၆ လခန့်အထိ လမ်းပန်းဆက်သွယ်ရေးခက်ခဲခဲ့ရတဲ့ ပူတာအိုပြည်သူတွေရဲ့အခက်ခဲကို လူမှုကူညီရေးအဖွဲ့တွေ ဘယ်လို ဝိုင်းဝန်းဖြေရှင်းပေးခဲ့ကြလဲ။
ကချင်ပြည်နယ်မှာ စစ်ရေးနဲ့ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် စားဝတ်နေရေးကြပ်တည်းမှုဒဏ်ကို ပြင်းပြင်းထန်ထန် ကြုံတွေ့ခဲ့ရတဲ့ ပူတာအိုဒေသခံပြည်သူတွေအတွက် ဒေသအတွင်းဖွဲ့စည်းထားတဲ့ ‘စုပေါင်း လူမှုကူညီရေးအသင်း’ကနေပြီး ၆ လအတွင်း စက်သုံးဆီ ပေပါ ၂ ထောင်ကျော်နဲ့ ဆန်အိတ် ၅ ထောင်ခန့်အထိ သယ်ယူပြီး ဒေသခံပြည်သူတွေရဲ့ အခက်အခဲကို သယ်ပိုးဆောင်ရွက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
မြစ်ကြီးနား – ပူတာအိုကားလမ်းပိုင်းဟာ ၂၀၂၄ ခုနှစ်၊ မတ်လလောက်ကနေ ဆွမ်ပရာဘွမ့်မြို့သိမ်းတိုက်ပွဲစတင်ဖြစ်ပွားခဲ့တာကြောင့် မေလအထိ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ၃ လအတွင်း စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နှစ်ဖက်စစ်တပ်က ပိတ်လိုက်တာဖြစ်ပါတယ်။
တိုက်ပွဲအခြေအနေကြောင့် နှစ်ဖက်စစ်တပ်ပိတ်ထားတဲ့ မြစ်ကြီးနား – ဆွမ်ပရာဘွမ့်ကားလမ်းပိုင်းမှာ ရက်ကြာရှည်စွာ မည်သည့်ယာဉ်မှ သွားလာလို့မရတော့ဘဲ ပူတာအိုခရိုင်တစ်ခုလုံး မှီခိုအားထားရတဲ့ ပူတာအိုမြို့နယ်ထဲမှာတင် စက်သုံးဆီနဲ့ စားသောက်ကုန် ပစ္စည်းတွေ ပြတ်လပ်သွားတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လအထိ လမ်းပိုင်းပျက်စီးလို့မဟုတ်ဘဲ တိုက်ပွဲကြောင့် ပိတ်ထားတဲ့ မြစ်ကြီးနား – ဆွမ်ပရာဘွမ့် ကားလမ်းပိုင်းမှာ စက်သုံးဆီနဲ့ စားသောက်ကုန်ပစ္စည်းတွေ သယ်ယူနိုင်ဖို့ရန်အတွက် ပူတာအိုဒေသထဲမှာ လူမှုအကျိုးပြုနေတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ လူမှုကူညီရေးအသင်းအဖွဲ့တွေ စုပေါင်းပြီး ကော်မတီတစ်ရပ်ဖွင့်လှစ်လိုက်တာဖြစ်ပါတယ်။
