မူးယစ်ဆေးဝါးကြား ပျောက်ဆုံးနေတဲ့ ကလေးငယ်ဘဝ

“သမီးရောင်းချင်လို့ ရောင်းတာမဟုတ်ဘူး။ မရောင်းရင် ရိုက်မယ်လို့ ပြောလို့ သမီးရောင်းတာ"

“သမီးရောင်းချင်လို့ ရောင်းတာမဟုတ်ဘူး။ မရောင်းရင် ရိုက်မယ်လို့ ပြောလို့ သမီးရောင်းတာ။ သူ့ပစ္စည်းတွေ မကုန်ဘူးဆိုရင် သမီးကို သတ်မယ်လို့လည်း ပြောတယ်။ သမီးက ကြောက်လို့ ဘယ်သူနဲ့မှ တိုင်လို့မရဘူး။ တိုင်ရင်လည်း ရိုက်မယ်လို့ ပြောတယ်”

ဒီလိုပြောပြတဲ့သူကတော့ မြစ်ကြီးနားမြို့မှာ နေထိုင်တဲ့ အသက်မပြည့်သေးတဲ့ ကလေးမတစ်ဦးဖြစ်ပြီး အမျိုးသမီးတစ်ဦးရဲ့ ခြိမ်းခြောက်ရိုက်နှက်မှုကြောင့် သူ့ဆန္ဒမပါဘဲ မူးယစ်ဆေးဝါး ရောင်းချနေရတာလို့ သိရပါတယ်။ 

လုံခြုံရေးအခြေအနေကြောင့် ကလေးမလေးရဲ့ နေထိုင်ရာနဲ့ မိသားစုအကြောင်း အသေးစိတ်ကိုတော့ မဖော်ပြထားပါဘူး။

ဒီအကြောင်းအရာကို KNG ကရရှိထားတဲ့ ရုပ်သံမှာ ခြိမ်းခြောက်ခံနေရကြောင်း ကလေးငယ်က ဖြေဆိုထားတာဖြစ်ပါတယ်။

ဒီကလေးမလေးရဲ့ ဖြစ်ရပ်က တစ်ဦးတည်းဖြစ်နေတဲ့ ဖြစ်ရပ်မဟုတ်ဘဲ ကချင်ပြည်နယ်မှာ အသက်မပြည့်သေးတဲ့ ကလေးတွေ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုထဲ ပါဝင်လာနေတဲ့ အခြေအနေကိုလည်း တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အထူးသဖြင့် မြစ်ကြီးနား၊ မိုးကောင်းနဲ့ မိုးညှင်းမြို့နယ်တွေမှာ ဒီလိုဖြစ်စဉ်တွေ ရှိနေတယ်လို့ ဆိုပါတယ်။

ဒေသခံတွေရဲ့ ပြောဆိုချက်အရ ၂၀၂၃ ခုနှစ်နောက်ပိုင်း စီးပွားရေးအခြေအနေ ကျဆင်းလာတာနဲ့အတူ အသက်မပြည့်သေးတဲ့ ကလေးတွေ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုထဲ ပါဝင်လာတာ ပိုများလာတယ်လို့ သိရပါတယ်။ 

အဲဒီကလေးတွေထဲမှာ မူးယစ်ဆေးဝါးရောင်းချဖို့ ဖိအားပေးခိုင်းစေခံရသူတွေ ရှိသလို ကိုယ့်ဆန္ဒနဲ့ ငွေကြေးရလိုတာကြောင့် ပါဝင်လာသူတွေလည်း ရှိတယ်လို့ ပြောပါတယ်။

ဒီလိုအခြေအနေမှာ အသက် ၁၈ နှစ်မပြည့်သေးတဲ့ ကလေးတစ်ဦး မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုနဲ့ ဖမ်းဆီးခံရရင် လူကြီးတစ်ဦးလို အရေးယူတာထက် ကလေးသူငယ်အခွင့်အရေးကို ထည့်သွင်းစဉ်းစားရမှာဖြစ်တယ်လို့ အတွေ့အကြုံ ၁၅ နှစ်ကျော်ရှိတဲ့ အမည်မဖော်လိုသူ ရှေ့နေတစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၉ ခုနှစ် ဇူလိုင် ၂၂ ရက်က ပြဋ္ဌာန်းထားတဲ့ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈ အရ ကလေးသူငယ်တိုင်းဟာ အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခံခွင့်နဲ့ လူမှုအဖွဲ့အစည်းမှာ ပါဝင်ဆက်ဆံခွင့်တွေ ရှိပါတယ်။ 

ဒါပေမယ့် လက်တွေ့မှာတော့ မူးယစ်ဆေးဝါးရောင်းဖို့ အတင်းအကျပ် ခိုင်းစေခံနေရတဲ့ ကလေးတွေ ရှိနေတယ်လို့ သိရပါတယ်။

