ဆောင်းပါးသတင်းဆောင်းပါး

ဝှေခါစခန်းသိမ်းတိုက်ပွဲက အာဂအမျိုးသမီး

ကတုတ်ကျင်း တစ်ခုလုံးကလည်း ရမ်းငွေ့တွေနဲ့ အကုန်ပြည့်ပြီး မီးတွေကပွင့် ဘာမှကို မမြင်ရတော့တာ“ လို့ ပြန်လည်ပြောပြသူကတော့ ပြီးခဲ့တဲ့ ဝှေခါတိုက်ပွဲအပြီး တပ်ကြပ်ကြီး ရာထူးတိုးမြှင့်ခံရတဲ့ အသက် ၄၀ ကျော်အရွယ် ဒေါ်ချောစုပါ။

ဒေါ်ချောစုဟာ ကျောက်စိမ်းသိုက်တည်ရှိရာ ကချင်ပြည်နယ် ဖားကန့်မြို့ ဝှေခါဒေသမှာမွေးဖွားခဲ့ပြီး မိဘတွေဆုံးသွားတာကြောင့် မွေးစားအဖေအမေနဲ့ပဲ ကြီးပြင်းလာခဲ့သူဖြစ်ပါတယ်။

ကချင်လူမျိုး မွေးစားမိဘတွေနဲ့ အတူနေခဲ့ရတဲ့ ရှမ်းလူမျိုးစပ် ဒေါ်ချောစုကို ကချင်နာမည် ဂျန်မော် ခေါန်ရှောင် လို့လည်း ပတ်ဝန်းကျင်က ခေါ်ကြပါတယ်။ သူမမှာ သမီး ၄ ယောက် သား ၂ ယောက် ရှိပြီး Single Mother တစ်ယောက်လည်း ဖြစ်ပါတယ်။

အိမ်ထောင်မကွဲခင် သူမ အမျိုးသားဟာ ကျောက်စိမ်းလုပ်ငန်းလုပ်ကိုင်ပြီး သူမကလည်း အထည်ဆိုင်လုပ်ငန်း လုပ်ကိုင်သလို အိမ်ပိုင်ကားပိုင်နဲ့ မိသားစုအတော်လေးအဆင်ပြေခဲ့ပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် မတရားမှုကို လက်မခံတဲ့ သူမဟာ အာဏာ သိမ်းမှုကို ဆန့်ကျင့်ဖို့ သပိတ်စစ်ကြောင်းတွေမှာ ကိုယ်တိုင်ဦးဆောင်ပါတယ်။

အိမ်ထောင်ရေး ကံမကောင်းခဲ့ပေမဲ့ သူမ ဂရုမစိုက်တော့ပဲ ကိုယ့်သားသမီးနဲ့ မျိုးဆက်သစ်တွေအတွက် တက်ကြွစွာ ဝှေခါသပိတ် စစ်ကြောင်းတွေထဲ ဦးဆောင်ပြီးပါဝင်ခဲ့သူပါ။ အဲ့ဒီလို တက်ကြွတဲ့သူမဟာ စစ်ကောင်စီကို အမြစ်ဖြတ်ဖို့ ကိုယ်ပိုင်အိမ် ကိုယ်ပိုင်ကား ကိုယ်ပိုင်လုပ်ငန်း နဲ့ မိသားစုကိုချန်ထားပြီး လက်နက်ကိုင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

သူမ လက်နက်ကိုင်ဖို့ ဆုံးဖြတ်ချိန်ဟာ အာဏာသိမ်းပြီး ၃ လအကြာ မေလမှာ ဖြစ်ပါတယ်။ လက်နက်ကိုင်ဖို့ ဝှေခါမှာ လူစုတဲ့အချိန် အမျိုးသမီးအနေနဲ့ သူမတစ်ယောက်သာပါဝင်ပြီး ဦးဆောင်သူဟာလည်း သူမဖြစ်ကြောင်း စစ်သင်တန်းတက်ဖို့ စလုပ်တဲ့အကြောင်း သူမရယ်ရယ်မောမောနဲ့ ပြန်ပြောပြပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် တော်လှန်ရေးလုပ်ငန်းမှာ လက်နက်ကိုင်ပြီး ပါဝင်ခဲ့တဲ့ ဒေါ်ချောစု

