မအူပင်ရွာ ဘာကြောင့် မီးရှို့ဖျက်ဆီးခံရသလဲ
ဒေသခံ ၁၀၀ ကျော်အတွက် အကူအညီလိုအပ်နေ

ဖားကန့်မြို့နယ် ကားမိုင်းမြို့ နဲ့ တဆက်တည်းတည်ရှိတဲ့ မအူပင်ကျေးရွာအောက်ပိုင်းကို ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ စစ်ကောင်စီတပ် နဲ့ ပြည်သူ့စစ်အဖွဲ့တွေက မီးရှို့ဖျက်ဆီးလိုက်ကြပါတယ်။
ဒါဟာ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်က ကချင်ပြည်နယ်ထဲက ကျေးရွာမီးရှို့တာ ဒုတိယအကြိမ်ဖြစ်ပြီး ၂၀၂၂ ခုနှစ် ဩဂုတ်လတုန်းက ဆယ်ဇင်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့စဉ် အိမ်ခြေ ၆၇၀ ကျော်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ကားမိုင်း စစ်ဗျူဟာထဲက စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေဟာ ဇန်နဝါရီလ ၇ ရက်နေ့ မနက်ပိုင်း ၁၁ နာရီခန့်က မအူပင်ကျေးရွာကို စစ်ကားနဲ့ ရောက်လာပြီး သေနတ်ပစ်ခတ်မှုစတင်ပြုလုပ်ခဲ့ပြီးနောက် ခနအကြာမှာတော့ ကျေးရွာနေအိမ်တွေကို တစ်အိမ်ပြီးတစ်အိမ် မီးရှို့ခဲ့ကြပါတယ်။
စစ်တပ်ဝင်လာပြီး သေနတ်ပစ်ခတ်မှုတွေကြောင့် ဒေသခံတွေ ထွက်ပြေးသွားချိန် ကျေးရွာအဝင် ကုန်စုံဆိုင်မှာရောင်းချတဲ့ ဓါတ်ဆီ၊ ဒီဇယ်တွေကို သယ်ယူပြီး တစ်ရွာလုံးကို မီးရှို့ခဲ့တာဖြစ်တယ်လို့ မအူပင်ဒေသခံ အမျိုးသားတစ်ယောက်က KNG ကို ပြောပါတယ်။
“ကားမိုင်းဗျူဟာကုန်းက စစ်သားတွေနဲ့ ပြည်သူ့စစ်တွေက ကားနဲ့ ဗြုန်းကနဲ ရောက်လာကြတာ။ သူတို့စီးလာတဲ့ ကားကို မအူပင် ရေကာတာနားက ဘုန်းကြီးကျောင်းမှာ ရပ်ထားပြီးတော့ အခုမီးရှို့ပေးလိုက်တဲ့ ဘက်ခြမ်းကို သေနတ်တွေ ဆက်တိုက်ပစ်ဖောက်ပြီး ဝင်လာကြတာ ဟုတ်တယ်။ ရွာသားတွေက အသံကြားတာနဲ့အကုန် ထွက်ပြေးသွားကြတာ။ ဆီဆိုင်တွေက ဗူးတွေယူပြီးတော့ တစ်အိမ်ပြီးတစ်အိမ် ဝင်ရှို့ပေးလိုက်တာ ဟုတ်တယ်”
မအူပင် ကျေးရွာ
‘မအူပင်’ ပေါများတဲ့ နေရာဒေသဖြစ်တာကြောင့် မအူပင်ကျေးရွာလို့ ခေါ်ဆိုသွားကြတယ်လို့ ဒေသခံတွေ ပြောပါတယ်။
၁၉၉၀ မတိုင်ခင်ကတည်းက တည်ရှိခဲ့ပြီး ဒေသခံတွေက ကျေးရွာလို့ သုံးစွဲကြပေမယ့် အစိုးရမှတ်တမ်းမှာတော့ ကားမိုင်းမြို့ ရပ်ကွက်တစ်အခုအဖြစ် သတ်မှတ်ထားပါတယ်။ ဖားကန့် လမ်းမပေါ်တည်ရှိပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၂ လက်အောက် တပ်ရင်း ၄၄ လှုပ်ရှားနယ်မြေ ဖြစ်ပါတယ်။