ပူတာအိုဒေသခံ ပြည်သူတွေရဲ့ စားဝတ်နေရေးအကြပ်အတည်းကို ကူညီဆောင်ရွက်ပေးဖို့အတွက် အရပ်ဖက်အဖွဲ့အစည်းတွေဖွင့်လှစ်ထားတဲ့ ‘စုပေါင်းပေါင်းလူမှုကူညီရေးအသင်း’အမည်ရှိတဲ့ အဖွဲ့အစည်းတွေဟာ စက်သုံးဆီနဲ့ စားသောက်ကုန်ပစ္စည်းတွေ ပူတာအိုမြို့နယ်ထဲကို ဝင်ရောက်လာဖို့ရန် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နှစ်ဖက်စစ်တပ်ကို ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG ရဲ့ အကူအညီနဲ့ ညှိနှိုင်းမှုရရှိခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေလဆန်းပိုင်း ၅ ရက်နေ့ ဆွမ့်ပရာဘွမ့်မြို့နယ်တစ်ခုလုံးကို KIA သိမ်းပိုက်ပြီးနောက် ဇွန်းလဆန်းပိုင်းမှာ ပူတာအိုမြို့နယ်ထဲ ကုန်ကားတွေကို အကန့်အသတ်နဲ့ ဝင်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။
အဲဒီဇွန်လထဲမှာ ပူတာအိုမြို့ထဲကို စုပေါင်းလူမှုကူညီရေးအဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်ချက်နဲ့ စက်သုံးဆီနဲ့ စားသောက်ကုန်ပစ္စည်းတွေကို သယ်ယူနေတဲ့ အချိန်အတွင်းမှာပဲ ဇူလိုင်လဆန်းပိုင်းကနေ စတင်ပြီး ကချင်တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ ရေကြီးရေလျှံဖြစ်ပြီးကာ မြစ်ကြီးနား – ဆွမ်ပရာဘွမ့်လမ်းပိုင်း ကုန်ကားတွေ ထပ်မံသွားလာလို့မရအောင် ကားလမ်းပိုင်းပျက်စီးသွားတာဖြစ်ပါတယ်။
တိုက်ပွဲကြောင့် ၃ လကျော်ခန့် အကြာပိတ်သွားတဲ့ မြစ်ကြီးနား – ပူတာအိုလမ်းပိုင်းဟာ ဇွန်လထဲ ကုန်ကားတွေ ပြန်လည် သွားလာခွင့်ရရှိခဲ့ပေမယ့် လမ်းပိုင်းပျက်စီးမှုကြောင့် ဒုတိယအကြိမ် ၃ လခန့်အထိ ပြန်လည်ပိတ်သွားတာဖြစ်ပါတယ်။
အခုလို တိုက်ပွဲကြောင့်လမ်းပန်းဆက်သွယ်ရေးခက်ခဲသွားတဲ့အပြင် ရေကြီးရေလျှံဖြစ်ပြီး လမ်းပိုင်းပျက်စီးမှုကြောင့် အချိန်ကာလ ၆ လဝန်းကျင်ခန့် သွာလာဖို့ ခက်ခဲနေတဲ့ အချိန်အတွင်းမှာ ပူတာအိုဒေသခံပြည်သူ အရပ်ဖက်လူမှုကူညီရေးအဖွဲ့တွေ ဖွဲ့စည်းထားတဲ့ ‘စုပေါင်းလူမှုကူညီရေးအသင်း’က ပူတာအိုဒေသထဲကို ဆန်အိတ် ၅ ထောင်ခန့်အထိ၊ ဆီပေ ၂ ထောင်ကျော် သယ်ယူပြီး ကူညီပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိ အချိန်အထိလည်း စုပေါင်းလူမှုကူညီရေးအသင်းအဖွဲ့ကနေ ပူတာအိုဒေသအတွင်း ခက်ခဲနေတဲ့ နေရာဒေသတွေမှာ သွားရောက်ပြီး ဆန်၊ ဆီ၊ ဆား၊ စက်သုံးဆီတွေကို အခမဲ့လိုက်လံကူညီပေးနေသလို သယ်ယူထားတဲ့ စားသောက်ကုန်ပစ္စည်းတွေကိုလည်း အပြင်စျေးနဲ့ မတူဘဲ ပြည်သူတွေဆီကို ရောင်းချပေးနေတယ်လို့ ဆက်သိရပါတယ်။
