ဆောင်းပါး

တိတ်ဆိတ်သွားတဲ့ ကွတ်ခိုင်မြို့

အထပ်မြင့် လူနေအိမ် အုတ်တိုက်တွေ၊ ဟိုတယ်တွေ၊ ဈေးဆိုင်တွေအပြင် မီးကြိုးတွေ နှင့် ရှုပ်ရှက်နေတဲ့ဓာတ်တိုင်တွေဟာ ပေ ၃၀ ကျော်လောက်ကျယ်တဲ့ ကတ္တရာလမ်းမကြီးဘေးမှာ နေရာယူလျှက်ရှိပါတယ်။

ကွတ်ခိုင်မြို့ရဲ့ စည်ကားလှတဲ့ ကတ္တရာလမ်းမကြီးတစ်လျှောက်မှာ အခုတော့ လူသူမရှိ တိတ်ဆိတ်ခြောက်ကပ်နေပြီးပဲ့တင်ထပ်လာတဲ့ ဆိုင်ကယ်တစ်စီးရဲ့ စက်သံကိုတော့ တလှိုင်လှိုင်နှင့် ကြားနေရပါတယ်။

အဲ့ဒီဒေသကို မကြာသေးခင်ကပဲ စစ်ကောင်စီလက်ထဲက တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ ပူးပေါင်းအဖွဲ့တို့ တိုက်ယူခဲ့ပြီး အောင်လံလွှင့်ထားတဲ့ TNLA ရဲ့ အလံတော်ကိုလည်းဒီကတ္တရာလမ်းမကြီးဘေးတလွှင့်လွှင့်နဲ့ အတိုင်းသား မြင်နေရပါတယ်။ ဒီမြို့ဟာ လွိုင်ဆမ်ဆစ် (တောင်သုံးဆယ်) တောင်တန်းကြီး တည်ရှိရာရှမ်းပြည်မြောက်ပိုင်းက အေးချမ်းတဲ့ တောင်ပေါ် မြို့ ကွတ်ခိုင် (Kutkai) လို့ အမည်ရပါတယ်။

ကွတ်ခိုင်မြို့ အခုလို တိတ်ဆိတ်ခြောက်ကပ်သွားရတာကတော့ ဩဂုတ်လ ၅ ရက်နေ့လေကြောင်းတိုက်ခိုက်ခံရပြီးချိန်ကစလို့ပါ။

လေယာဥ်ကလည်း ကျနော့အိမ်ဘေးကပဲဖြတ်သွားတာ အကုန်လုံးကို ရှင်းရှင်းလင်းလင်းမြင်နေရတယ်။လေယာဥ်ကနေချတဲ့ ဗုံးတွေကအစ အကုန်လုံးကိုမြင်ရတာ။ ဒီလိုမြင်ကွင်းမျိုးက ရုပ်ရှင်ထဲမှာပဲမြင်ဖူးတာလေလေကြောင်းတိုက်ခိုက်ခံရတဲ့နေရာနဲ့ ၃ မိနစ်လောက် လမ်းလျှောက်ရင်ရောက်တဲ့နေရာမှာရှိနေတဲ့ ကိုတူးတူး က ပြန်ပြော ပြတာပါ။

စစ်ဆင်ရေး ၁၀၂၇ ပထမလှိုင်းအလွန် စစ်ဘေးဒဏ်ကြောင့် နလန်ထူခါစ ကွတ်ခိုင်မြို့မှာ အရပ်သားတွေ ပြန်လည်နေထိုင် နေကြရင်း ပြန်လည် စည်ကားစပြုနေတာဖြစ်ပေမဲ့ ဒီတစ်ကြိမ် လေကြောင်းတိုက်ခိုက်ခံရတာကြောင့် တိတ်ဆိတ်မှု တကျော့ပြန်လာတာ ဖြစ်ပါတယ်။

အဲ့ဒီနေ့က စစ်ကောင်စီတပ်ဟာ ဂျက်ဖိုက်တာအမျိုးအစား လေယာဥ်ကိုအသုံးပြုပြီး ကွတ်ခိုင်မြို့ခံ ပြည်သူတို့ အားထားရာ မြို့မဈေးကြီးကို အဓိကပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်လိုက်ခြင်း ဖြစ်ပါတယ်။

