တော်လှန်ရေးတပ်ပေါင်းစုသတင်း

ကွတ်ခိုင်မြို့မှာ KIA အနေနဲ့ ရုံးဖွင့်အခြေချလိုပါက ခွင့်တောင်းရမယ်လို့ဆို

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA သိမ်းပိုက်နေရာယူထားတဲ့ ကွတ်ခိုင်မြို့မှာ KIA အနေနဲ့ ရုံးဖွင့်အခြေချလိုပါက ခွင့်တောင်းရမယ်ဆိုတဲ့ ပြောဆိုချက်အပေါ် ကချင်ဒေသခံတွေက မေးခွန်းထုတ်နေကြပါတယ်။

ပြီးခဲ့တဲ့ ဧပြီ လ ၁၀ ရက် နဲ့ ၁၂ ရက်နေ့မှာ ကွတ်ခိုင်ရှိ KIO/KIA ဆက်ဆံရေးရုံးကို ဧပြီ ၁၅ ရက်နေ့နောက်ဆုံးထား ထွက်သွားဖို့ TNLA ဘက်က လာရောက် မောင်းထုတ်ခဲ့သလို ရုံးရှေ့လွင့်ထူထားတဲ့ ကချင်အမျိုးသားအလံကိုလည်း ဖျက်ဆီးခဲ့တယ်လို့ ကွတ်ခိုင်မြို့ခံတွေ ပြောပါတယ်။ 

အဲ့ဒီနောက် ဧပြီလ ၁၄ ရက်နေ့ကလည်း ကွတ်ခိုင်နဲ့ မူဆယ်ကြားက KIO နဲ့ သက်ဆိုင်တဲ့ နယ်မြေကန့်သတ်ချက် ဆိုင်းဘုတ်တွေကို TNLA ဘက်က လိုက်လံဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး TNLA ဗဟိုဌာနချုပ် ပြန်ကြားရေးအဖွဲ့ကို မေးမြန်းရာ PSLF / TNLA ပြန်ကြားရေး ဌာနမှူး မလွေးယေဦးက KNG သတင်းဌာနကို အခုလို ပြောပါတယ်။

ဘယ်လက်နက်ကိုင် အဖွဲ့အစည်းမဆို ကျမတို့ဆီမှာ ရုံးဖွင့်ချင်တယ်၊ အခြေချခွင့်လိုအပ်တယ်၊ ရချင်တယ်ဆိုရင် ကျမတို့ ဗဟိုရုံးဆီမှာ လာရောက်ပြီးတော့မှ တရားဝင်စာနဲ့ပေနဲ့ တောင်းခံအပ်တာမျိုးရှိရမယ်။ အဲဒီတောင်းခံမှုပေါ်မှာ မူတည်ပြီးတော့မှ ကျမတို့က စဉ်းစားပေးမှာ ဖြစ်ပါတယ်။ ဒီကိစ္စက အရင်ကနဲ့ မတူတော့ဘူး တအာင်းဒေသသည် တအာင်းပြည်သူများ လွတ်မြောက်သွားတဲ့ ပြည်တစ်ခုဖြစ်သွားပြီ။ လွတ်မြောက်သွားတဲ့အတွက်ကြောင့် လူထုရဲ့ ဝန်ထုတ်ဝန်ပိုးကို လျှော့ချချင်တယ်။ ဒီတအာင်းပြည်တွင်းမှာ လက်နက်ကိုင်မျိုးစုံတွေ ဒီလိုမျိုး ယူနီဖောင်းဝတ်ပြီး သွားလာထင်ရှားခြင်းသည် လူထုကို စိုးရိမ်စေတယ်။ လူထုကို ခြိမ်းခြောက်ရာရောက်တယ်။ လူထုအတွက် အန္တရာယ်ကို ပိုဖိတ်ခေါ်စေတဲ့အတွက်ကြောင့်မို့ ကျမတို့က ဒီလိုမျိုး တားမြစ်ခြင်းဖြစ်ပါတယ်လို့ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေးမှာ ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ ကွတ်ခိုင်၊ နမ့်ခမ်းနဲ့ ကျောက်မဲမြို့နယ်ထဲက မိုင်းလုံ၊ မိုင်းငေါ့ စတဲ့မြို့တွေကို TNLA တပ်ဖွဲ့က သိမ်းပိုက်ထားတာပါ။

ဒါပေမယ့် နမ္မတူမြို့ ၊ မန်တုံ နဲ့ ကွတ်ခိုင်၊ နမ့်ခမ်း စတဲ့မြို့နယ်တွေမှာ TNLA နဲ့ KIA မြေပြင်တပ်တွေကြား ပဠိပက္ခဖြစ်ပွားတဲ့ ဖြစ်စဉ် ပုံမှန်ရှိနေတယ်လို့ သိရပါတယ်။