ကျမ မှတ်မှတ်ရရ ၅ လပိုင်း ၂၆ ရက်နေ့ပဲ နင်တို့ ဝှေခါထဲက ၁၀ ယောက်လောက် စစ်သင်တန်းခေါ်သွားပေးမယ် ဘယ်သူ ဦးဆောင်ပြီး သွားမလဲလို့ မေးတဲ့အချိန် အဲ့တာနဲ့ကျမက ငါဦးဆောင်မယ်” ဆိုပြီး သူမနေထိုင်တဲ့ ဝှေခါဒေသအတွက် လက်နက်ကိုင်ဖို့ သူမ အပါအဝင် ၁၄ ယောက်တော်လှန်ခရီး အစပြုခဲ့ပါတယ်။

ဒေါ်ချောစုအနေနဲ့ စစ်တပ်ကို တော်လှန်ဖို့ စိတ်ပြင်းပြခဲ့ရတာဟာ သူမဇာတိ ဖားကန့် ဒေသနဲ့ သူမရဲ့ သားသမီး ၆ ယောက်ရဲ့ အနာဂတ်အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

ကျမတို့မြန်မာနိုင်ငံက အရမ်းဒုက္ခဆင်းရဲတွေအများကြီးပဲ ဘာလို့လဲဆိုတာ စဥ်းစားကြည့်တယ်။ ကျမတို့ဆီမှာဆို ကျောက်စိမ်းတွေ အများကြီးထွက်ပေမဲ့ ဘာဖြစ်လို့သူများတွေက ကောင်းစားနေလဲ ဆင်းရဲသူတွေက အရမ်းဆင်းရဲပြီး ချမ်းသာသူတွေက အရမ်းချမ်းသာနေရလဲ ဘာလို့လဲဒါတွေက မတရားမှုတွေလား” ဆိုပြီး သူနေထိုင်ကြီးပြင်းခဲ့တဲ့ပတ်ဝန်းကျင်ကို ကြည့်ပြီး တရားမျှတမှုအတွက်တစ်ထောင့်တစ်နေရာမှာ ပါဝင်ဖို့ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ကလေး ၆ ယောက်မိခင် ဒေါ်ချောစုတစ်ယောက် အထည်ဆိုင်လုပ်ငန်းရှင်ဘဝကနေ စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်သူ အဖြစ် နေ့ချင်းရောက်သွားပါတယ်။

စစ်သင်တန်းတက်ပြီး ပြန်လာချိန် ဝှေခါရွာထဲမှာ သူမဟာ ကာကွယ်ရေးတပ်ခေါင်းဆောင်ဆိုပြီး နာမည်ထွက်လာတဲ့အတွက် မိသားစုကို ထိခိုက်လာမှာ စိုးရိမ်လို့ အထုပ်ကိုဆွဲ လွတ်ရာရှောင်ရင်း ထောက်ပို့တပ်သားအဖြစ် လက်နက်ကိုင်တော်လှန်ရေးခရီး လမ်းအစ ပြုခဲ့ပါတယ်။

ကျမက ထောက်ပို့အနေနဲ့ ကိုယ်တိုင်ကားမောင်းပြီး အကုန်လျှောက်သွားနေရတာပေါ့ နောက်ဆုံးကျမ ကားကိုရောင်းလိုက်ရ ကားလည်းအစားပြန်မရဘူး အဲ့လိုနဲ့ ရှိတဲ့ပိုက်ဆံနဲ့ ထိုင်စားရင်း ပိုလို့ကြပ်တည်း လာတယ်” လို့ တော်လှန်ရေးခရီး ကြမ်းတမ်းခဲ့တဲ့ အမှတ်တရဖြစ်စဉ်တွေကို ပြောပြပါတယ်။

နှစ်ချီ ထောက်ပို့တပ်သားအဖြစ် တော်လှန်ရေးအတွက် လျှို့ဝှက်လှုပ်ရှားရင်း သူမရဲ့ လုပ်ဆောင်မှုအားလုံးကို ဘုရားထံ အပ်နှံထားတယ်လို့ ခရစ်ယာန်ဖြစ်တဲ့ သူမက ယုံကြည်ထားပါတယ်။

ထောက်ပို့တပ်သား ဒေါ်ချောစုအတွက် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့ ဝှေခါတိုက်ပွဲက ပထမဆုံး လက်နက်ကိုင်တိုက်ပွဲ ဖြစ်ပါတယ်။ အဲ့ဒီတိုက်ပွဲအတွင်း အမျိုးသမီးဆိုလို့ သူမတစ်ယောက်သာ ပါဝင်ခဲ့ပါတယ်။