ဖြစ်စဥ်မှာ အရပ်သား ၆ ဦး သေဆုံးခဲ့ရသလို ၁၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပြီး သေဆုံးသူတွေထဲက တစ်ချို့ဟာဈေးသည်များဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပစ်မှတ်ထား တိုက်ခိုက်ခံလိုက်ရတဲ့ ကွတ်ခိုင်မြို့မဈေး ၃ ပုံ ၁ ပုံလောက်က ဗုံးဒဏ်ကြောင့်ကုန်းကောက်စရာမရှိအောင် ပျက်ဆီးခဲ့ရပြီး၊ ပျက်ဆီးသွားတဲ့ ဈေးဆိုင်ခန်းတွေဟာလည်း တန်ဖိုးကြီးတဲ့ပစ္စည်းအရောင်းဆိုင်အများဆုံးလို့ ဒေသခံများက ပြောပါတယ်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ကတော့ ဩဂုတ်လ ၅ ရက်နေ့ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှု ဖြစ်စဥ်မှာ အရပ်သား ၆ ဦးပွဲချင်းပြီး သေဆုံးခဲ့ပြီး ဒေသခံ ၁၀ ဦး ထိခိုက်ဒဏ်ရာရခဲ့သလိုမြို့မဈေးက ဈေးဆိုင်ခန်းပေါင်း ၄၀၀ ကျော်မီးလောင်းပျက်ဆီးခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲ့ဒီနေ့က ဖြစ်စဥ်ကြောင့် ဒေသခံတွေတုန်လှုပ်ခဲ့ရပြီး ကွတ်ခိုင်မြို့ တိတ်ဆိတ်သွားရခြင်းဖြစ်ပါတယ်။

အဲ့ဒီဈေးနားတစ်ဝှိုက်က ဘာမှမကျန်တော့ဘူး အကုန်ကုန်သွားတာပဲ။ ဘုရားကျောင်းဘက်သွားရင်း အပြင် ထွက်တော့လမ်းမှာအကုန်လုံးက တိတ်ဆိတ်နေကြတာ။ တိုက်ပွဲစဖြစ်တုန်းကတောင် ဒီလိုအခြေနေ မဖြစ်ခဲ့ဘူး လို့ တစ်မြို့လုံးမှာ သူတစ်ယောက်ပဲရှိတဲ့အလား အထီးကျန်စိတ် ခံစားလိုက်ရကြောင်း ကိုတူးတူးက ပြန်ပြောပြပါတယ်။

၃၉ နှစ်အရွယ် ကိုတူးတူးဟာ လေကြောင်းတိုက်ခိုက်ခံရတဲ့နေရာတွေကိုသွားကြည့်ရင်း ဗုံးဒဏ်ကြောင့် ပျက်ဆီးနေတဲ့ကွတ်ခိုင်မြို့မဈေး နဲ့ ပြာကျနေတဲ့အဆောက်အဦးတွေကြား လက်ကျန်ပစ္စည်းလေးတွေ လာသယ်နေတဲ့ ဈေးသည်နဲ့ ဆိုင်ရှင်တွေကိုကြည့်ရင်း သူ့ရင်ထဲဝမ်းနည်းပူဆွေးစိတ်နဲ့အတူ ဒေါသစိတ်တွေ ပြည့်နှက်နေရာယူနေပါတယ်။

ကိုတူးတူးဟာ ဒီဖြစ်ရပ်ကနေ ကံသီလို့ လွတ်လာခဲ့သူတစ်ဦးပါ။ အဲ့ဒီလေကြောင်းမှုမတိုင်ခင် မြို့မဈေးနားမှာရှိတဲ့လက်ဖက်ရည်ဆိုင်တစ်ဆိုင်ကိုသွားဖို့ ပြင်ဆင်ခဲ့ပြီး စိတ်ထဲ နေထိုင်မကောင်းလို့ မသွားခဲ့တာလို့ သူက ပြန်ပြောပြပါတယ်။