ဒါကြောင့် လက်ရှိ ပူတာအိုဒေသမှာ စစ်ရေးနဲ့ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် အဖက်ဖက်ကနေ ကြပ်တည်းနေတဲ့ ကာလအတွင်း ဒေသခံပြည်သူတွေရဲ့ အခက်အခဲတွေကို ဘယ်လို ကူညီဆောင်ရွက်ပေးခဲ့သလဲ၊ ဘာကြောင့် လူမှုကူညီရေးအဖွဲ့တွေ စုပေါင်းပြီး ကူညီဆောင်ရွက်ခဲ့ရသလဲ အခြေအနေ တစ်ရပ်လုံးကို ‘စုပေါင်းလူမှုကူညီရေးအသင်း’က တာဝန်ရှိသူတစ်ဦးနဲ့ ဆက်သွယ်ပေးမြန်းထားပါတယ်။
မေး။ ။ မင်္ဂလာပါ ဆရာ။ ဆရာတို့အနေနဲ့ ပူတာအိုဒေသမှာ ခက်ခဲနေတဲ့ ပြည်သူတွေအတွက်ဆိုပြီး အရပ်ဖက်အဖွဲ့အစည်းတွေ စုပေါင်းပြီးတော့ ကူညီရေးတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဘယ်လို နည်းလမ်းတွေနဲ့ ဆောင်ရွက်ပေးနေပါသလဲ။
ဖြေ။ ။ ကျနော်တို့က ‘အရပ်ဖက်အဖွဲ့အစည်း စုပေါင်းကော်မတီ’ လို့ခေါ်ပါတယ်။ အဓိကတော့ ပူတာအိုဒေသမှာ ဆန်၊ ဆီ ပြတ်လပ်မှုပြဿနာကို ဖြေရှင်းဖို့အတွက် ဖွဲ့စည်းလိုက်တဲ့ အဖွဲ့အစည်းပါ။ ဖွဲ့စည်းထားတာလည်း ၆ လစီမံကိန်းနဲ့ပဲ ဖွဲ့စည်းထားတာဖြစ်တယ်။ အခုချိန်အထိလည်း ကူညီရေးတွေ ဆက်တိုက်လုပ်ဆောင်ပေးနေပါတယ်။ ကျနော်တို့ လုပ်ဆောင်ပေးတဲ့အထဲမှာ ကုန်ပစ္စည်းနဲ့ စက်သုံးဆီတွေကို သယ်ယူပြီး ပူတာအိုဒေသမှာ စျေးနှုန်းသက်သာစွာနဲ့ ပြန်ရောင်းချပေးသလို အရမ်းခက်ခဲတဲ့ ပြည်သူတွေကိုတော့ အခမဲ့ကူညီပေးနေပါတယ်။ အခုရက်ပိုင်းအတွင်းမှာလည်း ခက်ခဲတဲ့ ဒေသဆီသွားပြီး ဆန်အိတ် ၁၅၀ ထပ်ပေးဖို့ စီစဉ်နေပါတယ်။ ဒါကတစ်ပိုင်း။ နောက်တစ်ပိုင်းက အားလုံးကို အခမဲ့မပေးနိုင်တာဖြစ်တဲ့အတွက် ဝယ်စျေးအတိုင်း ပြည်သူတွေ သက်သာအောင် ပြန်ရောင်းချပေးပါတယ်။
မေး။ ။ အခုလို ဖွဲ့စည်းလိုက်ပြီး ပူတာအိုဒေသခံပြည်သူတွေအတွက် ဘယ်လောက်အထိ လုပ်ဆောင်ပေးနိုင်ခဲ့သလဲ။ တကယ်ကော ထိရောက်မှုရှိခဲ့လား။
