အင်တာဗျူး

ကိုယ်ကျိုးထက် တိုင်းပြည်အကျိုးကို ရွေးချယ်သွားခဲ့တဲ့ KIA စစ်ဦးစီးချုပ် 

ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ရုတ်ချောင်ခေါင်လွမ်းဟာ လက်ရုံးရည်နှလုံးရည်စွမ်းရည်ပြည့်ဝပြီး အဘက်အဘက်ကနေ လေးစားအတုယူဖွယ်ကောင်းတဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ပါတယ်။

မိမိလက်အောက် ရဲဘော်၊ရဲဘက်တွေအပေါ် ကျောသားရင်သားမခွဲခြားသလို တိုင်းပြည်နဲ့လူမျိုးအပေါ်  တာဝန်ကျေခဲ့သူဖြစ်ပြီး မေလ ၁၃ ရက် ညနေ  နာရီဝန်းကျင် ဗိုလ်ချုပ်ကြီး ကွယ်လွန်သွားချိန်မှာတော့ ကချင်လူထုအပါအဝင် တော်လှန်ရေး ရဲဘော်၊ရဲဘက်အားလုံးဟာ ထိတ်လန့်သွားခဲ့ကြရပြီး ဦးစီးချုပ်အတွက် နှမျောတမ်းသရင်း စိတ်မကောင်းဖြစ်နေကြတာလည်းဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီးဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကနေ သူ့မှာအသဲရောဂါရှိတယ်ဆိုတာကို သိခဲ့ပေမယ့် တော်လှန်ရေးကာလအလွန်အရေးကြီးနေတဲ့ချိန်ဖြစ်တာမို့ ဆေးဝါးကုသယူဖို့ထက် စစ်တိုက်ဖို့ကိုရွေးချယ်ခဲ့တဲ့အကြောင်း သူ့မိတ်ဆွေတွေကို ပြောပြခဲ့တဲ့အသံဖိုင်တစ်ခုလည်း ဗိုလ်ချုပ်ကြီးကွယ်လွန်သွားတဲ့နောက် ထွက်ပေါ်လာပါတယ်။ 

ဗိုလ်ချုပ်ကြီးရဲ့ ရွေးချယ်မှုကို ကချင်လူထုနဲ့အတူ တော်လှန်ရေး ရဲဘော်၊ရဲဘက်တွေက လေးစားအတုယူနေကြသလို ဗိုလ်ချုပ်ကြီးနဲ့ သိကျွမ်းတဲ့သူတွေကလည်း သူတို့ရဲ့လူမူကွန်ယက်စာမျက်နှာပေါ်မှာ ဂုဏ်ပြုပြောဆိုနေကြတာရှိနေပါတယ်။

ဒီနေ့မှာတော့ KIA ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးရုတ်ချောင်ခေါင်လွမ်းဆိုတာ ဘယ်လိုလူလဲ KNG သတင်းဌာန ဗိုလ်ချုပ်ကြီးရဲ့ မိသားစုဝင်တွေနဲ့ သိကျွမ်းသူတွေကို မေးမြန်းတင်ဆက်ထားပါတယ်။

ဗိုလ်ချုပ်ကြီးဟာ ဂုဏ်ပကာသန၊ရားထူး၊အာဏာ မက်မောသူမဟုတ်ဘဲ သိုသိုသိတ်သိတ်နေတတ်တဲ့သူတစ်ယောက်ဖြစ်တယ်လို့  သူရဲ့မိသားစုဝင်တစ်ဦးက ခုလိုပြောပါတယ်။

