ပူတာအိုမှာ လူငယ်တွေကို ပေါ်တာဆွဲနေ၊ အမျိုးသမီးတွေပါ ဖမ်းဆီးခံရ

ကချင်ပြည်နယ် ပူတာအိုမြို့နယ်မှာ စစ်ကော်မရှင်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်တွေက လူငယ်တွေကို ညနေ ၆ နာရီနောက်ပိုင်းကတည်းက လိုက်လံဖမ်းဆီးနေပြီး အမျိုးသမီးငယ်တွေပါ ဖမ်းဆီးခံရတာကြောင့် မြို့ပေါ်မှာ ညနေပိုင်း ကတည်းက လူသွားလူလာနည်းပါးပြီး တိတ်ဆိတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပူတာအိုနဲ့ မချမ်းဘော့မြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးမှုတွေဟာ မြို့ပေါ်ရပ်ကွက်တွေအပြင် ကျေးရွာတွေနဲ့ ရွှေမှော်တွေမှာပါ ဆက်လက်ဖြစ်ပွားနေပြီး ဖမ်းဆီးခံရသူတွေကို စစ်သင်တန်းပေးဖို့ အောက်ပိုင်းဒေသတွေကို လေယာဉ်နဲ့ ပို့ဆောင်နေတယ်လို့ သိရပါတယ်။

ပူတာအိုဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ ညနေ ၇ နာရီနဲ့ ၈ နာရီဝန်းကျင်ကတည်းက ဖမ်းဆီးမှုတွေပြုလုပ်လာပြီး အမျိုးသမီး ငယ်တွေပါ ဖမ်းဆီးခံ နေရတာဖြစ်ပါတယ်။

“ပူတာအိုမှာ ပေါ်တာဆွဲတဲ့ကိစ္စက တော်တော်ဆိုးဆိုးဖြစ်လာလို့ပါ။ ညနက်ချိန် လမ်းပေါ်တွေ့တဲ့သူ ဆွဲတာထက်ကို အခုက ညနေ ၇/၈ နာရီကို ဖမ်းတာတွေ ဖြစ်လာတယ်။ အဲ့လို အစောကြီးဖမ်းတာအပြင် မိန်းကလေးတွေပါ ဆွဲတယ်။ ရှေ့ရက်ကလည်း လူငယ်အမျိုးသမီးသုံးဦး ဖမ်းခံရတယ်တဲ့”လို့ ဒေသခံအမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။

ပူတာအိုမြို့ပေါ်မှာ အရင်က ညနေခင်းပိုင်းတွေဟာလူစည်ကားပြီး စျေးဆိုင်ငယ်တွေနဲ့ စားသောက်ဆိုင်တွေ အရောင်းအဝယ် ကောင်းခဲ့ပေမယ့် လက်ရှိမှာ ဖမ်းဆီးခံရမှာကိုစိုးရိမ်တာကြောင့် ညနေ ၆ နာရီနောက်ပိုင်း အပြင်ထွက်သူနည်းပါးလာတယ် လို့ ဒေသခံတွေက ပြောပါတယ်။

လူငယ်တွေဟာ လမ်းပေါ်မှာ သွားလာနေချိန်တင်မကဘဲ Wi-Fi ဆိုင်တွေမှာ အင်တာနက်အသုံးပြုနေချိန်၊ မိဘတွေအတွက် အလုပ်ခွင်ကို ထမင်းချိုင့်သွားပို့ချိန်နဲ့ ကားနဲ့ သွားလာနေချိန်တွေမှာပါ ဖမ်းဆီးခံရတာတွေရှိတယ်လို့ သိရပါတယ်။

ကားတွေနဲ့ သွားလာနေတဲ့ လူငယ်တွေကိုလည်း အုပ်စုလိုက် ကားတားပြီး အတင်းအကျပ် ဖမ်းဆီးတာတွေရှိလာတယ်လို့ ဒေသခံက ဆိုပါတယ်။