အဲ့နေ့က ကျနော်က လက်ဖက်ရည်ဆိုင်သွားအုံးမလို့စဥ်းစားနေသေးတာ။ အဲ့ဆိုင်နဲ့မျက်စောင်းထိုးပဲ အိမ် တစ်လုံးလုံးအကုန်ပျက်ဆီးသွားတာ။ ကျနော်လည်းစိတ်က တစ်မျိုးဖြစ်နေလို့ ပြန်လာခဲ့လိုက်တာ

ကွတ်ခိုင်မြို့ကို မြောက်ပိုင်းညီနောင်မဟာမိတ်ရဲ့ သမိုင်းဝင် ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းမှာ အပြီးသတ်သိမ်းပိုက်ခဲ့ပြီးတအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA နဲ့ MNDAA တို့က ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

တစ်ဖက်မှာ တိုင်းရင်းသားလူမျိုးစု စုံလင်ကွဲပြားစွာ နေထိုင်တဲ့ ကွတ်ခိုင်မြို့မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIAတပ်မဟာ ၄ နယ်မြေလည်း ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ ကွတ်ခိုင်မြို့ကို လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်မှု မပြုလုပ်မှီ တစ်နာရီလောက်ကြာ ကင်းထောက်လေယာဥ်နဲ့ စောင့်ကြည့်ပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ပြည်သူထဲကမှ အခြေခံလူထုတွေရဲ့ ဘဝရပ်တည်ရေးမှာအခရာကျတဲ့ မြို့မဈေးကိုမှ လေကြောင်းတိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီရပ်လုပ်ရပ်ဟာ အရပ်သားကိုပစ်မှတ်ထားတိုက်ခိုက်တာဖြစ်တယ်လို့ လူ့အခွင့်အရေး လေ့လာစောင့်ကြည်သူတွေက ဆိုပါတယ်။

ဈေးဆိုတာက မြို့နယ်တစ်ခုလုံး ပြည်သူတွေအားလုံးရဲ့ စားရေးရိက္ခာတွေ။ ဒါကိုရည်ရွယ်ချက်ရှိရှိဖျက်ဆီးပစ်လိုက်သလိုပါပဲ ပြည်သူတွေ ဒုက္ခရောက်အောင် ရပ်တည်လို့မရအောင် တမင်လုပ်ခဲ့တဲ့ အင်မတန်အကြံစည်ယုတ်မာတဲ့ လုပ်ရပ်ပါ။ တူသောအကျိုး မလွယ်ရရှိပါစေသား

လို့ စစ်တပ်အပေါ် နာကြည်း စိတ်အပြည့်နဲ့ ကွတ်ခိုင်ဒေသခံတစ်ဦးက လူမှုကွန်ယက်မှာရေးသားထားပါတယ်။

စစ်ကောင်စီတပ်ဟာ တော်လှန်ရေးအင်အားစုတွေ အပြီးသတ်ထိန်းချုပ်သိမ်းပိုက်ထားနိုင်ပြီဖြစ်တဲ့ မြို့တွေမှာ ဈေး၊စာသင်ကျောင်း၊ ဆေးရုံဆေးခန်း၊ ဘာသာရေးအဆောက်အအုံ၊ တံတား အစရှိတဲ့ အရပ်သားပစ်မှတ်တွေကို အဓိကထားတိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ကွတ်ခိုင်မြို့လို ဖြစ်ရပ်ဆိုးက ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်နေ့မှာ ရှမ်းပြည်မြောက်ပိုင်းကသိန္နီမြို့မှာလည်းဖြစ်ခဲ့ပါသေးတယ်။

သိန္နီဈေးအစည်ကားဆုံးအချိန်လို့ပြောရမယ့် ဇူလိုင် ၁၈ ရက်နေ့ ညနေပိုင်း ၄ နာရီဝန်းကျင်အချိန်မှာ လေကြောင်းကနေဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့အတွက် SNLD ပါတီရဲ့ မြို့နယ်အတွင်းရေးမှူးအပါအဝင် အရပ်သား ၇ဦးထိသေဆုံးခဲ့ရပြီး ၁၇ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ရပါတယ်။