ဖြေ။ ။ ကျနော်တို့ စတင်ဖွဲ့စည်းလိုက်ကတည်းကလည်း ပူတာအိုဒေသတစ်ခုလုံး ဆန်နဲ့ စက်သုံးဆီက လုံးဝပြတ်လပ်သွားတဲ့ အချိန်ဖြစ်တယ်။ ရှိရင်တောင် ဓါတ်ဆီတစ်ပေပါ သိန်း ၅၀၊ ၆၀ အထိရှိတယ်။ အဲလို ခက်ခဲနေတဲ့အချိန် ဓါတ်ဆီပေပါ နှစ်ထောင်ကျော် တင်သွင်းနိုင်ခဲ့တယ်။ ဥပမာ – ဆီတစ်ပေပါ သိန်း ၃၀ စျေးရှိနေတဲ့အချိန် ၂၁ သိန်းလောက်နဲ့ ပြည်သူတွေကိုရောင်းချပေးတယ်။ ထိုနည်းတူ ဆန်အိတ်လည်း ၄၀၀၀ ဝန်းကျင်တင်သွင်းနိုင်ခဲ့တယ်။ အပြင်မှာ ၃ သိန်းအထိတောင် စျေးတက်နေတဲ့အချိန် ဝယ်စျေးနဲ့ မကွာပဲ ရောင်းချပေးခဲ့ပါတယ်။
မေး။ ။ ကုန်ပစ္စည်းနဲ့ စက်သုံးဆီတွေကို တင်သွင်းပြီး ပြန်ရောင်းပေးတာဆိုတော့ အကျိုးအမြတ်က ဘယ်လိုပြန်ရတာလဲ။
ဖြေ။ ။ ပူတာအိုဒေသမှာက စျေးနှုန်းတစ်ခုတက်ပြီဆိုရင် ပြန်ကျဖို့က အရမ်းခက်ခဲတာဟုတ်တယ်။ ကျနော်တို့ကိုယ်တိုင်လည်း ဒီလုပ်ငန်းကို စတင်လုပ်ကိုင်တဲ့အချိန်မှာ အရင်းအနှီးမရှိဘဲ လုပ်ကိုင်ရတာဖြစ်တဲ့အတွက် အကျိုးအမြတ်နဲ့ ကြည့်မယ်ဆိုရင် ကျနော်တို့အဖွဲ့တွေက မိုင်းနတ်(စ်) ပြပါတယ်။ ဒါပေမယ့် ကျနော်တို့ဟာ စလုပ်ကတည်းက ပြည်သူလူထုရဲ့ အခက်အခဲတွေကို ဖြေရှင်းပေးဖို့ အကျိုးပြုပေးဖို့ လုပ်တာဖြစ်တဲ့အတွက် အဲဒီဘက်ကို ပြန်ပြီး ကြည့်မယ်ဆိုရင် ပြည်သူတွေ အများကြီး အဆင်ပြေသွားပြီး။ နောက်တစ်ခု ဒေသကုန်စျေးနှုန်းတွေကိုလည်း ထိန်းပေးသလိုဖြစ်သွားတယ်။ ဒါက ရည်ရွယ်ချက်အောင်မြင်တယ်လို့ ပြောလို့ရပါတယ်။
မေး။ ။ ဆရာတို့ အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ အခုလို အဖွဲ့အစည်းတစ်ခုဖွဲ့စည်းတဲ့အထိ အကူအညီလုပ်လိုက်ရတဲ့အထိတော့ဆိုတော့ အဲဒီအချိန်မှာက ပူတာအိုဒေသမှာ ဘယ်လောက်အခြေအနေအထိ ကြပ်တည်းခဲ့ရသလဲ။ ဘာကြောင့် ပရဟိတအဖွဲ့တွေက ကုန်ပစ္စည်းတွေကို ပြန်လည်ရောင်းချပေးတဲ့အထိ ဖြစ်လာခဲ့ရသလဲ။
ဖြေ။ ။ ဘယ်လောက်ထိ ခက်ခဲခဲ့ရသလဲဆိုတော့ ကျနော်တို့ ဖွဲ့စည်းတဲ့အချိန်မှာ မြစ်ကြီးနား – ပူတာအိုကားလမ်းပိုင်းကို စစ်ကောင်စီနဲ့ KIA တပ်တွေကို ဆွမ်ပရာဘွမ့်မှာတိုက်ပွဲဖြစ်လို့ ဘယ်သူမှ သွားလာလို့မရအောင် လမ်းပိတ်ထားတာဟုတ်တယ်။ အဓိကတော့ စစ်ပွဲဖြစ်လို့ နှစ်တပ်က အပြန်အလှန်ပိတ်နေကြတာ။ အဲဒီအချိန်မှာ ဘာဖြစ်လာလဲဆိုတော့ ပူတာအိုဒေသမှာ ဆန်၊ ဆီ၊ စက်သုံးဆီ ရောင်းတဲ့ သူတွေက မရောင်းပေးတော့တဲ့ အခြေအနေအထိကြုံခဲ့ရတယ်။ ကျနော်တို့ မဖွဲ့စည်းခင် ဆီရောင်းတဲ့ ဆိုင်ကြီး ၁၂ ခုလောက်ရှိတယ်။ တစ်ဆိုင်မှ မရောင်းပေးခဲ့ဘူး။ ဘယ်လောက်ထိဆိုးခဲ့သလဲဆိုတော့ ရောင်းပေးတဲ့ အချိန်မှာလည်း တစ်လီတာကို တစ်သိန်းလောက်အထိ ရှိခဲ့တယ်။ ပြည်သူတွေက တော်တော်ခက်ခဲခဲ့ပါတယ်။