မအူပင်ကျေးရွာမှာ ကချင်လူမျိုး သီးသန့်နေထိုင်တဲ့ ရွာအောက်ပိုင်း နဲ့ ဂေါ်ရခါးအပါအဝင်တခြားလူမျိုးတွေ စုပေါင်းနေထိုင်ကြတဲ့ ရွာအထက်အောက် ၂ ပိုင်းဆိုပြီး အိမ်ထောင်စု ၄၀ ကျော်ရှိပါတယ်။
မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့အပိုင်းကတော့ ကချင်မျိုးလူမျိုး အများဆုံးနေထိုင်တဲ့ ကားလမ်းမဘေးက နေအိမ် ၂၀ လုံးခန့်ဖြစ်တယ်လို့ သိရပါတယ်။
ဘာကြောင့် မအူပင်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တာလဲ
ဒီနှစ် နှစ်ဆန်းပိုင်းက စတင်ပြီး ဖားကန့်မြို့နယ် ဝှေခါ နဲ့ နမ့်တိန့် စစ်ကောင်စီတပ်စခန်းနေရာတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ဝှေခါတပ်စခန်းကို ဇန်နဝါရီလ ၂၀ နေ့ သိမ်းယူခဲ့ပြီး နမ့်တိန် တပ်စခန်းကိုတော့ ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ရက်ပေါင်း တစ်လခန့်ကြာတဲ့ စခန်းသိမ်းတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများခဲ့သလို အရှင်ဖမ်းဆီးရမိသူများလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
သိမ်းပိုက်ခံရတဲ့ နမ့်တိန်တပ်စခန်း နဲ့ မီးရှို့ခံရတဲ့ မအူပင်ကျေးရွာမှာ ကားလမ်းမတစ်ဆက်တည်း ၁၅ မိုင်ခန့် ကွာဝေးတယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီ ၇ ရက်နေ့မနက်ပိုင်းက ကျေးရွာအတွင်း KIA တပ်ဖွဲ့တွေ ရှိနေခဲ့တယ်လို့ ဒေသခံတွေလည်း ပြောပါတယ်။
ဖားကန့်မြို့နယ်ထဲက အရေးပါတဲ့ တပ်စခန်းတွေကို လက်လွှတ်ဆုံးရှုံးလိုက်ရပြီးနောက် အခုလို ကချင်အများစုနေထိုင်တဲ့ ကျေးရွာတွေကို မီးရှို့ခဲ့တာလို့ မအူပင်ဒေသခံ အမျိုးသားက KNG ကို ပြောဆိုပါတယ်။
“အားလုံးသိတဲ့အတိုင်း စစ်တပ်အာဏာသိမ်းပြီးနောက်မှာက KIA က တော်လှန်ရေးလုပ်ငန်းတွေ ဖော်ဆောင်နေတာ တွေ့ရတယ်။ အဲလိုပဲ ဖားကန့် ဘက်မှာလည်း စစ်တပ်ရဲ့စခန်းနေရာတွေကို တိုက်ခိုက်သိမ်းပိုက်တာတွေလုပ်နေတယ်။ ပြီးရင် ရွာတွေမှာလည်း သူတို့လုပ်ငန်းအတွက် အဝင်အထွက်လုပ်နေတယ်။ အဲဒါကို စစ်တပ်က သူတို့က သွားရောက်တိုက်ခိုက်တာမျိုးတော့မလုပ်ဘဲနဲ့ ပြည်သူတွေကို နှိပ်စက်လာတယ်လို့မြင်ပါတယ်” လို့ ပြောပါတယ်။
