ပူတာအို–ခေါင်လန်ဖူးလမ်း သစ်ပင်ပိပြီး အမျိုးသားတစ်ဦးသေဆုံး

ကချင်ပြည်နယ် ပူတာအိုခေါင်လန်ဖူးကားလမ်းပိုင်း တစ်နေရာမှာ သစ်ပင်အိုကြီးတစ်ပင် လှဲကျပြီး သစ်ပင်ပိမိခဲ့ရာကနေ အမျိုးသားတစ်ဦးသေဆုံးပြီး  အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ ဇွန်လ ၁ ရက်နေ့ ခေါင်လန်ဖူးဘက်ကနေ ပူတာအိုဘက်ကို ဆိုင်ကယ်နဲ့ ဆင်းလာတဲ့ ဇနီးမောင်နှံနှစ်ဦး ဆန်းလွန်းချက်တောင်ကြားအရောက် သစ်ပင်လှဲကျပြီး ပိမိခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

“ဆိုင်ကယ်နဲ့ဆင်းလာတာဟုတ်တယ် သူတို့ကလင်မယား ရီဒမ်းမှာ ရှကောပါးကောခင်းသွားလုပ်ပြီးပြန်လာတာ။  အဲ့တာလမ်းမှာသစ်ပင်လှဲပြီး ပိသွားတာ။ သူ့ယောကျာ်း ပွဲချင်းပြီးပဲ သူ့မိန်းမကတော့သတိလစ်သွားတာအခုပြန်ကောင်းသွားပြီလို့ ပူတာအို မြို့ခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

သစ်ပင်ပိမိလို့ ခင်ပွန်းဖြစ်သူ ပွဲချင်းပြီး သေဆုံးသွားပြီး ဇနီးဖြစ်သူကတော့ သတိလစ်သွားပေမယ့် နောက်ပိုင်းမှာ ပြန်လည်သက်သာလာတယ်လို့ ဆိုပါတယ်။

သေဆုံးသူက အသက် ၅၀ ဝန်းကျင်ရှိတဲ့ ဦးထဖူးရမ်ဆိန်းဆိုသူဖြစ်ပြီး အမျိုးသမီးရဲ့အမည်ကိုတော့ အတည်ပြုနေဆဲဖြစ်တယ်လို့ သိရပါတယ်။

သေဆုံးသွားတဲ့သူက အရင်က ရပ်ဘော့မှာနေတာ ဒါပေမယ့်အခုက ပူတာအို သုတ္တန်ရပ်ကွက်မှာအိမ်ရှိတော့အဲ့မှာလည်းနေတယ်။ ခေါင်လန်ဖူးဘက်ပဲအနေများတယ် ဒီဘက်ကိုခနလာရင်းဖြစ်သွားတာလို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ဒေသခံတွေပြောတာအရ သူတို့ဇနီးမောင်နှံဟာ ရီဒမ်းဘက်မှာ လယ်လုပ်ငန်းသွားလုပ်ပြီး ပြန်လာတဲ့အချိန်မှာ အခုလို မတော်တဆ ဖြစ်သွားတာလို့ ဆိုပါတယ်။

ယခုရက်ပိုင်း ပူတာအိုခေါင်လန်ဖူးကားလမ်းပိုင်း မိုးသည်းထန်စွာရွာသွန်းနေတာကြောင့် မြေပြိုတာ၊သစ်ကိုင်းကျိုးကျတာတွေဖြစ်ပေါ်နေတဲ့အတွက် ခရီးသွားပြည်သူတွေသတိထား သွားလာသင့်ကြောင်းဒေသခံတွေကဆိုပါတယ်။

ဒါ့အပြင် အဲ့ဒီလမ်းပိုင်းက တောင်တန်းတွေကို ဖောက်လုပ်ထားတဲ့ မြေသားလမ်းဖြစ်တာကြောင့် မိုးရာသီရောက်တိုင်း ခရီးသွားလာရေး အန္တရာယ်များပြီး အခက်အခဲတွေ ကြုံနေရတယ်လို့လည်း သိရပါတယ်။

ပူတာအို ခေါင်လန်ဖူး ကားလမ်းပိုင်းမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မိုးရာသီကာလမှာလည်းမြေပြိုမှုတွေကြီးကြီးမားမားဖြစ်ပေါ်ခဲ့ပြီး လက်ရှိအချိန်အထိအစိုးရကမပြုပြင်ပေးသေးတာကြောင့် ခရီးသွားတွေဟာ ဆိုင်ကယ်တစ်မျိုးတည်းနဲ့သာ ခက်ခက်ခဲခဲ သွားလာနေရတယ်လို့သိရပါတယ်။

By – Zaw Zaw

Show More

Leave a Reply

Back to top button