ကွတ်ခိုင်မြို့ကို TNLA သိမ်းပိုက်ပြီးနောက် အုပ်ချူပ်ရေးယန္တရား စတင်လည်ပတ်လာစဉ်ကတည်းက မြို့တွင်းမှာရှိနေတဲ့ KIO KIA တပ်ဖွဲ့ဝင်တွေကို မောင်းထုတ်နေခဲ့တာဖြစ်တယ်လို့ ဒေသခံတွေ ပြောပါတယ်။ 

ကွတ်ခိုင်ဖြစ်စဉ်ကို KIA နဲ့ TNLA ကြား နှစ်ဦးနှစ်ဖက် ဆွေးနွေးပြေလည်သွားလို့ TNLA ပြန်ကြားရေးဌာနမှူး မလွေးယေဦးက KNG သတင်းဌာနကို ပြောဆိုခဲ့ပေမဲ့ အသေးစိတ်အချက်ကိုတော့ ဖြေဆိုခဲ့ခြင်း မရှိခဲ့ပါဘူး။

 ကွတ်ခိုင်မှာ KIA ရုံးဆက်လက်တည်ရှိဖို့ TNLA ထံခွင့်တောင်းခံရန် လိုအပ်တယ်ဆိုတဲ့အပေါ် ကွတ်ခိုင် ကချင်ဒေသခံတစ်ဦး ပြောတာကတော့ဟိုး..အရင် မဆလခေတ်ကတည်းက KIO ဆက်ဆံရေးရုံးက ဒီမှာရှိပြီးသား ဖြစ်တယ်။ အဲဒီနောက် တိုက်ပွဲတွေဖြစ်လာတာကြောင့် KIO ရုံးအဖွဲ့သားတွေ ရှောင်သွားကြတာ။ အခု TNLA တွေ ဝင်လာပြီဖြစ်တော့ KIO တွေလည်း ဒီမှာပြန်လာလို့ရပြီဆိုပြီး ပြည်သူတွေလည်း လိုလားကြတာပေါ့ ဆိုတော့ ခွင့်တောင်းတာ၊ မတောင်းတာတွေက ကျမတို့ပြည်သူတွေက နားမလည် မရှင်းမလင်းဘူး။ နဂိုကတည်းက ဆိုတော့လေ။ ကွတ်ခိုင်မှာက ကချင်လူထုကများတယ် ရှေးယခင်ကတည်းက နေလာခဲ့တဲ့နေရာမှာ သူတို့အနေနဲ့ အခုအတင်းအကြပ်နဲ့ ပြန်လုပ်လာတော့ ကြားရတာ နားထဲတော့ သိပ်နားထောင်လို့ အဆင်မပြေဘူးပေါ့လို့ အသက် ၆၀ ကျော်အရွယ် ကွတ်ခိုင်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ကွတ်ခိုင် သာမက နမ္မတူ၊ မန်တုံမြို့ဘက်မှာလည်း KIA-PDF တပ်ဖွဲ့ဝင်တွေကို မြို့တွင်းမှာ စစ်ဝတ်စုံနဲ့ ဝင်ခွင့်သွားလာခွင့် နဲ့ မြို့နယ်မြေအနီး ဂိတ်စခန်းချမှုတွေကို TNLA က ခွင့်မပြု တားမြစ်ထားပါတယ်။

ဒါ့အပြင် နမ့်ဖတ်ကာ နဲ့ နမ့်ခမ်းမြို့တစ်ကြောမှာလည်း KIA နဲ့ TNLA အောက်ခြေတပ်တွေကြား အချင်းအချင်း အချေအတင်ဖြစ်တဲ့ ဖြစ်စဉ်တွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ကိုးကန့်တပ် MNDAA သိမ်းပိုက်ထားတဲ့နယ်မြေတွေမှာလည်း ကိုးကန့်တပ်က အရပ်သားတွေကို ဖမ်းဆီးစစ်ဆေး သတ်ဖြတ်လိုက်တဲ့ ဖြစ်စဉ်တွေရှိနေတဲ့အတွက် ရှမ်းမြောက်မှာ စစ်ကောင်စီ ကင်းစင်သွားပေမယ့် စိုးရိမ်နေရသေးတယ်လို့ နမ့်ဖတ်ကာ ဒေသခံတစ်ဦးက ပြောပါတယ်။

