မင်းအောင်လှိုင်ကို တော်လှန်တဲ့အဖွဲ့များအားလုံး ပါဝင်တဲ့ဆွေးနွေးမှုသာ ငြိမ်းချမ်းရေးဖော်ဆောင်နိုင်မယ်လို့ KIO ပြော

စစ်ခေါင်းဆောင် မင်းအောင်လှိုင် အစိုးရလက်အောက်မှာ စစ်တပ်ကို တော်လှန်နေတဲ့အဖွဲ့ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတွေ ရှိလာရင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO အနေနဲ့ ပါဝင်သွားမှာ ဖြစ်တယ်လို့ KIO က ထပ်မံပြောဆို လိုက်ပါတယ်။

အာဏာသိမ်းစစ်တပ်က ရွေးကောက်ပွဲ ပြုလုပ်ပြီးနောက် စစ်တပ်ထောက်ခံသူများနဲ့ အစိုးရဖွဲ့ခဲ့ပါတယ်။ အစိုးရသစ်လက်ထက် ငြိမ်းချမ်းရေးလုပ်ငန်း ပြန်လည် စတင်နိုင်တယ်လို့ သုံးသပ်ချက်တွေအပေါ် KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ ကို KNG က မေးမြန်းခဲ့ပါတယ်။

“KIO ရဲ့ အဓိကမူက မြန်မာနိုင်ငံရဲ့ နိုင်ငံရေးတစ်ခုလုံးပြောင်းလဲသွားစေနိုင်တဲ့ ဆွေးနွေးပွဲတွေဆိုရင် ဘယ်လိုဆွေးနွေးပွဲတွေ မဆိုပါဝင်သွားဖို့ ဖြစ်တယ်။ ဥပမာ – KIO/KIA နဲ့ပဲ ဆွေးနွေးမယ်ဆိုရင် ကျနော်တို့ဒေသမှာ NUG  PDF နဲ့ တခြားလက်နက်ကိုင် တပ်ဖွဲ့တွေ ရှိနေကြတယ်။ သူတို့တွေ မပါဝင်ဘူးဆိုရင်လည်း နွေးနွေးမှုက ထိရောက်မှုရှိမှာလည်း မဟုတ်ဘူး။ နောက်တစ်ခုက မြန်မာနိုင်ငံရဲ့ ပြဿနာကို ဖြေရှင်းနိုင်ဖို့ဆိုရင်လည်း ပြည်နယ်ထဲက တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ပဲ ဆွေးနွေးပြီး ငြိမ်းချမ်းရေးတည်ဆောက်နိုင်မှာ မဟုတ်ဘူးဆိုတာ တွေ့ရတယ်။ ဒါကြောင့် တစ်နိုင်ငံလုံးမှာရှိကြတဲ့ လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေ၊ မင်းအောင်လှိုင်အစိုးရကို ဆန့်ကျင်တော်လှန်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ အားလုံးပါဝင်နိုင်မှသာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မှာဖြစ်တယ် လို့ ပြောပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြီးခဲ့တဲ့ ဧပြီလ ၂၀ ရက်နေ့မှာ ရက် ၁၀၀ အတွင်း တိုင်းရင်သားလက်နက်ကိုင်အဖွဲ့များကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ကြောင်း သတင်းထုတ်ပြန်ခဲ့သလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကိုတော့ လက်နက်ချဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

ယခု ဇွန်လထဲမှာ ဆိုရင် ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ထားတာ တစ်လကျော်ခန့် ကြာမြင့်လာပြီ ဖြစ်ပေမယ့် ကချင်ဒေသအတွက် KIO KIA ကို တရားဝင်ပြောဆိုလာခြင်း မရှိသေးတဲ့အပြင် ကချင်ပြည်နယ်ကို စစ်အင်အား၊ စစ်ရိက္ခာတွေ ဖြည့်တင်းပြီး ထိုးစစ်ဆင်ဖို့သာ ပြင်းပြနေတာတွေ့ရတယ်လို့  ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောပါတယ်။