မောင်နှမအားလုံးထဲမှာ အမေရဲ့အချစ်ဆုံး အသဲတုံးဖြစ်တယ်။ တိုင်းပြည်နဲ့ လူမျိုးအတွက် သူတာဝန်ထမ်းဆောင်ခဲ့တဲ့တစ်လျှောက်လုံး သူ့နာမည်နဲ့အကျိုးအမြတ်ရစေမဲ့ဘယ်အရာမျိုးမှ မိသားစုဝင်တွေကို လုပ်ခွင့်မပြုဘူး။ ကိုယ်ကျိုးအတွက် လုံး၀မကြည့်တဲ့သူတစ်ယောက်ဖြစ်တယ်။ မိသားစုဝင်တွေကိုလည်း သူ့ကြောင့် ဘာအကျိုးအမြတ်မှရဖို့ ၊မမျှော်လင့်ဖို့ အမြဲပြောလေ့ရှိတယ်။ သူ့အကြောင်းဘယ်သူမှမသိအောင် (low profile)နဲ့ပဲ သူအမြဲနေတယ်။ ဒီချိန်ထိ သူဟာ KIA ဗိုလ်ချုပ်ကြီးတစ်ယောက်ဆိုပြီး သူ့ရဲ့ ခြံဝင်း၊ အိမ်ယာဆိုပြီး ဝယ်ထားတာလည်းမရှိဘူး။ တည်ထားတာလည်းမရှိဘူး။ ဟိုအရင်ကတည်းက သူ့အဖိုး လော့ခေါင်ဒူဝါရဲ့ အိမ်အသေးလေးရှိတယ်။ အဲမှာပဲနေတယ်။ အမျိုးအတိုင်းအဝိုင်း အားလုံးကိုလည်း သူ့ကြောင့်ဂုဏ်ယူနေတာမျိုး လုံး၀မလုပ်စေချင်ဘူး။ သူ့ရဲ့ အနောက်မှာ ကျနော်တို့ မိသားစုဝင်တွေက ဆုတောင်းပေးပြီး ဘယ်သူမှမသိအောင် တိုးတိတ်စွာနေပေးတာက သူ့ကို(supporting)ထောက်ပံ့ပေးခြင်းပါပဲ။ ဒါကြောင့် ဒီနေ့ချိန် သူကွယ်လွန်သွားတဲ့အချိန်လည်း ဘယ်လောက်ဝမ်းနည်းရင်လည်း အများမသိအောင်ပဲ တိတ်တိတ်ပုန်း ဝမ်းနည်းကြရတယ်

ဗိုလ်ချုပ်ကြီး ရုတ်ချောင်ခေါင်လွမ်း ကွယ်လွန်သွားခြင်းအပေါ် သူနဲ့သိကျွမ်းတဲ့သူတွေကလည်း ဆိုရှယ်မီဒီယာတွေမှာ သူ့အကြောင်း အတ္ထုပ္ပတ္တိ  ကဗျာတွေ တည်ဖွဲ့  ရေးဖွဲ့ကာ ဝမ်းနည်းကြောင်း ဂုဏ်ပြုမှတ်တမ်းစာတွေရေးတင်နေကြသလို သူ့ကို ချစ်ခင်တဲ့သူတွေကတော့ ဗိုလ်ချုပ်ကြီး ဂွတိုလို့ ချစ်စနိုးခေါ်ကြပါတယ်။

KIA တပ်မဟာ  ထဲ တာဝန်ထမ်းဆောင်နေသူတစ်ဦးကလည်း ဗိုလ်ချုပ်ကြီး ခေါင်လွမ်းအပေါ် သူ့ရဲ့ သိမြင်မှု  ခံစားမှုနဲ့ပတ်သက်ပြီး အခုလိုပြောဆိုလာပါတယ်။

အထက်အရာရှိနဲ့တပ်သားဆိုပြီး ဘယ်သူ့ကိုမှ ခွဲခြားဆက်ဆံတာမျိုး မရှိဘူး။ စစ်အတွေ့အကြုံ၊ မြေပြင်အတွေ့အကြုံပြည့်၀တဲ့ဗိုလ်ချုပ်ဖြစ်တယ်။ ဆိုတော့ အခု သူ့အောက်က သူ့ခြေရာမီတဲ့သူ ရှိပါ့မလားပေါ့။ ဒီအချိန်မှာ သူကွယ်လွန်သွားတာကတော့ ဆုံးရှုံးမှုကြီးတစ်ခုပါပဲ။ အခုဆိုရင် တပ်မဟာ  မှာ သူကိုယ်တိုင်တာဝန်ယူ ကွင်းဆင်းပြီး လုပ်ငန်းဝင်နေတာဖြစ်တယ်။ တချို့ ဗိုလ်ချုပ်ကြီးတွေကတော့ ရာထူကြီးပေမဲ့ ရှေ့တန်းစစ်မြေပြင်အတွေ့အကြုံမရှိတာ များတယ်လေ။ သူက ပြည့်စုံတဲ့သူဖြစ်တယ်လို့ မြင်တယ်။ သူ့ကျန်းမာရေးကြောင့် အခုလို တာဝန်ကြီးထမ်းဆောင်နေချိန်၊ တိုင်းပြည်ယူဖို့ကြိုးစားနေချိန် ကွယ်လွန်သွားတာကတော့ ဝမ်းနည်းဖွယ်ပဲ။ ဒါပေမဲ့ ပိုကောင်းတဲ့ခေါင်းဆောင် ပေါ်လာမယ်လို့ပဲ မျှော်လင့်ရပါတယ်။ ကျန်တဲ့ လုပ်ငန်းတွေကိုလည်း ပိုကောင်းမွန်၊ပိုအောင်မြင်အောင် လုပ်ဆောင်သွားဖို့ပဲ ခွန်အားယူချင်ပါတယ်

