်းဟာ မြစ်ကြီးနား – ဗန်းမော်လမ်းမဘေး  တပ်ဧရိယာ ၁၃၀၀ ကျော်လောက်ကျယ်ဝန်းတဲ့ပြီး တပ်ရင်းနဲ့ ဒုံးတပ် နေရာယူထားတာဖြစ်ပါတယ်။

နောင်ကောန် (Nawng Gawn) အမြောက်တပ်သိမ်းပိုက်မှုမှာ တင့်ကား ၅ စီး နဲ့ ဟောင်ဝစ်ဇာ လက်နက်ကြီး ၇ ခုအပြင် လက်နက်ခဲယမ်း အများအပြားကို သိမ်းဆည်းရရှိခဲ့တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ဒါ့အပြင် နောင်ကောန်အမြှောက်တပ်ရင်းစခန်းဟာ မိုးမောက်မြို့နယ်ထဲမှာ အကြီးဆုံး အမြှောက်တပ်ရင်းတစ်ခုဖြစ်ပြီးတော့ အဲဒီတပ်စခန်းကနေ ဒေါ့ဖုန်းယန်အပါအဝင် ကုန်းလော၊ မြို့သစ်၊ စလောင်းကုန်း စတဲ့ တပ်စခန်းတွေကို အကာအကွယ်ပေးတဲ့ တပ်စခန်းအကြီးတစ်ခုလည်း ဖြစ်ပါတယ်။

နွမ်းလန့် နဲ့ နောင်ကွန် တပ်စခန်းတွေကို သိမ်းပိုက်လိုက်တဲ့နောက်ပိုင်း အဲဒီတပ်စခန်း ၂ ခုနဲ့ တစ်ဆက်တည်းရှိကြတဲ့ ကုန်းလော၊ မြို့သစ်၊ စလောင်းကုန်း၊ လုန်ဂျာဘွမ့်စတဲ့ စခန်းနေရာတွေကို မတ်လ ၂၆ ရက်နေ့မှာ သိမ်းပိုက်လိုက်ပါတယ်။

မြစ်ကြီးနားဗန်းမောက်လမ်းမပေါ် ဒေါ့ဖုန်းယန်နဲ့ မိုးမောက်မြို့နယ်ထဲမှာ နောက်ဆုံးကျန်ရှိနေတဲ့ စစ်ကောင်စီ တပ်စခန်းတွေကို KIA ပူးပေါင်းတပ်တွေက မတ်လ ၂၁ ရက်နေ့ကနေ စတင်တိုက်ခိုက်ခဲ့ပြီး ၂၆ ရက်နေ့မှာ တပ်စခန်းအားလုံးကို အပြီးသတ်ရှင်းလင်း သိမ်းပိုက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့ကြောင့် လိုင်ဇာအနီးတဝိုက်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေ တစ်ခုပြီး တစ်ခုသိမ်းပိုက်နိုင်ခဲ့သလို ဗန်းမော်အထက် ဒေါ့ဖုန်းယန်နဲ့ မိုးမောက်မြို့နယ်တွေမှာလည်း စစ်ကောင်စီတပ်စခန်းတွေ ကင်းစင်သွားပြီလို့ နွမ်လန့်ဒေသခံအမျိုးသား တစ်ယောက်က အခုလို ပြောပါတယ်။

ဒေါ့ဖုန်းယန်နဲ့ ဒါဆိုင်း တာပိန်မြစ်ကူးတံတားအထိ စစ်ကောင်စီတပ်စခန်းတွေ လုံးဝမကျန်တော့ဘူး။ ဒါဆိုင်းတပ်စခန်း ၂၃၇၊ မြို့သစ်တပ်စခန်း ၃၂၀၊ ကုန်လော တပ်စခန်း ၃၈၇၊ နောင်ကွန်အမြှောက်တပ်ရင်း ၃၇၀၊ နွမ်လန့် တပ်ရင်း ၂ခုစလုံးနဲ့ ဒေါ့ဖုန်းတပ် ၁၄၂ ဒီစခန်းတွေ အာလုံးကို အပြီးအစီးသိမ်းနိုင်ထားပြီ ဖြစ်ပါတယ်။ စခန်းသေးတောင်မကျန်တော့ဘူးလို့ပြောပါတယ်။