အခုဟာက နယ်မြေစိုးမိုးလိုတဲ့ရည်ရွယ်ချက်က ပထမဦးစားပေးဖြစ်လာနေတယ်။ ဘယ်အဖွဲ့အစည်းကဆိုတာတော့ မပြောလိုတော့ပါဘူး။ လက်နက်ကိုင်တော်လှန်ရေးနဲ့ နယ်မြေစိုးမိုးလိုတဲ့ရွည်ရွယ်ချက်က အဓိက ဦးစားပေးဖြစ်နေတယ်။ ဒါကြောင့် ဒေသခံပြည်သူတွေ နေရခက်လာတယ်။ စစ်အာဏာရှင်ကို မောင်းထုတ်လိုက်ပြီဆိုရင် ပြည်သူတွေက ပျော်မယ်လို့မျှော်လင့်ကြတာဖြစ်တယ်။ ဒါပေမဲ့ မျှော်လင့်သလိုမဖြစ်လာခဲ့ဘူး။ ပြည်သူတွေကပဲ ဘယ်အဖွဲ့အစည်းကို ပြန်ကြောက်ရမလားဆိုပြီး နေရခက်နေတယ်လို့ ပြောပါတယ်။

ရှမ်းမြောက် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အချင်းချင်းကြား နယ်မြေအရေးနဲ့ပတ်သက်ပြီး ပဋိပက္ခတွေကြောင့် ပြည်သူလူထု စိုးရိမ်နေကြရတဲ့အပေါ် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဒုတိယဗိုလ်ချူပ်ကြီး ဂွန်မော်က ဧပြီလ ၁၃ ရက်ည၊ ထိုင်းနိုင်ငံ ကချင်လူထု စည်းဝေးပွဲတစ်ခုမှာ အွန်လိုင်းကတဆင့် အခုလို ရှင်းလင်းခဲ့ ပါတယ်။

ရှမ်းမြောက် ကချင် Sub-state နဲ့ ပတ်သက်ပြီး နံပါတ် ၁ ပြောချင်တာက ကျနော်တို့ဟာ ကျနော်တို့ရဲ့ ဦးတည်ချက်ပန်းတိုင်ကို တည့်မတ်စွာ သွားရမယ်လို့ပဲပြောချင်တယ်။ ကိုယ်တိုက်ခိုက်နိုင်လို့ စိုးမိုးထားတဲ့ နယ်မြေကို ကိုယ် အရယူလိုက်မယ်ဆိုတဲ့ စိတ်ဓါတ် မထားရဘူးလို့ သူတို့ကို သတင်းပို့ထားပါတယ်။ မုန်ကိုး၊ ဖောင်းဆိုင်အထိသွားပြီး ကိုးကန့် နဲ့ TNLA ကို ရှင်းရှင်းလင်းလင်း ပြောထားပြီ။ တိုက်နိုင်လို့ ကာကွယ်ထားတာကို နားလည်တယ်။ ဒါပေမယ့် နယ်မြေကို ယူလိုက်တာမျိုး မလုပ်ရဘူး ပိုင်ရှင်ရှိတယ် ဆိုပြီး သွားပြောတဲ့အချိန် သူတို့ နားမထောင်ချင်ဘူး။ အရင်က ဗြိတိသျှတွေ တစ်ကမ္ဘာလုံးကို တိုက်ခိုက်သိမ်းပိုက်ထားပေမယ့် တစ်ချိန်မှာ ပိုင်ရှင်တွေကို ပြန်ပေးအပ်ခဲ့တာဟုတ်တယ် လို့ KIC ဒုတိယ ဥက္ကဋ္ဌ () ဒုတိယ ဗိုလ်ချုပ်ကြီး ဂွန်မော် ပြောပါတယ်။

ဒါ့အပြင် ရှမ်းမြောက် လွတ်မြောက်နယ်မြေတွေမှာ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ဘာသာရေး စသဖြင့် ကဏ္ဍစုံမှာ ဒေသခံပြည်သူတွေရဲ့ သဘောထား ၊ ဆန္ဒကို ဦးစားပေးပြီး ပိတ်ပင်တားမြစ်ခြင်းမရှိပဲ ဆောင်ရွက်သင့်ကြောင်း TNLA နဲ့ MNDAA ကို ပြောဆိုထားတယ်လို့ ဒုဗိုလ်ချုပ်ကြီး ဂွန်မော်က ပြောဆိုခဲ့ပါတယ်။

ရှမ်းမြောက်မှာ လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့ကြား ပဋိပက္ခမှန်သမျှကို နိုင်ငံရေးနည်းလမ်းနဲ့ပဲ ဆွေးနွေးဖြေရှင်းသွားမယ်လို့ TNLA နဲ့ KIO တို့ နှစ်ဖက် ပြောဆိုထားပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button