 ဒါ့အပြင် မြစ်ကြီးနားဒေသခံ အမျိုးသားတစ်ဦးကလည်း သူသိတဲ့ ဗိုလ်ချုပ်ကြီး ခေါင်လွမ်း(သို့ဂွတိုဆိုတာ ဘယ်လိုလူဖြစ်တယ်ဆိုတာ အခုလို ပြောပြလာပါတယ်။

တပ်မဟာ  ကို သူထိန်းသွားတာကို ကြည့်ရင် လုံး၀ကောင်းတာကို တွေ့ရှိခဲ့ရတယ်။ မနှစ်ကတည်းက သူ စစ်ဦးစီးချူပ်ရာထိုးတက်သွားတာကိုကြားသိရပြီး အရမ်းဝမ်းသာတယ်။ ဒီတိုက်ပွဲခရီးစဉ်ကို သူဦးဆောင်မှာကို ဝမ်းသာခဲ့တယ်။ တကယ်လည်း လက်ရှိမှာ အောင်မြင်မှုတွေရရှိတယ်။  ယောက်မရှိတဲ့သူမျိုးတော့ဟုတ်တယ်။ ဒါပေမဲ့ သူကွယ်လွန်သွားတာကြောင့် တော်လှန်ရေးမှာ ထိပါးရိုက်ခတ်လာတာမျိုးတော့ ရှိမှာမဟုတ်ဘူးလို့မျှော်လင့်တယ်။ သူ့လိုကောင်းမွန်တဲ့ခေါင်းဆောင်တွေ ပြန်ပေါ်ထွက်လာမှာကို မျှော်လင့်တယ်။ ဒါကြောင့် ဝမ်းနည်းစရာရှိပေမဲ့ လုပ်စရာရှိတဲ့ လုပ်ငန်းတွေကိုတော့ ဆက်လက်ပြီး လုပ်ဆောင်ကြမှာပဲ။ သူ့အကြောင်းပြောပြရရင်တော့ သူဟာ မာန်မာန ဂုဏ်ရှိန်နဲ့ လုံး၀မနေတဲ့သူဖြစ်တယ်

KIA စစ်ဦးစီးချူပ် ဒုဗိုလ်ချုပ်ကြီး ခေါင်လွမ်းနဲ့ သိကျွမ်းတဲ့ အမျိုးသမီးတစ်ဦးကလည်း ဗိုလ်ချူပ်ကြီးဟာ စိတ်ဓာတ်ဖြူစင် ရိုးသားတဲ့သူတစ်ဦးဖြစ်ပြီး အတုယူသင့်တဲ့ ခေါင်းဆောင်ဖြစ်တယ်လို့ ပြောပါတယ်။

ကျမက သူ့က ‘Pure Man’ လို့တင်မြောက်ချင်တယ်။ သူစိတ်ဓာတ်က အတုယူဖွယ်ကောင်းတယ်။ သူ့ရဲ့လုပ်ဆောင်မှုတွေ၊ဦးဆောင်မှုတွေက သမာသမတ်ရှိတယ်။ Smart ကျတယ်။ သူ့ရဲ့ အောက်ခြေကတပ်သားတွေကိုလည်း အပြစ်ပေးသင့်တဲ့သူကို သူ့အပြစ်နဲ့ထိုက်တန်တဲ့ အပြစ်ပေးတယ်။ ဂုဏ်ပြုသင့်တဲ့သူကိုလည်း ကောင်းမွန်စွာ ဂုဏ်ပြုတယ်။ သူ ကျန်းမာရေးမကောင်းတော့ဘူးဆိုတာကို သိရဲ့သားနဲ့ သူ့ကျန်းမာရေးကို ဦးစားမပေးပဲ တိုင်းပြည်နဲ့ လူမျိုးလွတ်မြောက်ရမယ်ဆိုတာကိုပဲ အဓိက ဦးစားပေးပြီး ရွေးချယ်သွားတယ်။ ကျန်းမာရေးမရှိရင်တောင် သူကြိုးစားတယ်။ ကျမတို့ လူမျိုးတွေကို လွတ်မြောက်အောင် ကြိုးစားချင်တဲ့ စိတ်ဓါတ်အပြည့်ရှိတယ်