ဒေသခံတွေရဲ့ ပြောဆိုချက်အရ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကျေးရွာအတွင်း KIA တပ်ဖွဲ့တွေ ဝင်ထွက်သွားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မီးရှို့ဖျက်ဆီးသွားတာဖြစ်တယ်လို့ သိရပါတယ်။
စစ်တပ်အနေနဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်ကို မစောင့်ရှောက်ဘဲ ပြည်သူပိုင်လူနေအိမ်တွေကို အကြောင်းမဲ့ လာရောက်မီးရှို့ ဖျက်ဆီးသွားတဲ့လုပ်ရပ်မှာ စစ်ရာဇဝတ်မှုမြောက်တယ်လို့ ကချင်နိုင်ငံရေး လေ့လာစောင့်ကြည့်သူတစ်ဦးက KNG ကို ပြောပါတယ်။
“တကယ်ဆိုရင် တိုက်ပွဲဖြစ်လို့ ထိခိုက်သွားတာတို့ ပျက်စီးသွားတယ်ဆိုရင်တောင် နားလည်ပေးလို့ရတယ်။ အခုဟာဖြင့် တိုက်ပွဲဖြစ်တာလည်းမရှိဘူး။ တမင်တကာ လာရှို့သွားတာက တကယ့်လူမဆန်တဲ့ လုပ်ရပ်ဖြစ်တယ်။ စစ်တပ်တစ်ခုအနေနဲ့ လုံးဝမလုပ်သင့်တဲ့အရာဖြစ်တယ်။ စစ်တပ်အနေနဲ့ စစ်ရာဇဝတ်မြောက်တဲ့လုပ်ရပ်သာဖြစ်တယ်” လို့ ပြောပါတယ်။
ရွာမီးရှို့ ဖျက်ဆီးခံရတဲ့ မအူပင်ဒေသခံများ အကူညီလိုအပ်နေ
အိုးအိမ်မဲ့ ဖြစ်သွားတဲ့ မအူပင် ကချင်ဒေသခံပြည်သူတွေဟာ လက်ရှိ ကထန်ယန် နဲ့ လွယ်ဆိုင်ကျေးရွာ ၂ ခုရှိ ကတ်သစ်လစ် ဘုရားကျောင်း၊ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း နဲ့ ဆွေမျိုးနေအိမ်တွေမှာ ယာယီတိမ်းရှောင်နေပါတယ်။
မီးရှို့ဖျက်ဆီးခံရတဲ့အထဲ ပြည်သူ နေအိမ် ၂၀ လုံးခန့် မီးလောင်ပျက်စီးသွားပြီး ဒေသခံ ၁၈၀ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ပါတယ်။
အဝတ်တစ်ထည်နဲ့ ကိုယ်လွတ် ရုန်းကန်ထွက်ပြေးခဲ့ရတာကြောင့် လက်ရှိမှာ အသင်းတော်အသီးသီးက တာဝန်ရှိတဲ့သူတွေ ဘုရားကျောင်းဝင်း နေရာတွေမှာ နေရာချထားပေးပြီး စောင့်ရှောက်နေရတယ်လို့ သိရပါတယ်။
မီးရှို့ဖျက်ဆီးခံရတဲ့အထဲ ကာလတန်ဖိုးအားဖြင့် သိန်း ၈၀၀ ဝန်းကျင် ဆုံးရှုံးခဲ့ရတဲ့ မအူပင်ဒေသခံ အမျိုးသမီးတစ်ဦးက သူမရဲ့ အဖြစ်အပျက်ကို ငိုယိုပြီး KNG ကို ပြောပြလာပါတယ်။