ကျမကလည်း တိုက်ပွဲ တိုက်ချင်တာလို့ပြောလိုက်တော့ တကယ်တိုက်မလားဆိုပြီးမေးတယ်။ ကျမကို တားမရတဲ့အဆုံး မထူးတော့ဘူးဆိုပြီး ကျမကိုခေါ်သွားတာ” လို့ ဇန်နဝါရီလ ၁၈ ရက်နေ့က သူမရဲ့ပထမဆုံး ရှေ့တန်းစစ်မြေပြင်ကို သွားခဲ့ရကြောင်း ပြန်ပြောပြ ပါတယ်။

သူမ ရောက်သွားတဲ့အချိန် ဝှေခါရွာထဲက ခလရ ၄၂ တပ် နဲ့ KIA ပူးပေါင်းတပ်တွေအကြား တိုက်ပွဲအလွန်ပြင်းထန်နေပါပြီ။ ရှေ့တန်းမြေပြင်ကို ရောက်တာနှင့် ခလရ ၄၂ တပ်ရဲ့ အနီးဆုံး တောင်ခြေရင်းမှာ နေရာယူထားတဲ့ ရဲဘော်တွေဆီ ရိက္ခာအရောက် ပို့ခဲ့ပါတယ်။ တိုက်ပွဲ ပြင်းထန်လာသည်နှင့်အမျှ ရဲဘော်တွေလည်းပင်ပန်းပြီး ရိက္ခာပါ မကျန်တော့တဲ့အချိန် ဖြစ်လာပါတယ်။

တကယ်ကို စွန့်စွန့်စားစားပဲ စစ်တပ်ကုန်းရဲ့ ခြေရင်းက ကျမတို့လူတွေကို ထမင်းသွားပို့ကြတာ ဘယ်သူမှ မသွားရဲတဲ့နေရာ အဲ့တာအခုအချိန်ထိ သူတို့က ကျေးဇူးတင်နေကြတာ” လို့ သူမက နောက်ထပ်ရဲဘော်တစ်ယောက်နဲ့အတူ ရှေ့တန်းစစ်မြေပြင်ကို အသက်နဲ့ရင်း ရိက္ခာပို့ခဲ့ရတဲ့အကြောင်း အတွေ့အကြုံတစ်ခုကို ပီတိအပြည့် နဲ့ ပြန်လည်ပြောပြပါတယ်။

ရိက္ခာသွားပို့ချိန်က ညနေစောင်း ၄ နာရီလောက်ဖြစ်ပြီး ရိက္ခာပို့ပြီး သူမတို့ခနနားနေချိန်မှာပဲ အပြန်အလှန် ပစ်ခတ်မှုတွေ ပြင်းထန်လာပါတယ်။

ကတုတ်ကျင်းတစ်ခုလုံးကလည်း ရမ်းငွေ့တွေနဲ့ အကုန်ပြည့်ပြီး မီးတွေကပွင့် ဘာမှကိုမမြင်ရတော့တာ လို့ တိုက်ပွဲဖြစ်စဉ်ကို ပြန်ပြောပြပါတယ်။

ပစ်ခတ်မှု ခနငြိမ်သွားချိန်မှာပဲ သူတို့ထဲက ရဲဘော်တစ်ယောက် အသက်ပေးလိုက်ရပြီး အဲ့ဒီရဲဘော်ရဲ့ ရုပ်အလောင်းကိုလည်း သူမနဲ့အတူ ရဲဘော်တွေ ခက်ခက်ခဲခဲ ထုတ်ခဲ့ရပါတယ်။

အဲ့ဒီစိတ်နဲ့ သူမဟာ ကျမလည်း တာဝန်ရှိသူကို ကျမသွားပစ်မယ်ဆိုပြီးသွားပြောတာ အဲ့တာသူက တားသေးတယ်သေနတ်ပစ်ချင်လို့ ဝင်လာပါတယ်ဆိုပြီး ကျမလည်း စစ်တပ်ကုန်းနဲ့ နီးတဲ့နေရာဘယ်နားလည်းဆိုပြီး တက်သွားတာ အဲ့မှာ သူတို့ဘက်ကလည်း ပစ်ရော ဝီးခနဲဝီးခနဲပဲ