ဥပဒေအရ ကလေးတစ်ဦး မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးခံရရင် ကလေးသူငယ်တရားရုံးမှာ စစ်ဆေးတာ၊ အာမခံပေးတာနဲ့ လူကြီးတွေနဲ့ သီးခြားထားရှိတာတွေ လုပ်ဆောင်ရမှာဖြစ်တယ်လို့ အဲဒီရှေ့နေက ရှင်းပြပါတယ်။

“လူကြီးတွေနဲ့ တစ်ခန်းထဲမှာ မထားရဘူး။ ဒုရဲအုပ်အဆင့်ထက် မနိမ့်တဲ့ ရဲအရာရှိ စီမံအုပ်ချုပ်တဲ့အောက်မှာ ထားရမယ်ဆိုတာ ပါရှိတယ်။ တကယ်လို့ ကလေးသူငယ်ဖြစ်တယ်ဆိုရင် ဒီလို ဥပဒေပါ ကလေးသူငယ်အခွင့်အရေးကို တောင်းဆိုရမှာပေါ့” လို့ သူက ပြောပါတယ်။

ဒါပေမယ့် မြစ်ကြီးနားမြို့က ရဲစခန်းတချို့မှာတော့ မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးခံရတဲ့ ကလေးတွေကို လူကြီးတွေနဲ့အတူ အချုပ်ခန်းထဲ ထည့်ထားတာတွေ ရှိတယ်လို့ ဆိုပါတယ်။ ဒီလို ကလေးတွေကို အရွယ်ရောက်ပြီးသူတွေနဲ့ အတူထားတာဟာ နောက်ထပ်စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်လာနိုင်တယ်လို့ ရှေ့နေက ပြောပါတယ်။

တစ်ဖက်မှာတော့ ကလေးတွေကို မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူးမှုထဲ အသုံးချသူတွေအတွက်လည်း ဥပဒေမှာ ပြစ်ဒဏ်တွေ သတ်မှတ်ထားပါတယ်။ 

ရှေ့နေတစ်ဦးရဲ့ ရှင်းပြချက်အရ မူးယစ်ဆေးဝါးမှု ကျူးလွန်ရာမှာ အသက် ၁၈ နှစ်မပြည့်သေးတဲ့ ကလေးကို အသုံးချရင် မူးယစ်ဆေးဝါးဥပဒေ ပုဒ်မ ၂၂(ဂ)နဲ့ အရေးယူနိုင်ပြီး ပြစ်မှုအခြေအနေအလိုက် ပုဒ်မ ၁၆ ကနေ ၂၁ အထိ ဆက်စပ်နိုင်ပါတယ်။

“ပုဒ်မ ၂၂(ဂ)ပေါ့။ ကျူးလွန်သည့်ပြစ်မှုမှာ အသက် ၁၈ နှစ်မပြည့်သေးတဲ့ ကလေးသူငယ်ကို အသုံးချခြင်း။ ကလေးသူငယ်ကို ကာကွယ်ပေးတဲ့ အပိုဒ်တစ်ခုပေါ့။ ပုဒ်မ ၁၉ မှာက ထောင်ဒဏ် ၁၀ နှစ်ကနေ အများဆုံး ထောင်ဒဏ်တစ်သက် ချမှတ်နိုင်တယ်။ ပုဒ်မ ၂၀ မှာတော့ ထောင်ဒဏ် ၁၅ နှစ်ကနေ အများဆုံး ထောင်ဒဏ်တစ်သက်ဖြစ်စေ၊ သေဒဏ်အထိ ဖြစ်စေ ချမှတ်နိုင်တယ်”လို့ ရှေ့နေကရှင်းပြပါတယ်။

မူးယစ်ဆေးဝါး ရောင်းချဖို့ ကလေးတွေကို ရိုက်နှက်ခြိမ်းခြောက်ပြီး ခိုင်းစေတဲ့ ဖြစ်စဉ်တွေလည်း ရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ကလေးတွေကို မနက်စောစော လာခိုင်းပြီး မူးယစ်ဆေးဝါး ရောင်းချဖို့ ရိုက်နှက်အတင်းအကျပ် ခိုင်းစေတာတွေကို ကိုယ်တိုင်တွေ့ရတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

“အဲကလေးတွေကို အိပ်ရာကမထခင် မနက် ၆ နာရီ လာခိုင်းပြီး ခေါင်းရိုက်၊ ပါးရိုက်နဲ့ ‘ငါဘာကောင်မလဲ သိတယ်မလား၊ အခုထိ မထသေးဘူးလား’ ဆိုပြီး အတင်းရောင်းခိုင်းတာ။ ပြည်သူတစ်ယောက်အနေနဲ့ ဘေးကနေ မခံနိုင်လို့ပါ” လို့ သူက KNG ကို ပြောပါတယ်။

ဒီလိုဖြစ်စဉ်တွေက မြစ်ကြီးနားတစ်မြို့တည်းမှာသာ မဟုတ်ဘဲ မိုးကောင်း၊ မိုးညှင်းနဲ့ ကချင်ပြည်နယ်အတွင်းက ကျေးရွာတချို့မှာလည်း ကျောင်းနေအရွယ်ကလေးတွေ မူးယစ်ဆေးဝါး ရောင်းတာ၊ သုံးစွဲတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီကလေးတွေဟာ အသက် ၁၂ နှစ်ကနေ ၁၆ နှစ်အရွယ်အထိ ရှိတယ်လို့ ဆိုပါတယ်။

