မြစ်ကြီးနား–ဖားကန့် ကားခ ကျပ် ၄ သိန်းနီးပါးအထိ မြင့်တက်လာ

ကချင်ပြည်နယ်၊ မြစ်ကြီးနား–ဖားကန့်ကြား ခရီးသည်တစ်ဦးရဲ့ ကားခဟာ ကားအမျိုးအစားနဲ့ ကားဂိတ်တွေအပေါ် မူတည်ပြီး ကျပ် ၄ သိန်းနီးပါးအထိ မြင့်တက်လာတယ်လို့ ခရီးသွားပြည်သူတွေက ပြောပါတယ်။

လတ်တလော မြစ်ကြီးနား–ဖားကန့် ခရီးစဉ်မှာ ကားအမျိုးအစားနဲ့ ကားဂိတ်အလိုက် ပေါ်မူတည်ပြီး ဈေးနှုန်းကွာခြားမှုရှိတယ်လို့  ဆိုပါတယ်။

ခရီးသွားပြည်သူတွေရဲ့ ပြောပြချက်အရ ကားနောက်ခန်းခမှာ တစ်ဦးကို ကျပ် ၂ သိန်းခွဲကနေ ၃ သိန်းဝန်းကျင်၊ ရှေ့ခန်း ကျပ် ၃ သိန်းကနေ ၃ သိန်းခွဲဝန်းကျင်အထိ ရှိနေပြီး တချို့ကားတွေမှာ ကျပ် ၄ သိန်းနီးပါးအထိ ပေးရတယ်လို့ သိရပါတယ်။

“စီးလာတာကတော့ AD Van ပါ။ မြန်တယ်၊ စီးရတာလည်း သက်သောင့်သက်သာရှိတယ်ဆိုပြီး ခေါင်းခန်းကို ၃ သိန်း ၂ သောင်းနဲ့ စီးလာခဲ့တာ။ ပြီးခဲ့တဲ့တစ်ပတ်လောက်ကပါ။ လမ်းတွေကလည်း တအားပျက်စီးနေတော့ အခြေအနေက ပုံမှန်လို မဟုတ်ဘူး။ အဲဒါကြောင့်လည်း ဈေးတက်နေတာထင်တယ်” လို့ ဖားကန့်– မြစ်ကြီးနားမှာ ပုံမှန်လို ခရီးသည်သွားနေတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ကားခတွေ မြင့်တက်လာရတဲ့ အကြောင်းရင်းတွေထဲမှာ လမ်းပိုင်းပျက်စီးတာ၊ လမ်းတစ်လျှောက် စစ်ဆေးရေးဂိတ်တွေ များလာပြီး ဂိတ်ကြေးပေးဆောင်ရတာ၊ စက်သုံးဆီဈေး မြင့်တက်လာတာနဲ့ ကားပြင်ဆင်စရိတ် ကြီးမြင့်လာတာတွေ ပါဝင်တယ်လို့ ကားသမားတွေ  ပြောပါတယ်။

“လမ်းတစ်လျှောက်မှာ စစ်ဆေးရေးဂိတ်တွေ အရမ်းများတယ်။ စစ်ဆေးတာလည်း ကြာတယ်။ ဂိတ်ကြေးကလည်း တစ်ခေါက်သွားရင် သိန်းနဲ့ချီ ကုန်ကျနေတာ။ နောက်ပြီး လမ်းကလည်း တော်တော်ဆိုးရွားနေတော့ ကားပျက်စီးမှုများပြီး ပြင်ဆင်စရိတ်က မတန်တဆ ကြီးမြင့်နေလို့ ကားခကို လျှော့ပေးဖို့ မဖြစ်နိုင်သေးတာပါ” လို့ မြစ်ကြီးနား–ဖားကန့် ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

PSA

ဒါ့အပြင် ဖားကန့်–ကာမိုင်း–နန့်ယား လမ်းပိုင်းတစ်လျှောက်မှာ လမ်းပျက်စီးပြီး ရွှံ့နွံထူထပ်တာ၊ လုံခြုံရေးစစ်ဆေးမှုတွေ တင်းကျပ်တာကြောင့် ပုံမှန် ၆ နာရီဝန်းကျင်သာ ကြာမြင့်တဲ့ ခရီးစဉ်ဟာ လက်ရှိမှာ တစ်ညအိပ်၊ နှစ်ရက်ခန့်အထိ ကြာမြင့်တဲ့ အခြေအနေတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ 

“ပုံမှန်တော့ မရှိဘူး။ အခြေအနေမကောင်းရင် လမ်းမှာအိပ်ရတဲ့အခါလည်း ရှိတယ်။ အခုတလော လမ်းပြင်တာနဲ့ တချို့လမ်းမကောင်းတဲ့နေရာတွေမှာ ဖြည်းဖြည်းသွားရတော့ ညမှ မြစ်ကြီးနားဝင်ရတာတွေလည်း ရှိတယ်” လို့ ကားသမားတစ်ဦးက ပြောပါတယ်။

မြစ်ကြီးနား–ဖားကန့်ကြား ကားခဟာ ၂၀၂၄ ခုနှစ်မတိုင်ခင်က ခရီးသည်တစ်ဦးအတွက် နောက်ခန်း ကျပ် ၁ သိန်း ၃ သောင်းနဲ့ ရှေ့ခန်း ကျပ် ၁ သိန်း ၅ သောင်းသာ ရှိခဲ့ပါတယ်။

အဲဒီနောက် ၂၀၂၄ ခုနှစ် ဇွန်လနောက်ပိုင်းမှာတော့ နောက်ခန်း ကျပ် ၂ သိန်းနဲ့ ရှေ့ခန်း ကျပ် ၂ သိန်းခွဲအထိ မြင့်တက်လာခဲ့ပြီး အဲဒီနောက်ပိုင်း စက်သုံးဆီဈေး၊ ဂိတ်ကြေးနဲ့ ကားပြင်ဆင်စရိတ်တွေ ဆက်လက်မြင့်တက်လာပြီး လက်ရှိ ကျပ် ၄ သိန်းနီးပါးအထိ ရောက်လာတာ ဖြစ်ပါတယ်။

ကားခနဲ့ သယ်ယူပို့ဆောင်ရေးစရိတ်တွေ မြင့်တက်လာတာကြောင့် ဖားကန့်မြို့နယ်အတွင်း အခြေခံစားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းဈေးနှုန်းတွေလည်း လိုက်ပါမြင့်တက်နေပြီး ပြည်သူတွေဟာ ကျန်းမာရေးနဲ့ အရေးပေါ်ကိစ္စတွေကြောင့် ခရီးသွားလာရာမှာ ငွေကြေးပိုမိုကုန်ကျတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

မြစ်ကြီးနား–ဖားကန့် လမ်းပိုင်းမှာ ၂၀၂၄ နဲ့ ၂၀၂၅ ခုနှစ်တွေကတည်းက တိုက်ပွဲတွေ မကြာခဏဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်အထိ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ပါတယ်။ 

အဲဒီလမ်းပိုင်းတစ်လျှောက်မှာ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်တွေအပြင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေရဲ့ စစ်ဆေးရေးဂိတ်တွေလည်း ရှိနေတယ်လို့ သိရပါတယ်။

By – Zaw Zaw

Show More

Leave a Reply

Back to top button