လိုင်ဇာဘက်ကိုသွားတဲ့ မြစ်ကြီးနားဗန်းမော်လမ်းမပေါ်မှာ စစ်တပ်ရဲ့ ထောက်ပို့တပ်စခန်းအကြီးတွေဖြစ်ပြီးတော့ နွမ်လန့်၊ ဒါဆိုင်းနဲ့ ဒေါ့ဖုန်း ခလရ ၁၄၂ တပ်ရင်းတွေက အရေးကြီးဆုံး တပ်ရင်းတွေဖြစ်တယ်လို့ ဆိုပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက် မန္တလေးဘက်ကနေ တင်ပို့လာတဲ့ စစ်အင်အားအပါ စစ်ရိက္ခာတွေကို ရေကြောင်းလမ်းနဲ့ ဗန်မော်မြို့အထိသယ်ပို့ယူပြီးတော့ ဗန်းမော်ကနေ တဆင့် KIA တပ်တွေ သိမ်းပိုက်ထားပြီဖြစ်တဲ့ ဒါဆိုင်း ခလရ ၂၃၇ တပ်ရင်း၊ နွမ်လန့် တပ်စခန်းနဲ့ ဒေါ့ဖုန်းယန်တပ်စခန်းတွေကို တဆင့်ပြီးတဆင့် သယ်ယူကြတာဖြစ်ပါတယ်။

အဲဒီတပ်စခန်းတွေကနေဆင့် ဒေါ့ဖုန်းယန်အထက်ပိုင်း ခယာဘွမ့်၊ ဖွန်းပရန်ဘွမ့်၊ ဘွမ့်ရေဘွမ့်နဲ့ အင်တပ့်ဘွမ့်စတဲ့ တပ်စခန်း နေရာတွေကို တင်ပို့ပေးနေတာကြောင့် စစ်တပ်အာဏာသိမ်းပြီး ၃ နှစ်အတွင်းမှာ ဒေါ့ဖုန်းယန်လမ်းကြောင်းတစ်လျှောက်မှာ စစ်တပ်ရဲ့ စစ်ရိက္ခာသယ် ယာဉ်တန်းတွေကို မကြာခဏကြာဖြတ်တိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။

လက်ရှိမှာ လိုင်ဇာအဝင်ပေါက် ထောက်ပို့တပ်စခန်းတွေဖြစ်တဲ့ ဒေါ့ဖုန်းယန်၊ နွမ့်လန့်နဲ့ ဒါဆိုင်တပ်စခန်းတွေကို KIA က ထိန်းချုပ်လိုက်ပြီဖြစ်တာကြောင့် လိုင်ဇာမြို့အထိ လွတ်လပ်စွာသွားလာခွင့်ရရှိနေပြီ စစ်ရေးအရ အသာရရှိသွားပြီလို့ နွမ်လလန့်ဒေသခံ အမျိုးသားက ဆက်ဆိုပါတယ်။

ဒီ တပ်စခန်းတွေ အကုန်သိမ်းယူလိုက်ပြီး နောက် ဒါဆိုင်း တပ်စခန်းမှာလည်း KIA ဘက်က အခိုင်အမာတပ်ချထားနိုင်ပြီဆိုရင် အောက်ဖက်မှာလည်း သိမ်စိုးရိမ်စရာမလိုတော့ဘူး။ အခုတောင် လွတ်လွတ်လပ်လပ် သွားလို့ရနေပြီ မနေ့ကတောင် KIA ဘက်က စစ်ကားတွေ မိုးမောက်နယ်အထိ သွားလာနေပါပြီ။ အခုကြောက်နေရတာက လေကြောင်းတစ်ခုပဲ ကြောက်နေရတော့တယ်လို့ပြောပါတယ်။