“မြို့ထဲမှာ စျေးဆိုင်လေးတွေက ၆/၇ နာရီဆို အမှန်တကယ် ရောင်းကောင်းတဲ့အချိန်တွေ။ အဲ့အချိန်မှာ သူတို့က အခုလိုတွေ ဖမ်းဆီးလာကြတော့ အခု ၆ နာရီနောက်ပိုင်းဆို တစ်မြို့လုံးတိတ်ဆိတ်သွားကြပြီး ဘယ်သူမှ အပြင်မထွက်ကြတော့ဘူး။ Wi-Fi ဆိုင်မှာ လိုင်းသုံးရင်း အဖမ်းခံရတာတွေ၊ မိဘတွေအလုပ်ကို ထမင်းချိုင့်သွားပို့ရင်း အဖမ်းခံရတာတွေ ရှိတယ်။ ကားနဲ့သွားလဲ အုပ်စုလိုက်ကားတားပြီး အတင်းဖမ်းစီးတာတွေ ရှိလာတယ်” လို့ ဒေသခံအမျိုးသမီးတစ်ဦး ပြောပါတယ်။

PSA

အခုလို ဖမ်းဆီးမှုတွေကြောင့် မြို့ပေါ်မှာ ညနေပိုင်းကတည်းက သွားလာလှုပ်ရှားမှုတွေ လျော့နည်းလာပြီး နေ့စဉ်စားဝတ်နေရေး အတွက် အပြင်ထွက်သွားလာရသူတွေပါ ဖမ်းဆီးခံရမှာကို စိုးရိမ်နေရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဖမ်းဆီးခံရတဲ့ လူငယ်တွေကို ဂတုံးတုံးထားပြီး လူအရေအတွက် စုစုပေါင်း ၂၀၀ ဝန်းကျင်ပြည့်တဲ့အခါ မန္တလေးဘက်မှာ ရှိတဲ့ စစ်လေ့ကျင့်ရေးစခန်းကို လေယာဉ်နဲ့ ပို့ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပူတာအိုလေဆိပ်မှာလည်း စစ်တပ်လေယာဉ်တစ်စီး အမြဲရပ်နားထားတာကို တွေ့ရပြီး လေဆိပ်အတွင်း ဓာတ်ပုံရိုက်ကူးတာတွေ ကို တားမြစ်ထားတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ရပ်နားထားတဲ့ လေယာဉ်အမျိုးအစား၊ ဖမ်းဆီးခံရသူတွေကို ဘယ်နေ့ဘယ်အချိန် မှာ ပို့ဆောင်တယ်ဆိုတဲ့ အချက်တွေကိုတော့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

“ဆွဲတာက ပြည်သူ့စစ်က ဆွဲတာပါ။ ယောက်ျားလေးတွေကို ဖမ်းမိတာနဲ့ တစ်ခါတည်း ဂတုံးတုံးပစ်တယ်။ လူစုပြီး ၂၀၀ ပြည့်တာနဲ့ မန္တလေး စစ်လေ့ကျင့်ရေးစခန်းကို လေယာဉ်နဲ့ တစ်ခါတည်း တန်းပို့တယ်”လို့ နောက်ထပ် ဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။

လူငယ်တွေကို ဖမ်းဆီးမှုဟာ ရွှေမှော်တွေမှာသာမက မြို့ပေါ်ရပ်ကွက်တွေကိုပါ ပျံ့နှံ့လာပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကလည်း ဒီဖြစ်ရပ်တွေနဲ့ဆက်စပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

တစ်ဖက်မှာ ဖမ်းဆီးခံရသူတချို့ကို မိသားစုဝင်တွေက လူကြီးတွေနဲ့အတူ သွားရောက်ညှိနှိုင်းပြီး ငွေပေးကာ ပြန်လည်ရွေးထုတ် ခဲ့ရတဲ့ဖြစ်စဥ်တွေလည်းရှိလာတယ်လို့ သိရပါတယ်။