စစ်တပ်က အပစ်ခတ်ရပ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးမယ်လို့တော့ ပြောဆိုနေတာပေါ့လေ။ ဒါပေမယ့် လက်တွေ့မှာတော့ စစ်ရေးဖော်ဆောင်ဖို့သာ အဓိက ပြင်းပြနေတာတွေ့ရတယ်။ ဒါကြောင့်လည်း လက်တွေ့မှာ ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆိုတာက KIO/KIA ကိုပြောဖို့တော့ မထင်သေးဘူး။ အဓိကတော့ စစ်တပ်ဆက်ချုပ်ကိုင်ထားပြီး တိုက်ပွဲဖော်ဆောင်အုံးမယ် ဆိုတဲ့သဘောပဲ တွေ့ရပါတယ် လို့ ဆက်ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ မေလအတွင်းထဲမှာ စစ်လက်နက်၊ စစ်ရိက္ခာ အပြည့်တင်ဆောင်တဲ့ စစ်ယာဉ်တန်းကို ပထမတစ်ခေါက် စစ်ကား အစီး ၄၀၀ ခန့်၊ ဒုတိယတစ်ခေါက် စစ်ကား အစီး ၂၀၀ ကျော်ခန့်ရှိတဲ့ စစ်ယာဉ်တန်းကို ကချင်ပြည်နယ်အထိ ပို့ဆောင်နိုင်ခဲ့ပါတယ်။

စစ်အင်အားတင်ဆောင်ခဲ့တဲ့ စစ်ယာဉ်တန်းများ မန္တလေးမြစ်ကြီးနားပြည်ထောင်စု ကားလမ်းမကြီးကို အသုံးပြုပြီး မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (.ပခ) အထိ တင်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

စစ်တပ်နဲ့ KIA တွေ့ဆုံမှု မရှိလာနိုင်သေးတဲ့အပေါ်မှာ ကချင်နိုင်ငံရေးလေ့လာသုံးသပ်သူအမျိုးသားတစ်ဦးက “KIA ဘက်ကတော့ တစ်ဖွဲ့ချင်းမဟုတ်ဘဲ မြန်မာနိုင်ငံထဲက NUG အပါ လက်နက်ကိုင်တပ်ဖွဲ့တွေအားလုံးပါဝင်တဲ့ ဆွေးနွေးပွဲကို တောင်းဆိုနေတာ တွေ့ရတယ်။ အဲ့မှာလည်း နှစ်ဖက်ရဲ့ အမြင်မတူတာ တွေ့ရတယ်။ စစ်တပ်ကတော့ တစ်ဖွဲ့ချင်းပဲ တွေ့ချင်တဲ့ သဘောပဲ။ ဒါကို KIA ဘက်က လက်မခံဘူး တကယ်တမ်းပြောရရင် တွေ့ချင်ရင် တွေ့လို့ရတယ် ဒါပေမယ့် မတွေ့နိုင်အောင် ဖြစ်နေတဲ့အခြေအနေမျိုး လို့ မြင်ပါတယ်” လို့ အမည်မဖော်လိုသူက ပြောပါတယ်။

ကချင်ပြည်နယ်ထဲကို စစ်တပ်ရဲ့ စစ်အင်အား သယ်ဆောင်လာတဲ့ယာဉ်တန်းတွေ တစ်ရက်ပြီး တစ်ရက် ဝင်ရောက်လာနေတာဟာ KIA ကို စစ်တပ်က စစ်ရေးအရ ဖိအားပေးဖို့ ဖြစ်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

လက်ရှိမှာတော့ ကချင်ပြည်နယ် ဖားကန့်မြို့ ၊ ဗန်းမော်မြို့ မှာ တိုက်ပွဲ ပုံမှန်ဖြစ်ပွားနေသလို ဝိုင်းမော်မြို့၊ မြစ်ကြီးနားမြို့ ၊ ရွေကူ နဲ့ မဘိမ်းမြို့တွေမှာ စစ်အင်အား အများအပြား ပို့ဆောင်ထားတာကြောင့် ယခုလအတွင်း အဲဒီ စစ်မျက်နှာ ၆ ခုမှာ တိုက်ပွဲ ပြင်းထန်လာနိုင်တယ်လို့ စစ်ရေး လေ့လာသုံးသပ်သူတွေက ပြောဆိုနေကြပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Leave a Reply

Back to top button