မတ်လ ၂၆ ရက်နေ့မှာ ဒေါ့ဖုန်းယန်နဲ့ မိုးမောက်မြို့နယ်ကြားထဲမှာရှိတဲ့ စစ်တပ်စခန်းအားလုံးကို KIO တိုက်ခိုက်သိမ်းပိုက် နိုင်လိုက်တဲ့အတွက် KIO လိုင်ဇာအထက်ပိုင်းနဲ့ မိုးမောက်မြို့နယ် တာပိန်ချောင်းကူးတံတားအထိ စစ်ကောင်စီတပ်စခန်း တစ်ခုမကျန် ကင်းစင်သွားပြီး KIO လိုင်ဇာဒေသတစ်ခုလုံးကို KIA က ထိန်းချုပ်ထားနိုင်ပြီလို ဆိုပါတယ်။

ရက်ပေါင်း ၂၀ ကျော်အတွင်းမှာ စစ်ကောင်စီတပ်စခန်းအကြီး အငယ် ၄၀ ကျော်လောက်ကို KIA သိမ်းပိုက်နိုင်ခဲ့တဲ့ထဲအမှာ ဒေါ့ဖုန်းယန် ခလရ ၁၄၂ တပ်၊ ဘွမ့်ရေဘွမ့်၊ ဖွန်းပရန်ဘွမ့်၊ ခယာဘွမ့်၊ နွမ်လန့်၊ နောင်ကွန်နဲ့ ဒါဆိုင်း စတဲ့ တပ်စခန်းအကြီးတွေ ကနေ လက်နက်ပစ္စည်းတွေကို ကားအစီးလိုက်နဲ့ အများအပြား သိမ်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

စခန်းပေါင်း ၄၀ ကျော်က တပ်စခန်းတွေမှာ ဗျူဟာမြှောက်တပ်စခန်းတွေဖြစ်တဲ့ ဘွမ့်ရေဘွမ့်၊ ဒေါ့ဖုန်းယန်တပ်၊ နွမ်လန့်၊ ဒါဆိုင်း စတဲ့ စခန်းအကြီးတွေမှာက စစ်ကောင်စီတပ်အင်အား ၁၀၀ ကျော်အထက်ရှိပြီး ကျန်တပ်စခန်းနေရာတွေမှာက ၃၀ နဲ့ ၆၀ ဝန်းကျင်မှာသာ ရှိတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေက တဆင့် သိရပါတယ်။

စခန်းသိမ်းတိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ ရက်ပေါင်း ၂၀ ကျော်အတွင်းမှာ တပ်စခန်းအသီးသီးက ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ တွေက ဒေါ့ဖုန်းယန်မြို့နယ်ထဲမှာရှိတဲ့မုန်လိုင်ခကို လိုက်ပြီး နန်းအိနဲ့ မန်နောင် ကျေးရွာတွေဘက်ကနေ ဗန်းမော်မြို့အတွင်းဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြပြီးတော့ မတ်လ ၂၆၊ ၂၇ ရက်နေ့အထိ KIA လိုက်လံပစ်ခတ်နေတယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ် တစ်ယောက်က ပြောပါတယ်။

သူတို့ ခယာ၊ ဘွမ့်ရေ၊ ဒေါ့ဖုန်းယန် တပ်စခန်း၊ နွမ့်လန့် အဲဒီတပ်စခန်းတွေကနေ စစ်သားတွေ အများပိုင်းက ထွက်ပြေးနေကြတယ်။ သူတို့အချင်းချင်း တစ်နေရာစီ ဆီကနေ စက်နဲ့ ဆက်သွယ်ပြီး စုပေါင်းလိုက်ကြ၊ တစ်ချို့တပ်သားတွေကိုက KIA ဖမ်းဆီးတဲ့သူတွေကို ဖမ်းဆီး၊ အများပိုင်းက ခြေကျင်နဲ့ ထွက်ပြေးတာများတယ်လို့ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေက ဒေါ့ဖုန်းယန်ဘက်ခြမ်း မုန်လိုင်ချောင်း နန်းအိ နဲ့ မန်နောင် ကျေးရွာထွက်ပေါက်ကနေ ဗန်းမော်မြို့ ဘက်ကို ထွက်ပြေးလွတ်မြောက်သွားကြပြီး စစ်ကြောင်းတစ်ကြောင်းမှာ စစ်အင်အား ၁၀၀ ကျော် နဲ့ ၆၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