ဝှေခါ စခန်းသိမ်းတိုက်ပွဲဟာ ဇန်နဝါရီလ ၆ ရက်နေ့ကနေ စတင်ခဲ့တာဖြစ်ပြီး တိုက်ပွဲစတင်တဲ့နေ့ကစ ဒေါ်ချောစု တစ်ယောက် ထောက်ပို့အဖြစ် သာမက နောက်ဆုံးစခန်းသိမ်းဖို့အတွက် လက်နက်ကိုင်ပြီး သူမကိုယ်တိုင် ရှေ့တန်းမှာ ပစ်ခတ်ပါတော့မယ်။

ဇန်နဝါရီလ ၂၀ ရက်နေ့မှာတော့ ဝှေခါ ခလရ ၄၂ တပ်စခန်းတစ်ခုလုံးကို KIA ပူးပေါင်းတပ်တွေဘက်က သိမ်းပိုက်နိုင်ခဲ့ပြီး အဲ့ဒီတိုက်ပွဲအတွင်း စစ်သုံ့ပန်းရော လက်နက်ခဲယမ်းတချို့ပါ ရရှိ ခဲ့ပါတယ်။

ဝှေခါရွာ စစ်ကောင်စီ တပ်စခန်းဟာ အင်းတော်ကြီးဒေသ နဲ့ ဖားကန့်ဒေသကို ချိတ်ဆက်ထားတဲ့ စစ်ကောင်စီရဲ့ အရေးကြီးတဲ့ စခန်းကုန်းတစ်ခုလည်း ဖြစ်ပါတယ်။

စခန်းကို သိမ်းပိုက်ပြီးနောက် ဇန်နဝါရီလ ၂၂ ရက်နေ့မှာပဲ ကချင်လွတ်လပ်ရေးတပ်မတော် KIA စစ်ရုံးချုပ် က ဝှေခါစခန်းသိမ်း တိုက်ပွဲမှာ ရဲရင့်ထူးချွန်ပြောင်မြောက်စွာ တိုက်ပွဲအစကနေ အဆုံးထိပါဝင်ခဲ့တဲ့ ဒေါ်ချောစု ကို တပ်ကြပ်ကြီးအဖြစ် ရာထူးတိုးမြှင့်ပေးခဲ့ ပါတယ်။

တိုက်ပွဲပြီးတော့ တစ်ရက်လူကြီးတွေက ကျမကိုတွေ့မယ်ပြောတယ်တဲ့ အဲ့တာနဲ့ လူကြီးတွေရှိတဲ့ နေရာကို သွားတော့ ဒီလိုဒီလိုပြောတာပေါ့ အဲ့မှာ ရာထူးတိုးသွားပြီပေါ့လေ ပျော်သလားဆိုလည်း ဝမ်းတော့ဝမ်းသာ ပါတယ်။ ရာထူးအတွက်လည်း တစ်ခါမှ မတွေးခဲ့ဘူးတော့ အဲ့တာကိုစိတ်လည်းမဝင်စားဘူး အဲ့လောက်လည်း ရင်မခုန်ဘူး တိုက်ပွဲအမြန်ဆုံးပြီးနိုင်ငံအေးချမ်းဖို့ပဲ အဲ့တာလေးပဲတွေးတာပါပဲ” လို့ သူမက ပြောပါတယ်။

ယခင်က အထည်ချုပ်ဆိုင်လုပ်ငန်းနဲ့ သားသမီး ၆ ယောက်မိခင် ဒေါ်ချောစုကို ဖားကန့်တစ်ခွင် ပြည်သူတွေရဲ့ သူရဲကောင်းအဖြစ် လူထုက ချီးကျူးနေကြပါပြီ။

အမျိုးသမီးဆိုပြီး စိတ်ဓာတ်မကျနဲ့ အားမငယ်နဲ့ တစ်ထောင့်တစ်နေရာကနေဝင်ပြီး ပါဝင်ကြိုးစားကြဖို့ ပြောချင်တယ် အရာအားလုံးက စိတ်ဓာတ်မကျပဲ ဆက်လှမ်းရင်အောင်မြင်မှာလို့ ယုံကြည်တယ်

စစ်အာဏာရှင်သာအမြစ်ပြတ်ပြီးနောက် သူမသားသမီးတွေနဲ့အတူ အေးချမ်းစွာနေချင်တာက သူမ ဆန္ဒဖြစ်တယ်လို့ ပြောပါတယ်။

By – အမိုး

Show More

Related Articles

Back to top button