ဒါအပြင် ကချင်ပြည်နယ်ထဲက ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်ထားတဲ့ဒေသတွေထဲကမြို့သစ်ရွာဗုံးကြဲခံရမှုမှာ လည်း စစ်တပ်က မြို့သစ်ရွာမှာရှိတဲ့ တိုက်နယ်ဆေးရုံကိုပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီးအဲ့ဒီအနီးနေထိုင်တဲ့ အမျိုးသားတစ်ယောက် သေဆုံးခဲ့ရပါသေးတယ်။

စစ်ကောင်စီတပ်ဟာ မြောက်ပိုင်းညီနောင် ၃ ဖွဲ့သိမ်းပိုက်ထိန်းချုပ်ထားတဲ့ လောက်ကိုင်၊ သိန္နီ၊ နမ့်ဆန်၊ မြောက်ဦး နဲ့ကွတ်ခိုင်အပါ အဝင် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ကယား(ကရင်နီပြည်)၊ ကရင်ပြည်နယ်စတဲ့နိုင်ငံတစ်ဝှမ်းက အရပ်သားတွေ နေထိုင်ရာနေရာတွေကိုပဲ အဓိကပစ်မှတ်ထားတိုက်ခိုက်နေတာသိသာထင်ရှားနေပါတယ်။

ကွတ်ခိုင်မြို့ဆိုရင် မူဆယ်လားရှိုး ပြည်ထောင်စုလမ်းမကြီးပေါ်မှာတည်ရှိပြီး ၁၀၂၇ ပထမလှိုင်းမှာ တအာင်းတပ်နဲ့ပူးပေါင်းအဖွဲ့ တွေ ထိန်းချုပ်လိုက်ချိန်ကစလို့ ၁၀၂၇ ဒုတိယလှိုင်းတိုက်ပွဲကြောင့် နေရပ်စွန့်ခွာသူတွေရဲ့ ခိုလှုံရာတစ်နေရာဖြစ်ခဲ့တာပါ။

တစ်ဖက်မှာ ညီနောင် ၃ ဖွဲ့ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့နယ်အတွင်း တိုက်ပွဲအလျဥ်းမရှိတော့သလို ဒီလိုလုပ်ရပ်တွေကြောင့် အရပ်သားတွေ နေ့စဥ်ရက်ဆက် သေဆုံးနေရပြီး စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုတွေကိုဝိုင်းဝန်းတားဆီးကြဖို့ တရုတ်အပါအဝင် နိုင်ငံတကာကို ညီနောင်၃ဖွဲ့က တောင်းဆိုထားပါတယ်။

စစ်ကောင်စီက ကျမတို့ကို ဦးတည်ပြီးတော့တိုက်ခိုက်တယ်ဆိုတာထက်။ အရပ်သားတွေကိုဦးတည်ပြီး တိုက်ခိုက်တာဖြစ်ပါ တယ်။ အထူးသဖြင့်တော့အရပ်သားတွေအများဆုံးရှိရာမြို့မဈေး၊ ပြီးရင် လမ်းဆုံကိုမှရွေးပြီးတိုက်ခိုက်တာဖြစ်တဲ့အတွက် အရပ်သားတွေကိုပဲရည်ရွယ်ချက်ရှိရှိတိုက်ခိုက်တာဖြစ်ပါတယ်။ လို့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ပြန်ကြားရေးတာဝန်ခံ မလွေးယေဦးက ပြောပါတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံတစ်ဝှမ်း ပြည်တွင်းစစ်ပွဲတွေကြောင့် မြန်မာဟာ ကမ္ဘာမှာသေဆုံးမှုအများဆုံးအဆင့် ၃ နေရာမှာ ရောက်ရှိနေပြီလို့ ACLED လို့ခေါ်တဲ့ လက်နက်ကိုင်ပဋိပက္ခဖြစ်စဥ်တွေနဲ့တည်နေရာချက်လေ့လာရေးအဖွဲ့က ဩဂုတ်လ ၁၂ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ကမ္ဘာ့ပဋိပက္ခအဖြစ်ဆုံး အညွှန်းကိန်း အဆင့် ၂ မှာရပ်တည်နေတယ်လို့ ACLED က ဆိုပါတယ်။