လိုင်ဇာဒေသမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုအများအပြားရှိခဲ့သလို တိုက်ပွဲအတွင်းမှာ KIA ဘက်က ဖမ်းဆီးရမိတဲ့ သူတွေရှိခဲ့တယ်လို့ သိရပေမယ့် KNG အနေနဲ့ တိတိကျကျ စုံစမ်းနိုင်ခြင်း မရှိသေးပါဘူး။

KIA ရှေ့တန်း သတင်းအရင်းအမြစ်တွေရဲ့ ပြောဆိုချက်အရ လိုင်ဇာအနီးတဝိုက်ရှိ တပ်စွန့်ခွာ သွားကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ တွေက ဗန်းမော်မြို့ကို ပြန်လည်လက်လွတ်လိုက်ရမှာကို စိုးရိမ်တဲ့အတွက် ဗန်းမော်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းနေရာတွေမှာ စစ်အင်အားစုပေါင်းသွားကြတယ်လို့ ဆိုပါတယ်။

KIO လိုင်ဇာအနီး KIA က စခန်းသိမ်းတိုက်ပွဲဆင်နွှဲလိုက်တဲ့ ရက်ပေါင်း ၂၀ ကျော်ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်ကနေ တပ်စခန်းတွေကို လက်မလွတ်ရေးအတွက် ကင်းထောက်လေယာဉ်၊ Y -12 လေယာဉ်နဲ့ ဂျက်လေယာဉ် တွေနဲ့ နေ့စဉ်အဆက်မပြတ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပေမယ့် နှစ်ပေါင်း ၂၀ ကျော် တပ်စွဲထားတဲ့ တပ်စခန်းတွေကို စွန့်လွတ်လိုက်ရတာလည်းဖြစ်ပါတယ်။

တစ်ဖက်မှာ စစ်အင်အားကြီးတဲ့ စစ်ကောင်စီတပ်ရဲ့ ဗျူဟာမြောက် တပ်စခန်းတွေကို KIA က ရက်ပေါင်း ၂၀ အတွင်းမှာပဲ တပ်စခန်းပေါင်း ၄၀ ကျော် သိမ်းပိုက်နိုင်ခဲ့တဲ့အပေါ်မှာ နွမ်လန့်ဒေသခံ အမျိုးသားတစ်ယောက်က အခုလို သုံးသပ်ပြောဆိုထားပါတယ်။

အရင်းတုန်းက တော်လှန်ရေးလုပ်ငန်းမှာ စည်းလုံးတာသိပ်မရှိသေးတာလည်းပါမယ်။ စစ်အင်အားလည်းနည်းတဲ့အပိုင်းတွေမှာရှိတယ်။ အခုလည်း လက်နက်အင်အားနည်းနေသေးပေမယ့် စိတ်ဓါတ်ပိုင်းမှာ ကြံ့ခိုင်ကြတဲ့သူတွေဖြစ်ကြတယ်။ ပြီးရင် အရင်တုန်းကဆို ဗမာစစ်သား တစ်ရာလောက်မှ KIA စစ်သား ၃ ယောက်လောက် တိုက်ခဲ့တာလေ။ အခုက ဗမာစစ်သား တစ်ရာဆိုရင် KIA စစ်သားလည်း တစ်ရာလောက်ရှိတယ်။ အခု KIA ထဲမှာက PDF ရခိုင်တပ်၊ ဂေါ်ရခါးတပ်၊ ကျောင်းသားတပ်အကုန်ပါတာဖြစ်တဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေ ရှုံးဖို့က သိပ်မရှိတောဘူးလို့ပြောပါတယ်။