မော်ဖောင်း၊ အကဲ၊ ရှဒေါင်နဲ့ ဂတ်ရှန်ယန် စတဲ့ ကျေးရွာတွေမှာလည်း “ရာမ” လို့ခေါ်တဲ့ မူးယစ်ဆေးသုံးစွဲမှု ပိုများလာပြီး ကျောင်းနေအရွယ်ကလေးတွေ ရောင်းချတာနဲ့ သုံးစွဲတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီလိုကလေးတွေကို မူးယစ်ဆေးဝါးအန္တရာယ်ထဲကနေ ကာကွယ်ဖို့ မိသားစု၊ စာသင်ကျောင်း၊ ရပ်ကွက်နဲ့ သက်ဆိုင်ရာဌာနတွေမှာ တာဝန်ရှိတယ်လို့ ရှေ့နေက ပြောပါတယ်။

မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ အသိပညာပေးမှုတွေ၊ လူငယ်တွေအတွက် ပြန်လည်ထူထောင်ရေးအစီအစဉ်တွေနဲ့ အန္တရာယ်ရှိတဲ့ နေရာတွေမှာ ကလေးတွေကို အသုံးချတာ မဖြစ်အောင် စောင့်ကြည့်တာတွေ လုပ်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

“ဥပဒေမဟုတ်ရင်တောင်မှ ညွှန်ကြားချက်တွေကို အာဏာပိုင်အဖွဲ့အစည်းတွေ လုပ်လို့ရတယ်။ အဲလိုတွေလုပ်မှ ဥပဒေအရ လူကြီးတွေကိုလည်း အပြစ်ပေးလာနိုင်မယ့် အနေအထား ဖြစ်လာမှာ။ ဒါမှမဟုတ်ရင်တော့ ကလေးတွေအနေနဲ့ လွယ်လွယ်ကူကူနဲ့ ပိုက်ဆံရတဲ့အလုပ်တွေ လုပ်ပြီး ပျက်စီးလာကြတာပေါ့” လို့ သူက ပြောပါတယ်။

ကုလသမဂ္ဂ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကွန်ဗင်းရှင်း (CRC) ရဲ့ အပိုဒ် ၃၃ မှာလည်း နိုင်ငံတွေဟာ ကလေးသူငယ်တွေကို မူးယစ်ဆေးဝါး သုံးစွဲမှုကနေ ကာကွယ်ရမှာဖြစ်သလို မူးယစ်ဆေးဝါး ထုတ်လုပ်မှုနဲ့ ရောင်းဝယ်ဖောက်ကားမှုတွေမှာ ကလေးတွေကို အသုံးချတာကို တားဆီးဖို့ လိုအပ်တဲ့ ဥပဒေနဲ့ အခြားအစီအမံတွေ ဆောင်ရွက်ရမယ်လို့ ဖော်ပြထားပါတယ်။

တစ်ဖက်မှာတော့ UNODC က ၂၀၂၆ ခုနှစ် ဇွန်လ ၂၆ ရက်မှာ ထုတ်ပြန်တဲ့ World Drug Report 2026 အရ မြန်မာနိုင်ငံဟာ ကမ္ဘာမှာ တရားမဝင်ဘိန်း အများဆုံးထုတ်လုပ်တဲ့ နိုင်ငံအဖြစ် ဆက်လက်ရှိနေပြီး ဘိန်းစိုက်ပျိုးထုတ်လုပ်မှုဟာ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်တို့မှာ အဓိက စုစည်းနေဆဲဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီအစီရင်ခံစာက ၂၀၂၄ ခုနှစ် အောက်တိုဘာလကနေ ၂၀၂၅ ခုနှစ် မတ်လအထိ ၂၀၂၄/၂၅ ဘိန်းစိုက်ပျိုးရာသီအတွင်း ကောက်ယူထားတဲ့ အချက်အလက်တွေကို အခြေခံထားတာ ဖြစ်ပါတယ်။

မူးယစ်ဆေးဝါးပြဿနာကြီးမားနေတဲ့ အခြေအနေမှာ ကလေးတွေကို မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုထဲ အသုံးချတာက ကလေးသူငယ်အခွင့်အရေးနဲ့ တိုက်ရိုက်ဆက်နွယ်နေတဲ့ ပြဿနာတစ်ခုဖြစ်လာနေပါတယ်။

ခြိမ်းခြောက်ရိုက်နှက်ခံရပြီး မူးယစ်ဆေးရောင်းနေရတဲ့ ကလေးမလေးလို ဖြစ်စဉ်တွေ ထပ်မဖြစ်အောင် ကလေးတွေကို အပြစ်ပေးဖို့ထက် ကာကွယ်ပေးနိုင်မယ့် လမ်းကြောင်းတွေ ရှိဖို့ လိုအပ်နေပါတယ်။

By – Hope

Show More

Leave a Reply

Back to top button