အခုလို ပြည်တွင်းစစ်ကြောင့် အရပ်သားသေဆုံးမှု ကမ္ဘာမှာ အဆင့် ၃ အထိဆိုးဝါးလာတာဟာ စစ်ကောင်စီ တပ်ရဲ့လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုပိုပြီးအသုံးပြုလာတာ၊ လူကိုသေစေနိုင်တဲ့ လက်နက်တွေနဲ့ အရပ်သားတွေပဲနေထိုင်ရာနေရာတွေကို ရည်ရွယ်ချက်ထားတိုက်ခိုက်လို့ဖြစ်တယ်လို့ ရှေ့ပြေးအသံအဖွဲ့က ဒေါ်ခင်ဥမ္မာကပြောပါတယ်။

လေကြောင်းကနေတိုက်တယ်ဆိုတာက ဒရုန်းနဲ့တိုက်တာပဲပြောပြော၊ ဒရုန်းနဲ့ပစ်တာပဲပြောပြော ဒါတွေ အကုန်လုံးကမြေပြင်ပေါ်မှာ သေချာကြည့်ပြီး နည်းပညာနဲ့ကြည့်တာလေ အရပ်သားတွေရှိတဲ့နေရာမှာ မလုပ်ရဘူးလေ။ ဒါကအနိမ့်ဆုံးရှောင်ရမယ့်စစ်ဥပဒေထဲမှာပါတယ်။ Geneva Conventions ရဲ့ အဓိက အချက်တွေဖြစ်တယ်။ လို့ပြောပါတယ်။

ဒါပေမဲ့ စစ်ကောင်စီတပ်ကတော့ သူတို့ကို ဆန့်ကျင့်တဲ့သူတွေနေထိုင်တဲ့နေရာတွေ၊ တော်လှန်ရေးအင်အားစု တွေ နဲ့ လက်နက်မကိုင်ထားတဲ့ အပြစ်မဲ့တဲ့ သာမန်အရပ်သားပြည်သူတွေကိုတိုက်ခိုက်ခြင်းအားဖြင့် တော်လှန်ရေးလုပ်နေတဲ့သူတွေကို သွယ်ဝှိုက်တဲ့နည်းနဲ့ အားနည်းသွားအောင် ဗျူဟာသုံးတိုက်ခိုက်တာလို့ ဒေါ်ခင်ဥမ္မာကပြောပါတယ်။

အရပ်သားတွေကို ရည်ရွယ်ချက်ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေ ရန်သူတွေကိုရည်ရွယ်ပြီး တိုက်ခိုက်ရင်း အရပ်သားတွေထိခိုက်မှာကို မငှဲ့ကွက်ပဲလုပ်ခြင်းဟာ နိုင်ငံတကာ စစ်ဥပဒေတွေကို ချိုးဖောက်တာဖြစ်တယ်လို့ဆိုပါတယ်။

ဒါ့အပြင် တစ်ဖက်မှာလည်း တော်လှန်ရေးကာလအတွင်း အရပ်သားတွေ ရင်ဆိုင်ကြုံတွေ့ရမယ့် ဒုက္ခတွေ၊ထိခိုက်မှုတွေအနည်း ဆုံးဖြစ်အောင် ပြည်သူအတွက် တော်လှန်ရေးလုပ်တဲ့အဖွဲ့အစည်းတွေမှာ တာဝန်ရှိ တယ်လို့ ဒေါ်ခင်ဥမ္မာက ထောက်ပြပါတယ်။

စစ်ကောင်စီရဲ့ အရပ်သားတွေအပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေအတွက် ကုလသမဂ္ဂကို စုံစမ်းစစ်ဆေးခွင့်ပြုဖို့နဲ့ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးခွင့်တွေပြုဖို့ တော်လှန် ရေးအဖွဲ့တွေက ပူးပေါင်းပြီး ဆောင်ရွက်သင့်တယ်လို့ ရှေ့ပြေးအသံ အဖွဲ့ကထောက်ပြပါတယ်။