လိုင်ဇာဗဟိုဌာနချုပ်ကို ဝိုင်းရံထားတဲ့ စစ်ကောင်တပ်စခန်း ၄၀ ကျော်ထဲက တပ်စခန်းအများပိုင်းကတော့ ၁၉၉၄ ခုနှစ် အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုရရှိခဲ့တဲ့နောက်ပိုင်း ၁၇ နှစ်ဝန်းကျင်အတွင်း လာရောက်တပ်စွဲထားတဲ့ တပ်စခန်းတွေများပါတယ်။

ခယာဘွမ့်၊ ဖွန်းပရန်ဘွမ့် စစ်ကောင်စီတပ်စခန်းတွေက လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်ဝန်းကျင်အထိ KIA တပ်တွေရဲ့ အထိုင်ချထားတဲ့ တပ်စခန်းတွေဖြစ်ပေမယ့် ၂၀၁၃ ခုနှစ်မှာဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် KIA က အဲဒီတပ်စခန်းတွေကို တပ်စွန့်ခွာသွားပြီး စစ်တပ်က သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။

လိုင်ဇာအထက် ပါဂျောင်ဘွမ့် (Pajau Bum) အနီးတဝိုက်မှာရှိတဲ့ နာဖော့ပါဂျောင် (Nahpaw Pajau) စစ်တပ်စခန်းအကြီးကလည်း အရင်က KIA ဗဟိုဌာနချုပ်နေရာဟောင်းဖြစ်ခဲ့ပြီး ၁၉၈၇ ခုနှစ်တိုက်ပွဲမှာ KIA ကစွန့်ခွာသွားတဲ့ တပ်စခန်းဖြစ်ပါတယ်။

နာဖော့ပါဂျောင် (Nahpaw Pajau) နဲ့ မိုးမောက်မြို့နယ်ထဲမှာရှိတဲ့ အလောဘွမ့် တပ်စခန်းဟာ နှစ်ပေါင်း ၃၀ ကျော်ကြာမြင့်တဲ့ တပ်စခန်းတွေဖြစ်ပါတယ်။

အလောဘွမ့်တပ်စခန်းကိုတော့ စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် မတ်လ ၂၅ ရက်နေ့မှာ KIA က သိမ်းပိုက်ထားတာကြောင့် လိုင်ဇာအနီးရှိ အလောဘွမ့်စစ်ကောင်စီတပ်စခန်းကို ပထမဆုံးအကြိမ် သိမ်းပိုက်နိုင်တဲ့ တပ်စခန်းအကြီးတစ်ခုလည်းဖြစ်ပါတယ်။

မြစ်ကြီးနားဗန်းမော်ကားလမ်းပေါ် လိုင်ဇာဗဟိုဌာနချုပ်အနီးတဝိုက် စစ်ကောင်စီတပ်စခန်းတွေ ကင်းစင်သွားပြီးနောက် KIA တပ်တွေက ဗန်းမော်မှာ မြို့တွင်းတိုက်ပွဲဆင်နွှဲလာမှာကို စိုးရိမ်တဲ့အတွက် စစ်ကောင်စီတပ်တွေက ဗန်းမော်မြို့ကို လက်မလွတ်ရလေအောင် စစ်အင်အား အများအပြားနဲ့ လုံခြုံရေးတင်းကြပ်တာတွေ၊ မြို့တွင်း စစ်ရေးလှုပ်ရှားတာတွေ မတ်လ လဆန်းပိုင်းအတွင်းကနေ လုပ်ဆောင်နေပါတယ်။

မတ်လ ၇ ရက်နေ့ စတင်လိုက်တဲ့ KIA ရဲ့ စခန်းသိမ်းတိုက်ပွဲဟာ KIO လိုင်ဇာအနီးတဝိုက်မှာတင်မဟုတ်ဘဲ  ဝိုင်းမော်၊ ဆွမ်ပရာဘွမ်နဲ့ ဖားကန့်ဒေသတွေမှာရှိတဲ့ တပ်စခန်းတွေ သိမ်းပိုက်ထားနိုင်သလို တိုက်ပွဲတွေ လက်ဆက်ပြင်းထန်နေဆဲလည်း ဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button