“အိမ်က ၂ လုံးပါသွားတယ်။ စပါးကျီတွေလည်း ပါသွားတယ်။ ဆိုင်ကယ် ၂ စီးပါသွားတယ်။ ကုန်စုံဆိုင်တစ်ခုလုံးလည်း ပါသွားတယ်။ ဘာမှမကျန်ဘူး အကုန်ပါသွားတယ်။ စျေးဆိုင်တစ်ခုတင် သိန်းရာကျော်တယ်။ ကိုယ့်ရဲ့ အိမ်တစ်ခုလုံး မီးလောင်နေတာကို တွေ့ရတဲ့ ခံစားချက်က ဘယ်လိုမှ မခံစားနိုင်ဘူး။ ရင်ဘတ်တောင် နာတယ်။ ဘယ်လိုမှ မပြောပြ တတ်တော့ဘူး” လို့ ပြောပါတယ်။
လက်ရှိခိုလှုံတဲ့ နေရာမှာလည်း အစားအသောက်အကူအညီ နဲ့ ကလေးပညာရေးအတွက် တတ်နိုင်သူများ ကူညီထောက်ပံ့ပေးကြဖို့လည်း သူက ဆက်လက်တောင်းဆိုထားပါတယ်။
ကားမိုင်း–ဖားကန့်လမ်းမပေါ် ဘာတွေဆက်ဖြစ်လာနိုင်လဲ
ကျေးရွာ မီးရှို့ဖျက်ဆီးခံရတဲ့နေ့က ဒေသခံအမျိုးသား ၈ ယောက်ကို ကားမိုင်းစစ်ဗျူဟာကုန်းကို ဖမ်းဆီးသွားပြီးနောက် ပြန်လည်လွတ်ပေးခဲ့ပေမယ့် ရိုက်နက်စစ်ဆေးခဲ့တဲ့ ဖြစ်စဉ်ကြောင့် နေရပ်ပြန် ထူထောင်ဖို့ အစီစဉ်မရှိသေးဘူးလို့ ဆိုပါတယ်။
မအူပင်ကျေးရွာမှာ ဖားကန့် သွားလမ်းမပေါ်က ကားမိုင်းစစ်တပ် နဲ့ နန့်ယားစစ်တပ်ကြားမှာ တည်ရှိပြီး ပြည်သူ့စစ်အဖွဲ့တွေ အားကောင်းတဲ့ ဒေသလည်း ဖြစ်ပါတယ်။
နမ့်တိန်စခန်းသိမ်းတိုက်ပွဲအပြီး ကားမိုင်း စစ်ဗျူဟာကုန်း နဲ့ နန့်ယား စစ်တပ်စခန်းတွေကို KIA က ပြန်လည်တိုက်ခိုက်လာနိုင်တယ်လို့လည်း ဒေသတွင်း စစ်ရေးသုံးသပ်မှုတွေ ရှိနေပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဘက်ကလည်း စွန့်လွတ်လိုက်ရတဲ့ နမ်တိန့်နဲ့ ဝှေခါ တပ်စခန်းနေရာတွေကို ပြန်လည်ရယူဖို့အတွက် ထိုးစစ်ဆင်နေတဲ့အပြင် ဖားကန့် စစ်ဗျူဟာကုန်းကနေလည်း လက်နက်ကြီး အဆက်အပြတ်ပစ်ခတ်ခဲ့ပါတယ်။
မအူပင်ကျေးရွာ မီးရှို့ဖျက်ဆီးခံလိုက်ရတာကြောင့် ကားမိုင်း–ဖားကန့်လမ်းမကြီးတစ်လျှောက်မှာရှိတဲ့ ကထန်ယန်၊ လွယ်ဆိုင်၊ ဆိုင်းဖရာ၊ ခွန်စိုင်ဇွပ်၊ တံတားညီနောင်၊ ပျားအုံ၊ ကပ်မှော် စတဲ့ ကျေးရွာနေပြည်သူတွေကလည်း ကျေးရွာ ဖျက်ဆီးခံရမှာကို စိုးရိမ်နေကြပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက မိုးကောင်း–ဖားကန့် လမ်းမပေါ် ၊ နန့်ဟိုင် စစ်ကောင်စီတပ်စခန်းက တပ်သား ၂၀ ဝန်းကျင်ခန့်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စခန်းစွန့်ပြီး ကားမိုင်းစစ်ဗျူဟာကုန်းကို ပူးပေါင်းသွားခဲ့ပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)