မေး။ ။ ဒါဆိုရင် ဆရာတို့အနေနဲ့ ဒီလို စက်သုံးဆီနဲ့ ကုန်ပစ္စည်းတွေကို သယ်ယူပြီး ပြန်ရောင်းချပေးတဲ့အခါမှာ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဘယ်လိုပုံစံသွားကြသလဲ။
ဖြေ။ ။ အမှန်တော့ ဒါလည်း ပြဿနာတစ်ခုလို အမြင်လွဲမှားနေတာ ရှိနေတာပေါ့လေ။ ကျနော်တို့က ပြည်သူတွေကို ဆီကို ဆီရောင်းပေးနိုင်ဖို့ ကြိုးစားတာပဲရှိတယ်။ အဲ့ဒါကို စီပွားရေးလုပ်ရှင်တွေက ပရိဟိတ လုပ်ငန်းရှင်တွေက သူတို့ကို တိုက်ခိုက်တယ်လို့ပဲမြင်ပါတယ်။ အမှန်တော့ ကိုယ့်ဒေသအရေးကို ကျနော်တို့ဝိုင်းဝန်းဖြေရှင်းတဲ့သဘောပါပဲ။ ပြောချင်တာက ဆန်ရောင်းတဲ့သူတွေက ဆန်စျေးနှုန်းကို အဆမတန်စျေးတင်ရောင်းတယ်။ ဆီရောင်းတဲ့သူတွေလည်း ဆီကိုအဆမတန်တင်ရောင်းတယ်။ ဒါကြောင့် ကျနော်တို့က ပြည်သူတွေခက်ခဲနေတဲ့ကြားထဲကနေ စျေးကွက်ထိန်းပေးတဲ့ သဘောနဲ့လည်းပါတယ်။
မေး။ ။ ဆရာတို့ အဲဒီအချိန် စက်သုံးဆီနဲ့ ဆန်တွေကို သယ်ယူနိုင်ဖို့အတွက် လက်နက်ကိုင်အဖွဲ့အစည်းတွေကို ညှိနှိုင်းလိုက်ရသလဲ။
ဖြေ။ ။ ဘယ်လောက်အထိ ညှိနှိုင်းလိုက်ရသလဲဆိုတော့ ဒီလမ်းကို ဖြတ်ပြီး သွားလာဖို့ဆိုရင် ကျနော်တို့ကိုယ်တိုင်လည်း နှစ်ဖက်စစ်တပ်ကို စတင်ပြီး အများကြီး ညှိနှိုင်းခဲ့ရတယ်။ နှစ်ဖွဲ့စလုံးကိုလည်း ပွင့်လင်းလင်းပြောထားရတယ်။ ဒါမှ လုပ်ငန်းလုပ်ကိုင်တဲ့အခါမှာလည်း အဆင်ပြေမှာလေ။ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဝန်ကြီးချုပ်အထိတွေ့ရတယ်။ ပြီးရင် တစ်ဖက်မှာလည်း KIA အစိုးရနဲ့ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG ကနေတဆင့်ပြောရတယ်။ ဒါက ပထမဆုံး ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲပေါ့။
မေး။ ။ ဆရာတို့ တကယ်တမ်း ပြည်သူတွေရဲ့ အခက်အခဲကို ဖြေရှင်းပေးဖို့ လုပ်ဆောင်လာတဲ့အချိန်မှာကော အခက်အခဲတွေရှိခဲ့သလား။ ဒီလို လုပ်ပေးနိုင်ဖို့ ဘယ်လောက်အချိန်ပေးလိုက်ရသလဲ။