“လူကြီးတွေနဲ့ ငွေပေးပြီး ပြန်ရွေးခဲ့ရတယ်ပြောတယ်။ လေဆိပ်မှာလည်း ရဲတွေ၊ စစ်သားတွေက ခါတိုင်းမြင်နေကျ လူတွေ မဟုတ်ဘူး။ အခုရောက်နေတဲ့သူတွေက လေဆိပ်မှာ ဓာတ်ပုံမရိုက်ခိုင်းဘူး၊ အရေးယူမယ်တဲ့။ သူတို့လေယာဉ်ထိုးထားတာ သိမှာစိုးလို့ဖြစ်မယ်”လို့ အထက်ဖော်ပြပါဒေသခံအမျိုးသမီးတစ်ဦး ဆက်ပြောပါတယ်။

ဖမ်းဆီးခံရသူတွေကို မိသားစုဝင်တွေက ပြန်လည်ရွေးထုတ်နိုင်တဲ့ အခြေအနေ၊ ငွေပေးရတဲ့ ပမာဏနဲ့ လေယာဉ်နဲ့ ပို့ဆောင်မှုတွေ ရဲ့ အသေးစိတ်အခြေအနေတွေကိုတော့ သီးခြားအတည်ပြုဖို့ လိုအပ်နေဆဲဖြစ်ပါတယ်။

ပူတာအိုနဲ့ မချမ်းဘော့မြို့နယ်တွေမှာ လူငယ်တွေကို ညဘက်လိုက်လံဖမ်းဆီးတဲ့ ဖြစ်စဉ်တွေဟာ အခုမှ စတင်ဖြစ်ပွားလာတာ မဟုတ်ပါဘူး။

KNG က စက်တင်ဘာလအတွင်း ရေးသားဖော်ပြခဲ့တဲ့ သတင်းအရ စစ်ကောင်စီတပ်နဲ့ တန်ဂူးတန်ဦးဆောင်တဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်တွေဟာ စက်တင်ဘာ ၁၀ ရက်နေ့ကစပြီး ပူတာအိုနဲ့ ခေါင်လန်ဖူး မြို့ပေါ်ရပ်ကွက်တွေ၊ ကျေးရွာတွေနဲ့ ရွှေမှော်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

အဲဒီသတင်းမှာ စက်တင်ဘာ ၂၀ ရက်အထိ ဖမ်းဆီးခံရသူ ၂၀၀ ဝန်းကျင်အထိ ရှိလာတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ KNG ကအတည်ပြုနိုင်ခဲ့တယ်။

ဖမ်းဆီးခံရသူတွေထဲမှာ ပူတာအိုမြို့ပေါ်ရပ်ကွက်တွေက လူငယ်တွေအပြင် ခင်ဖန်၊ ဂျူဗလီ၊ လယ်မယ်ဝါဂျီနဲ့ မုဒုံကျေးရွာတွေက လူငယ်တွေ၊ မချမ်းဘော့မြို့ပေါ်က လူငယ်တွေနဲ့ ဆင်လုံဒမ်း၊ နမ့်ခမ်း၊ နမ့်စဘွမ်ဘက်ရှိ ရွှေမှော်တွေမှာ အလုပ်လုပ်နေသူတွေ လည်း ပါဝင်ခဲ့တာပါ။

လက်ရှိ ဒေသခံတွေရဲ့ ပြောပြချက်အရတော့ လူငယ်တွေကို ဖမ်းဆီးမှုဟာ ရွှေမှော်တွေမှာ အလုပ်သမားရှာဖွေဖမ်းဆီးတဲ့ အခြေအနေကနေ မြို့ပေါ်ရပ်ကွက်တွေအထိ ကျယ်ပြန့်လာပြီး ဖမ်းဆီးချိန်လည်း ပိုမိုစောလာတယ်လို့ ဆိုကြပါတယ်။

ဒါ့အပြင် အမျိုးသမီးငယ်တွေပါ ဖမ်းဆီးခံရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတာကြောင့် ဒေသခံတွေကြား စိုးရိမ်မှုတွေ ပိုမိုမြင့်တက်နေပါတယ်။

ပူတာအိုနဲ့ မချမ်းဘော့မြို့နယ်တွေဟာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး လူငယ်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးတဲ့ဒေသတွေဖြစ်တာကြောင့် ရွှေမှော်တွေမှာ သွားရောက်အလုပ်လုပ်ကိုင်နေသူတွေပါ ