ရွှေတွင်းဟောင်းတွေကြောင့် ကလေးတွေရဲ့ အသက်ကို နုတ်ယူနေတဲ့ ဧရာဝတီ

မြစ်ကြီးနားမြို့ မန်ခိန် ရပ်ကွက် ဧရာဝတီမြစ်ဆိပ်မှာ ရေဆင်းချိုးခဲ့တဲ့ ကောင်လေးတစ်ဦး အိမ်ကို ပြန်မရောက် လာတော့ပါဘူး။ အသက် ၁၀ နှစ်ပြည့်ပြီး နှစ်လကျော်သာ ရှိသေးတဲ့ သူဟာ သွက်သွက်လက်လက်နဲ့ အပြုံးမျက်လုံးလေးတွေ ရှိတဲ့ ကလေးဖြစ်ပြီး မိသားစုရဲ့ သားသမီးသုံးဦးထဲက တစ်ဦးတည်းသော သားလည်း ဖြစ်ပါတယ်။

“သူက တစ်ဦးတည်းသော သားဖြစ်တဲ့အတွက် မိဘတွေလည်း အရမ်းချစ်တာ။ သူတို့မိဘအတွက် အားကိုးရာလို ဖြစ်နေတာပေါ့။ အရမ်းကို ဝမ်းနည်းနေကြတာ။ အဖိုးအဖွားတွေကလည်း အရမ်းချစ်ကြတဲ့ ကလေးဟုတ်တယ်” လို့ မိသားစုနဲ့ နီးစပ်တဲ့ မိတ်ဆွေတစ်ဦးက ပြောပါတယ်။

သူဟာ ဒီနှစ်အတွင်း ဧရာဝတီမြစ်ကမ်းတစ်လျှောက်မှာ ရေနစ်သေဆုံးခဲ့သူ ၁၄ ဦးထဲက တစ်ဦးဖြစ်ပါတယ်။ KNG စုံစမ်းသိရှိရတဲ့ အချက်အလက်တွေအရ ၂၀၂၆ ခုနှစ် ဇန်နဝါရီလကနေ အောက်တိုဘာလအထိ မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ်တွေမှာ ရေနစ်သေဆုံးသူ ၁၄ ဦးအနက် ၉ ဦးဟာ မြစ်ကမ်းတစ်လျှောက် ရွှေတူးထားတဲ့ တွင်းဟောင်းတွေထဲ ပြုတ်ကျပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ၉ ဦးထဲမှာ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးကလွဲရင် ကျန်တဲ့ ၈ ဦးဟာ အသက် ၁၀ နှစ်ကနေ ၁၇ နှစ်အရွယ်အထိ အသက်မပြည့်သေးတဲ့ ကလေးနဲ့ ဆယ်ကျော်သက်တွေ ဖြစ်ပါတယ်။

ရေနစ်သေဆုံးသူ စုစုပေါင်းအရေအတွက်ကို လူမှုကူညီရေးအသင်းတွေဆီကနေ ကောက်ယူထားတာဖြစ်ပြီး ရွှေတူးထားတဲ့ တွင်းဟောင်းတွေထဲ ပြုတ်ကျသေဆုံးတယ်ဆိုတဲ့ အချက်ကိုတော့ မျက်မြင်တွေ့ရှိခဲ့တဲ့ ဒေသခံတွေဆီကနေ စုံစမ်းသိရှိထားတာ ဖြစ်ပါတယ်။

ဧရာဝတီမြစ်ဟာ မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့ခံတွေအတွက် အပန်းဖြေရာနေရာတစ်ခု ဖြစ်ခဲ့ပါတယ်။ ညနေ ၃ နာရီနောက်ပိုင်းကနေ ၆ နာရီဝန်းကျင်အထိ ကလေးသူငယ်ကနေ သက်ကြီးရွယ်အိုအထိ မိသားစု၊ သူငယ်ချင်းတွေနဲ့အတူ မြစ်ကမ်းတစ်လျှောက် ရေဆင်းချိုး၊ ရေဆော့ကစားကြတာဟာ ကမ်းခြေတစ်ခုလို စည်ကားခဲ့ပါတယ်။ ဒါပေမဲ့ လူတွေကို ပျော်ရွှင်မှုပေးခဲ့တဲ့ မြစ်ဟာ တစ်ဖက်မှာ ကလေးသူငယ်တွေ၊ လူငယ်တွေရဲ့ အသက်တွေကို ခပ်စိပ်စိပ် နုတ်ယူနေပါတယ်။

ဒီနှစ်အတွင်း ရေနစ်သေဆုံးသူ ၁၄ ဦး

ရက်စွဲ နေရာ သေဆုံးသူ ဖြစ်ပွားပုံ
       
အောက်တိုဘာ ၄ မန်ခိန်ရပ်ကွက် မြစ်ဆိပ် အသက် ၁၀ နှစ် ကောင်လေး ၁ ဦး ရွှေတွင်းဟောင်း
စက်တင်ဘာ ၅ ရွှေစက်ရပ်ကွက် ဧရာဝတီမြစ်ဆိပ် အသက် ၁၃ နှစ်၊ ၁၄ နှစ် ကလေးမ ၂ ဦး ရွှေတွင်းဟောင်း
ဩဂုတ် ၂၁ နန်းကွေ့ကျေးရွာ လီဆူတံတားအနီး ချောင်း အသက် ၂၀ အမျိုးသား ၁ ဦး ချောင်းထဲ ရေနစ်
ဩဂုတ် ၂၁ လုံဂါပါမြစ်ဆိပ် အသက် ၁၄ နှစ် ကောင်လေး ၁ ဦး ရွှေတွင်းဟောင်း
ဩဂုတ် ၉ စီတာပူရပ်ကွက် ကောင်ရာနယ်မြေ အသက် ၉ နှစ် ကလေး ၁ ဦး ငါးကန်ဟောင်းထဲ ရေနစ်
ဩဂုတ် ၉ စီတာပူ မနောကွင်း၊ လုံဂါပါမြစ်ဆိပ် အသက် ၁၇ နှစ်ဝန်းကျင် လူငယ် ၁ ဦး ရွှေတွင်းဟောင်း
ဇွန် ၄ ကြက်ပေါင်ခြံရပ်ကွက် မခန္တီးဆိပ်အနီး ဆယ်ကျော်သက် ကောင်လေး ၂ ဦး ရွှေတွင်းဟောင်း
မေ ၂၅ ဗလမင်းထင်တံတား အသက် ၃၀ ကျော် အမျိုးသား ၁ ဦး တံတားပေါ်မှ ခုန်ချ
ဧပြီ ၂၅ အင်ဂန်းကျေးရွာ စန်းကားစစ်ရှောင်စခန်း အသက် ၁၁ နှစ် ကလေးမ ၁ ဦး ရွှေတွင်းဟောင်း
ဧပြီ ၂၄ ဝိုင်းမော်မြို့နယ် နောင်တာလောကျေးရွာ အသက် ၃၀ အမျိုးသား ၁ ဦး ရွှေတွင်းဟောင်း
ဧပြီ ၁၈ ဧရာဝတီမြစ် ကချင်စုဆိပ်ကမ်း သက်ကြီးပိုင်း အမျိုးသား ၁ ဦး အမည်မသိ ရုပ်အလောင်း တွေ့ရှိ
ဧပြီ ၁၅ ဝိုင်းမော်မြို့နယ် မခေါတီကျေးရွာ (ရုပ်အလောင်းကို ဟိုးလော်ကျေးရွာ မြစ်ကမ်းတွင် ဧပြီ ၂၁ ရက် တွေ့ရှိ) အသက် ၁၂ နှစ် ကလေး ၁ ဦး ရေဆော့ကစားရင်း မျောပါ

အချက်အလက်ရင်းမြစ် – လူမှုကူညီရေးအသင်းများနှင့် မျက်မြင်ဒေသခံများ (KNG စုစည်းချက်)

ဧပြီလကနေ အောက်တိုဘာလအထိ ဇူလိုင်လကလွဲပြီး လတိုင်းမှာ ရေနစ်သေဆုံးမှု ဖြစ်ခဲ့ပြီး တချို့ဖြစ်စဉ်တွေမှာ ကလေးနှစ်ဦး တစ်ပြိုင်နက် သေဆုံးခဲ့ကြပါတယ်။ သေဆုံးသူတွေထဲမှာ ရေကူးမတတ်တဲ့ ကလေးတွေ ပါဝင်သလို ရေကူးတတ်သူတွေလည်း ပါဝင်ပါတယ်။

ဒီစာရင်းအပြင် ဧပြီ ၁၅ ရက်က ဝိုင်းမော်မြို့နယ် မခေါတီကျေးရွာက အသက် ၁၂ နှစ်အရွယ် ကလေးတစ်ဦးလည်း သူငယ်ချင်းနဲ့အတူ ဧရာဝတီမြစ်မှာ ရေဆော့ကစားရင်း မျောပါသွားပြီး ဧပြီ ၂၁ ရက်မှာ ဟိုးလော်ကျေးရွာ မြစ်ကမ်းမှာ ရုပ်အလောင်းကို တွေ့ရှိခဲ့ပါတယ်။

ဧပြီ ၂၅ ရက်က မိုင်းနားကျေးရွာအုပ်စု၊ အင်ဂန်းကျေးရွာက စန်းကားစစ်ရှောင်စခန်းမှာ နေထိုင်တဲ့ အသက် ၁၁ နှစ်အရွယ် ကလေးမတစ်ဦးလည်း ရွှေတူးထားတဲ့ တွင်းဟောင်းထဲ ပြုတ်ကျပြီး သေဆုံးခဲ့ပါတယ်။ စစ်ဘေးကြောင့် နေရပ်စွန့်ခွာပြီး ခက်ခက်ခဲခဲ ရှောင်တိမ်းနေရချိန်မှာ ချစ်ရတဲ့ သမီးငယ်ကိုပါ ဆုံးရှုံးလိုက်ရတဲ့ မိသားစုဝင်တွေဟာ ရုပ်အလောင်းကို သယ်ဆောင်လာပြီး ရှိုက်ကြီးတငင် ငိုကြွေးနေကြတာကို လူမှုကွန်ယက်မှာ ထွက်ပေါ်လာတဲ့ ဗီဒီယိုတစ်ခုမှာ တွေ့ရပါတယ်။

ဒီဖြစ်စဉ်တွေက ရေနစ်သေဆုံးမှုတစ်ခုဟာ အသက်တစ်ချောင်း ဆုံးရှုံးရတာတင်မကဘဲ ကျန်ရစ်သူ မိသားစုတွေအပေါ် ရေရှည် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုတွေ ချန်ထားခဲ့တယ်ဆိုတာကို ထင်ဟပ်နေပါတယ်။

ရွှေတွင်းဟောင်းတွေက ဘာကြောင့် အန္တရာယ်များတာလဲ

ရွှေစက်ရပ်ကွက်မှာ နေထိုင်သူတစ်ဦးရဲ့ ပြောပြချက်အရ ၂၀၂၃ ခုနှစ်တုန်းက မန်ခိန်နဲ့ ရွှေစက်ရပ်ကွက်တစ်လျှောက်မှာ ဂေါ်ပြားနဲ့ လက်လုပ်ရွှေကျင်သူတွေသာ ရှိခဲ့ပါတယ်။ ၂၀၂၅ ခုနှစ်ဝန်းကျင်ကစပြီး လက်ရှိအချိန်အထိတော့ ဗလမင်းထင်တံတားအောက်ကနေ မန်ခိန်၊ ရွှေစက်ရပ်ကွက်တွေအထိ ဘတ်ဟိုး၊ ဘူဒိုဇာနဲ့ မြေတူးစက်ကြီးတွေ အသုံးပြုပြီး တူးဖော်နေကြပါတယ်။

ဗလမင်းထင်တံတားအောက်မှာ ၂၀၂၄ ခုနှစ်ကစပြီး ကုမ္ပဏီအချို့က စစ်ကောင်စီရဲ့  ခွင့်ပြုချက်နဲ့ ရွှေတူးဖော်လာကြတာ ဖြစ်ပါတယ်။ မြစ်ကြီးနားကို ထိန်းချုပ်ထားတဲ့ စစ်ကောင်စီကတော့ မြစ်ကြမ်းပြင်က နုန်းတွေကို ရှင်းလင်းပြီး ရေစီးဆင်းမှု ကောင်းလာစေဖို့၊ ရေကြီးမှု ကာကွယ်ဖို့အတွက်ဆိုတဲ့ ခေါင်းစဉ်အောက် လုပ်ငန်းရှင်တွေကို သဲကျောက်ထုတ်ယူ မှု နှင့် ရွှေတူးဖော်ဖို့ ခွင့်ပြုတဲ့အကြောင်း KNG က အခုနှစ်ဆန်းမှာ သတင်းဖော်ပြခဲ့ပါတယ်။

မန်ခိန်နဲ့ ရွှေစက်ရပ်ကွက်တွေဟာ ဒီနှစ် စက်တင်ဘာနဲ့ အောက်တိုဘာလအတွင်း ကလေးသုံးဦး ရေနစ်သေဆုံးခဲ့တဲ့ နေရာတွေလည်း ဖြစ်ပါတယ်။

စက်ယန္တရားကြီးတွေနဲ့ တူးဖော်မှုကြောင့် မြစ်ကမ်းတစ်လျှောက် တွင်းကြီးတွေ ဖြစ်ပေါ်လာပြီး ရေတက်လာတဲ့အခါ အဲဒီတွင်းတွေကို ရေဖုံးလွှမ်းသွားပါတယ်။ ရေအောက်က တွင်းတွေကို မမြင်ရတော့တဲ့အတွက် ရေဆင်းချိုးသူတွေ၊ ရေဆော့တဲ့ ကလေးတွေအတွက် မမြင်ရတဲ့ ထောင်ချောက်တွေ ဖြစ်လာတာပါ။

“ရွှေတူးထားတဲ့ တွင်းတွေကြောင့် အဓိကဟုတ်တယ်။ ဘတ်ဟိုးတွေနဲ့ ရွှေတူးထားကြတော့ ရေဝဲတွေအများကြီး ဖြစ်လာတယ်။ သတိမထားမိခင် ရေထဲဆွဲကျသွားတာပေါ့။ ပြီးတော့ သုံးပေလောက် ရေထဲကျသွားရင်တောင် ရေဝဲဖြစ်နေတဲ့အတွက် ပေါ်မလာတော့ဘူး” လို့ မန်ခိန်ဒေသခံတစ်ဦးက ပြောပါတယ်။

ရွှေစက်ရပ်ကွက်က လူငယ်တစ်ဦးကလည်း လက်လုပ်ကျင်းတွေထက် စက်နဲ့တူးထားတဲ့ ကျင်းတွေက ပိုအန္တရာယ်များတယ်လို့ ဆိုပါတယ်။

“အရင်တုန်းက လက်လုပ်ကျင်းလို နေရာမျိုးမှာတောင် လူတွေသေတာတွေရှိပြီး လူကြီးတွေတောင် အဲဒီနေရာတွေ မသွားနဲ့လို့ ကိုယ်တို့တုန်းက ပြောတာတွေရှိတယ်။ ဘူဒိုဇာလိုမျိုးနဲ့ တူးထားတဲ့နေရာမှာတော့ ကလေးတွေအတွက် သေဖို့က သေချာသလောက် ဖြစ်တယ်။ ခုနောက်ပိုင်းဆို လူနှစ်ဦးသေတာ၊ သုံးဦးသေတာ တောက်လျှောက် တွေ့နေရတယ်။ ကိုယ်တို့အမြင်နဲ့ဆို သူတို့ရဲ့ ရွှေကျင်းတွေနဲ့ ပတ်သက်တယ်လို့ မြင်တာပဲ” လို့ သူက ပြောပါတယ်။

မြစ်ကမ်းဘေးမှာ နေထိုင်ကြသူတွေ ဖြစ်တဲ့အတွက် ကလေးတွေကို ရေမဆင်းဖို့ တားဆီးဖို့ကလည်း ခက်ခဲတယ်လို့ သူက ဆိုပါတယ်။

စင်ကာပူအခြေစိုက် သုတေသနအဖွဲ့နဲ့ နိုင်ငံတကာသုတေသီတွေ ရေးသားပြီး ၂၀၂၆ ခုနှစ်မှာ Reviews of Geophysics ဂျာနယ်မှာ ထုတ်ဝေခဲ့တဲ့ “River Sand and Gravel Mining: Global Drivers, Impacts, and Pathways for Sustainable Management” သုံးသပ်စာတမ်းမှာ မြစ်အတွင်း သဲနဲ့ ကျောက်စရစ် တူးဖော်မှုဟာ မြစ်ကြမ်းပြင်အနီးမှာ ရေလှည့်ပတ်စီးဆင်းမှု (recirculating flow) နဲ့ ရေလှုပ်ရှားမှု မငြိမ်သက်မှု (turbulence) တွေကို ဖြစ်စေနိုင်တယ်လို့ ဖော်ပြထားပါတယ်။

တူးဖော်ထားတဲ့ တွင်းတွေရဲ့ အောက်ဘက်အစွန်းတွေမှာ ရေတိုက်စားအား တိုးလာနိုင်ပြီး မြစ်ကြမ်းပြင် တိုက်စားမှုနဲ့ အနည်အနှစ် သယ်ဆောင်မှုကိုလည်း ပြောင်းလဲစေနိုင်တယ်လို့ ဆိုပါတယ်။ စာတမ်းဟာ သဲနဲ့ ကျောက်စရစ် တူးဖော်မှုအကြောင်း ဖြစ်ပေမယ့် မြစ်ကမ်းနဲ့ မြစ်ကြမ်းပြင်ကို စက်နဲ့ တူးဖော်တဲ့ ရွှေတူးလုပ်ငန်းမှာလည်း အလားတူ သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။

ကချင်ပြည်နယ်မှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ ဒေသခံ တက်ကြွလှုပ်ရှားသူ တစ်ဦးကလည်း မြစ်ကမ်းဘေး ရွှေတူးဖော်မှုကြောင့် ဖြစ်လာတဲ့ ကျင်းကြီးတွေဟာ ရေကူးတတ်သူတွေကိုတောင် ရေထဲ ဆွဲချသွားနိုင်လောက်အောင် အန္တရာယ်များတယ်လို့ သုံးသပ်ပါတယ်။

“အထက်ဘက်ကနေ စီးဆင်းလာတဲ့ ရေလမ်းကြောင်းတွေ တစ်နေရာရာကို ဝင်တိုက်တဲ့ပုံစံ၊ ပုံမှန်ထက် ပိုနက်သွားတဲ့ နေရာတွေကို ဖြတ်သန်းတဲ့အခါ ရေဝဲတွေ ပိုဖြစ်လာနိုင်တယ်။ နဂိုကတည်းက ရေနက်နေတဲ့အချိန် ရေဝဲတွေပါ ဖြစ်လာတော့ ဆွဲချသလို၊ နစ်မြုပ်သွားသလို ဖြစ်စေတာပေါ့” လို့ သူက ပြောပါတယ်။

 ရေနစ်သေဆုံးမှုတွေကို ဘယ်လို ကာကွယ်ကြမလဲ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ရေနစ်မှုကို ကာကွယ်ဖို့ လုံခြုံတဲ့ပတ်ဝန်းကျင် တည်ဆောက်တာ၊ ကယ်ဆယ်ရေးနဲ့ အသက်ပြန်ရှူစေရေး လေ့ကျင့်ပေးတာ၊ ရေကူးသင်ပေးတာနဲ့ ရေဘေးကင်းရေး ပညာပေးတာတွေကို အဓိကနည်းလမ်းတွေအဖြစ် ဖော်ပြထားပါတယ်။

မြစ်ကြီးနားမှာတော့ စစ်ကောင်စီဘက်က ရေကြီးချိန်တွေမှာ ကြိုတင်ကာကွယ်ရေး လုပ်ငန်းတချို့နဲ့ မြို့ခံ လူမှုကူညီရေး အသင်းတွေကို ရေဘေးကယ်ဆယ်ရေး လေ့ကျင့်ပေးတာတွေ တစ်ခါတစ်ရံ ရှိပါတယ်။ ဒါပေမဲ့ ပုံမှန်အချိန်တွေမှာတော့ မြစ်ကမ်းတစ်လျှောက် ရေနစ်တတ်တဲ့ နေရာတွေမှာ သတိပေးဆိုင်းဘုတ်၊ အကာအရံ၊ ကျွတ်နဲ့ အသက်ကယ်အင်္ကျီ ဒါမှမဟုတ် စောင့်ကြည့်သူ ထားရှိတာမျိုး လုံးဝမရှိသေးဘူးလို့ သိရပါတယ်။

“ဥပမာ စိုးရိမ်ရတဲ့နေရာတွေလိုမျိုး ရွှေလုပ်ကွက်လုပ်ဖူးတဲ့နေရာတွေမှာဆိုရင် သတိပေးဆိုင်းဘုတ်လေးတွေ ထောင်ထားရင် ဘာပဲဖြစ်ဖြစ် ရေဆင်းချိုးမယ့်သူတွေအတွက် သတိတစ်ချက်ဝင်သွားရင်လည်း အကျိုးရှိတယ်လေ” လို့ စန်းကားကျေးရွာမှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။

သေဆုံးသူအများစုဟာ ကလေးတွေဖြစ်တဲ့အတွက် မိဘနဲ့ အုပ်ထိန်းသူတွေအနေနဲ့ ရေအနီးမှာ ရှိနေတဲ့ ကလေးတွေကို သေချာ စောင့်ကြည့်ဖို့နဲ့ အန္တရာယ်ကို နားလည်အောင် ရှင်းပြပေးဖို့ လိုအပ်ပါတယ်။ Sunday School ဆရာမတစ်ဦးကတော့ ခြိမ်းခြောက်တာထက် အချိန်ပေး ရှင်းပြတာက ပိုထိရောက်တယ်လို့ အကြံပြုပါတယ်။

“အဓိကတော့ အချိန်ပေးရမှာ ဖြစ်တယ်။ ကလေးတစ်ဦးကို ‘ရေဘက်မသွားနဲ့၊ သွားရင်ရိုက်မယ်’ ဆိုတာမျိုးက ဒီနေ့ခေတ်မှာ လုပ်လို့မရတော့ဘူး။ မြစ်ဘက်သွားရင် ဘယ်လိုဖြစ်မယ်ဆိုတာကို သေချာရှင်းပြတတ်ရမယ်။ ရေဝဲ၊ ရွှေတူးထားတဲ့ ကျင်းတွေရဲ့ အန္တရာယ်ကို ပြောပြတတ်ရမယ်။ လူတိုင်းသွားနေတဲ့ မြစ်ဘက်ကို ဒီတိုင်းမသွားနဲ့လို့ ပြောရင် ကလေးတွေက ပိုသွားချင်တဲ့အတွက် မိဘတွေအနေနဲ့ ကလေးရဲ့စိတ်ကို နားလည်ပြီး စိတ်ဆိုးရိုက်နှက်တာ မလုပ်ဘဲ သူတို့နဲ့ မျက်နှာချင်းဆိုင် သေချာ ပြောဆိုရမှာ ဖြစ်တယ်” လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီးဌာနကလည်း ၂၀၂၅ ခုနှစ် ကမ္ဘာ့ရေနစ်မှုကာကွယ်ရေးနေ့မှာ ကိုယ်တိုင်နဲ့ ကလေးတွေ ရေကူးတတ်အောင် သင်ယူဖို့၊ ရေအနီးက ကလေးတွေကို အမြဲစောင့်ကြည့်ဖို့၊ ရေအနီးမှာ အရက်သောက်တာကို ရှောင်ကြဉ်ဖို့ တိုက်တွန်းခဲ့ပါတယ်။ ရေနစ်နိုင်ခြေရှိတဲ့ နေရာတွေမှာ အတားအဆီး တပ်ဆင်ဖို့၊ ရပ်ရွာလူထုကို အရေးပေါ်ကယ်ဆယ်ရေးနဲ့ အသက်ကယ်သင်တန်းတွေ ပေးဖို့နဲ့ ရှာဖွေကယ်ဆယ်ရေးစနစ်တွေ ပြင်ဆင်ထားဖို့လည်း ဖော်ပြထားပါတယ်။

ဧရာဝတီမြစ်ကမ်းတစ်လျှောက် ရေနစ်သေဆုံးမှုတွေကို လျှော့ချနိုင်ဖို့ဆိုရင် မိဘတွေနဲ့ ကလေးတွေကို ပညာပေးတာတင်မကဘဲ ရွှေတူးထားတဲ့ တွင်းဟောင်းတွေကို စနစ်တကျ စစ်ဆေးသတ်မှတ်ဖို့၊ အန္တရာယ်ရှိတဲ့ နေရာတွေမှာ အကာအရံနဲ့ သတိပေးဆိုင်းဘုတ်တွေ ထားရှိဖို့နဲ့ ရေဘေးကာကွယ်ရေးကို ရေကြီးချိန်မှာသာမက ပုံမှန်အချိန်တွေမှာပါ ဆောင်ရွက်ဖို့ လိုအပ်နေပါတယ်။

By – Hope

Show More

Leave a Reply

Back to top button