ဖြေ။ ။ ကျနော်တို့မှာ ငွေရေးကြေးရေး လုံလောက်မှုမရှိခဲ့ဘူး။ မြို့နယ်တစ်ခုအတွက်ပဲ စီစဉ်ရတာမဟုတ်တဲ့အတွက် ပူတာအိုတစ်ခရိုင်လုံးအတွက် စဉ်းစားရပါတယ်။ သုံးရမယ့် ငွေးကြေးပမာဏက အနည်းဆုံး နှစ်သောင်းလောက်သုံးရပါတယ်။ ဒီမှာပါနေတဲ့ အဖွဲ့အစည်းတွေကလည်း ပရဟိတအဖွဲ့တွေကြီးပဲ ဆိုတော့ ငွေကြေးလုံးလောက်မှုမရှိဘူး။ အဲ့ဒါကြောင့် တစ်လလောက်အထိ ရံပုံငွေရှာဖွေရေးအရင်လုပ်ရတယ်။ တောင်းတာမဟုတ်ဘဲနဲ့ ချီးငှားပြီးလုပ်ရတာ။ ဒါကြောင့်မလို့လည်း ကူညီရေးအဖွဲ့ဆိုပေမယ့် အားလုံးကို အခမဲ့မပေးနိုင်တာလည်းပါတယ်။ တကယ်လုပ်ကိုင်တဲ့အခါမှာလည်း လူအင်အား မလုံလောက်တဲ့ အခြေအနေတွေလည်း ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်။
မေး။ ။ ကုန်ပစ္စည်းသယ်ယူတဲ့အခါမှာ စက်သုံးဆီနဲ့ ဆန်ပဲလား။ တစ်ခြားကုန်ပစ္စည်းတွေကော ပါလား။ ဘယ်လိုစီစစ်ပြီး လုပ်ဆောင်ပေးနေတာလဲ။
ဖြေ။ ။ ကျနော်တို့ စီမံချက်ကာလအတွင်းမှာ ပေပါ ၂၁၀၀ သယ်ယူနိုင်ခဲ့တယ်။ ဆန်က အိတ် ၄၀၀၀ နီးပါရှိတယ်။ နောက် အဲ့ထဲမှာ စားဆီကလည်း နှစ်ပိသာ ၄ ဗူးပါတဲ့ ဖာ ၂၀၀ ကျော်၊ သုံးပိဿာရှိတဲ့ သုံးဗူးပါ ဖာ ၁၅၀ ကျော်၊ အိုင်အိုဒင်း ဆား အိတ်ကြီး ၅၀ ကျော်ရှိတယ်။ တခြား ဆပ်ပြာခဲ တိုလီစတွေလည်း ပါသေးတယ်။ အဲဒီထဲမှာ အခဲမဲ့ပေးခဲ့တာက ဆန်အိတ် ၂၀၀ လောက်ရှိတယ်။ နောက်ထပ်လည်း အိတ် ၁၀၀ ကျော်သွားပေးဖို့ စီစဉ်နေပါသေးတယ်။ ဆန်ကြီးပဲ အခမဲ့ ပေးတာ ၃၀၀ ကျော်ရှိမယ်ပေါ့။ အခဲမဲ့ပေးဖို့ ရည်ရွယ်ထားတဲ့အထဲမှာ အိမ်ထောင်စု တစ်ထောင်ကျော်အတွက်ဟုတ်တယ်။ အခုက အိမ်ထောင်စု ၆၀၀ အတွက်ပေးပြီးသွားပါပြီ။
မေး။ ။ ဆရာတို့ အခမဲ့ပေးတဲ့ အခါမှာ ဘယ်လို ဒေသတွေကို ဦးစားပေး ခွဲဝေပေးတာလဲ။ အိမ်ထောင်စု တစ်ထောင်ကျော်ကို ဘယ်လို စီစစ်ပေးတာလဲ။
ဖြေ။ ။ ပေးတာတော့ အညီအမျှပေးတယ်။ ဒါပေမယ့် ရာခိုင်နှုန်းခွဲပြီးပေးတယ်။ ပူတာအိုမြို့က လူဦးရေ အဆမတန်များလို့ ဥပမာ – ဆန်အိတ် ၁၀၀ ကျော်ခွဲမယ်ဆိုရင် ၅၅ ရာခိုင်နှုန်းကို ပူတာအိုမြို့က ပြည်သူတွေကို ခွဲပေးတယ်။ ပြီးရင် ၂၂ ရာခိုင်နှုန်းကို နောင်မွန်မြို့၊ ပန်နန်းဒင်မြို့၊ မချမ်းဘောမြို့ကိုကျတော့ တံတားတစ်စင်း ပလပ်(စ်) ၇ ရာခိိုင်နှုန်းနဲ့ပေးတယ်။ ခေါင်လန်ဖူးဘက်ကိုကျတော့ ၁၅ ရာခိုင်နှုန်းနဲ့ ပေးပေးတယ်။ ဒီလိုလေး အတတ်နိုင်ဆုံးနဲ့ ခွဲပေးပါတယ်။