နောက်ဆုံး NUG ရဲ့ သယံဇာတဝန်ကြီး ဒေါက်တာခလဲန်တူးခေါင်ကလည်း ဒုဗိုလ်ချုပ်ကြီး ခေါင်လွမ်းနဲ့ပတ်သက်ပြီး အတိုချုံ့ ဂုဏ်ပြုပြောဆိုထားပါတယ်။

“NUG မှာ စစ်ဒေသ  ဆိုတာ မန္တလေးအထက်ပိုင်းအားလုံး KIA နဲ့ လက်တွဲပြီး လုပ်ငန်းလုပ်၊ တိုက်ပွဲဝင်နေတာဖြစ်တယ်။ NUG မှာစစ်ဒေသ  စဖွင့်ခါစက စစ်မြေပြင်အတွေ့အကြုံရှိတဲ့သူ မရှိဘူး။ စစ်သင်တန်းကတော့ KIA ကနေဆင်းပြီး လက်နက်ကိုင်နေကြသူတွေတော့ဟုတ်တယ်။ NUG ကိုပထမဆုံး လက်နက်တပ်ဆင်ပေးပြီး စစ်ကိုင်းဘက်လုပ်ငန်းပေးတဲ့အခါ ကယ်ဘယ်သူဦးဆောင်မလဲ ဆိုပြီး လိုအပ်လာတဲ့အခါ တိုက်ပွဲမှာဦးဆောင်ဖို့တော့ KIA ကနေ တပ်ရင်းမှူးအဆင့်နဲ့ အထက်ပိုင်းလူတွေကို KIA ထဲက ခန့်ထားပေးပြီး ဒီစစ်ဒေသ  မှူးကိုတော့ ဒုဗိုလ်ချူပ်ကြီး ဂွ ကို ဌာနချူပ်က တာဝန်ပေးထားတာဟုတ်တယ်။ သူ VCS အဆင့်ကနေ စစ်ဒေသမှူးဖြစ်တယ်။ နောက်ပိုင်းတော့ CS အရာအဆင့်တက်ပြီး သူ့အနေနဲ့ ပို လွတ်လွတ်လပ်လပ် လုပ်ဆောင်လာနိုင်တာပေါ့။ ပထမဆုံး တိုက်ပွဲတွေ ဦးဆာင်ဖော်ဆောင်ကတည်းက တပ်မဟာ  ဘက် သူကိုယ်တိုင်မြေပြင်ဆင်း တိုက်ပွဲတိုက်ပြီး၊ စစ်ကိုင်းဘက်ထိ အကြာပြီးနေခဲ့ဖူးပြီ။ အစကတော့ Local PDF ပဲများတယ်လေ ကိုယ့်လက်နက်ကိုယ် သိသလို မီးတူသေနတ်နဲ့ တိုက်ပွဲဝင်ကြတာပေါ့။ နောက်ပိုင်း  NUG စစ်ဒေသ  ဖွင့်လိုက်ချိန်မှာတော့ ပိုပြီး ဗိုလ်ချူပ် ဂွတို ကိုယ်တိုင်ဦးဆောင်ပြီး တပ်ရင်း တပ်ဖွဲ့ တွေရှိလာချိန် Local PDF တွေလည်း အင်အားစုပေါင်းပြီး NUG အောက်မှာ စုဖွဲ့လာတာဖြစ်တယ်။ ဒီလိုနဲ့ တစ်နေရာနဲ့တစ်နေရာ ကိုယ့်အုပ်စုနဲ့ကိုယ် စစ်အင်အားအစုအဖွဲ့ကြီး ဖြစ်လာအောင် သူဦးဆောင်ခဲ့တာဖြစ်တယ်”  

KIA စစ်ဦးစီးချူပ် ဒုဗိုလ်ချုပ်ကြီး ခေါင်လွမ်းရဲ့ဈာပနအခမ်းနားကိုတော့ KIO ဌာနချုပ်ရှိတဲ့ လိုင်ဇာမြို့မှာကျင်းပနေကြတာဖြစ်ပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button