“NUG EROs PDF တို့မှာ ဦးဆောင်သူတွေအနေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ ကလူ့အခွင့်အရေးတွေနဲ့ ပတ်သက်လို့ ဝိုင်းဝန်းအားဖြည့်ပါဝင်ပေးနိုင်တဲ့ကိစ္စတွေကို လက်ကမ်းကြိုဆို သင့်တယ်။ပူးပေါင်းဆောင်ရွက်မှတွေ ပိုလုပ်သင့်တယ်လို့ ဒေါ်ခင်ဥမ္မာက အကြံပြုပါတယ်။

ကွတ်ခိုင်မြို့မဈေးကို ပစ်မှတ်ထား တိုက်ခိုက်မှုအပြီး ဩဂုတ်လ ၇ ရက်နေ့မှာလည်း စစ်တပ်က ကွတ်ခိုင်မြို့ကိုလေကြောင်းသုံးပြီး ထပ်မံ တိုက်ခိုက်ခဲ့ပါတယ်။ ဒီဖြစ်စဥ်မှာတော့ အရင်စစ်ကောင်စီရဲ့ ဗျူဟာကုန်းအတွင်းကျရောက်ပေါက်ကွဲခဲ့လို့ အရပ်သား ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်း ကိုးကန့်တပ်က ထုတ်ပြန်ပါတယ်။

ဩဂုတ်လ ၁၂ ရက်နေ့ လူအိပ်ချိန် ညသန်းခေါင်ယံ ၁၂ နာရီဝန်းကျင်မှာလည်း တအာင်းတပ်ထိန်း ချုပ်ထားတဲ့နမ့်ဆန်မြို့ကို လေကြောင်းနဲ့ တိုက်ခိုက်ခဲ့ပြီး အရပ်သား ၂ဦး သေဆုံးခဲ့ရသလို ထိခိုက်ပျက်ဆီးမှုတွေကလည်းရှိခဲ့ပြန်ပါတယ်။

လူသေဆုံးမှုနဲ့ မြို့မဈေးပြာကျပျက်ဆီးမှုတွေအကြား ဖြေမဆည်နိုင်ဖြစ်နေတဲ့ ကွတ်ခံဒေသခံ ကိုတူးတစ်ယာက်ဩဂုတ်လ ၇ ရက်နေ့က ကွတ်ခိုင်မြို့ စကစဗျူဟာကုန်းဟောင်း တိုက်ခိုက်ခံရမှုဖြစ်စဥ်မှာ လွှင့်စင်လာတဲ့ ဗုံးဆက သူ့အိမ်အနီးနားထိ ရောက်လာလို့ဗျူဟာမှာကျတဲ့ဗုံးဆက တွေးကြည့်ရင်း လန့်စရာကြီး နေရာအတော် များများကိုဗုံးဆက ရောက်လာနိုင်တယ်။ ဗုံးဆကလည်း တစ်ပေပတ် လည်လောက်ရှိတယ်။လို့ ထိတ်လန့်စိတ်နဲ့ပြန်ပြောပြပါတယ်။

ကိုတူးတူးတစ်ယောက် လေယာဥ်သံကြားတိုင်း ထိတ်လန့်နေပေမဲ့ သူမမွေးခင်ကတည်းကရှိခဲ့တဲ့ ကွတ်ခိုင် မြို့မဈေးကြီးပြန်လည်ထူထောင်ဖို့အတွက်တွေးတောနေရသလို တိတ်ဆိတ်သွားတဲ့ ကွတ်ခိုင်မြို့ကြီးနဲ့ သူ့ရဲ့သားသမီးများရဲ့ အနာဂါတ်ကိုပါ တွေးရင်း အတွေးပေါင်းများစွာနဲ့ ပူဆွေးနေရပါတယ်။

By – အမိုး

Show More

Related Articles

Back to top button