မေး။ ။ ဆရာတို့အခု ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းမှာ ဘယ်အဖွဲ့အစည်းတွေပါဝင်သလဲ။
ဖြေ။ ။ ကျနော်တို့က ခက်ခဲနေတဲ့ ကာလမှာ ပူတာအိုမှာ လမ်းပိတ်သွားတဲ့ ကာလမှာ ကိုယ်ထူကိုယ်ထ ဖွဲ့စည်းပြီးတော့မှ လူမှုကူညီရေးလုပ်ငန်းတွေ လုပ်ဆောင်နေကြတဲ့ အဖွဲ့အစည်းတွေပဲဖြစ်ပါတယ်။ ဒီထဲမှာ ၇ ဖွဲ့ပါဝင်ပါတယ်။ ပန်းဥယာဉ်လူမှုကူညီရေးအဖွဲ့၊ နောက်တစ်ဖွဲ့က ဧမာနွေလ၊ မေတ္တာနာရေးကူညီရေးအသင်း၊ နောက်တစ်ဖွဲ့က ခရစ်ယာန်ပရဟိတအဖွဲ့၊ မြန်မာနိုင်ငံရဝမ်လူငယ်အသင်း၊ ပျိုလာလင်းအဖွဲ့၊ ပူတာအိုလူမှု့ကယ်ဆယ်ရေးအဖွဲ့၊ နောက်ပြီး သစ်သီးပုဂ္ဂလအဖွဲ့တွေ ပူးပေါင်းလာတယ်တွေလည်းရှိပါတယ်။
မေး။ ။ ပူတာအိုဒေသမှာက ဘာကြောင့် အရပ်ဖက်အဖွဲ့အစည်းနဲ့ ပရဟိတအဖွဲ့တွေ စုပေါင်းပြီး ဝိုင်းဝန်းကူညီပေးရတဲ့ ဒေသအခြအနေကိုလည်း ပြောပေးပါအုံး။
ဖြေ။ ။ ပူတာအိုဒေသဟာ အားလုံးသိတဲ့အတိုင်း စီးပွားရေးနယ်မြေမဟုတ်ဘူး။ ပြည်သူတွေက စားဝတ်နေရေးအတွက်တောင် အရမ်းခက်ခဲပါတယ်။ တခြားဖားကန့်၊ တနိုင်းတွေဘက်မှာဆိုရင် စီပွားရေးနယ်မြေဖြစ်တယ်။ ဒီမှာက စျေးနှုန်းအပြောင်းအလဲဖြစ်တာနဲ့ ပြည်သူတွေက မစားရ မသောက်ရ အခြေအနေအထိ ဖြစ်သွားတယ်။ ဒါကို ကျနော်တို့က လက်ပိုက်ကြည့်မနေနိုင်ဘူး။ နိုင်ငံရေးအကြပ်အတည်းကာလမှာက ပိုပြီးခက်ခဲတာပေါ့။ အဲကြောင့်လည်း အခုနောက်ပိုင်းဆို ပရဟိတ လုပ်ငန်းတွေ မရမ်းလိုအပ်လာတယ်။ ကိုယ်ထူကိုယ်ထ မရပ်တည်နိုင်တဲ့ သူတွေအများကြီး။ အဖက်ဖက်ကနေ ကိုယ်တတ်နိုင်သလောက် ဝိုင်းဝန်းကူညီတဲ့သဘောပါပဲ။
မေး။ ။ နောက်ဆုံး ဆရာအနေနဲ့ ဘာဖြည့်စွပ်ပြောပြချင်သေးသလဲ။
ဖြေ။ ။ ကျနော်တို့လူမှုကူညီရေးအဖွဲ့စည်းတွေဟာ ကိုယ့်စီးပွားအတွက် လုပ်ကိုင်နေကြတာမဟုတ်ဘူး။ ကိုယ့်ဒေသမှာ ဖြစ်နေတဲ့ အခက်အခဲတွေ ဝိုင်းဝန်းဖြေရှင်းပေးတဲ့ သဘောနဲ့ ကူညီပေးနေတာပါ။ ဘယ်အဖွဲ့အစည်းကိုမှ တိုက်ခိုက်နေတာလည်းမဟုတ်ပါဘူး။ အားလုံးကို သိစေချင်ပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)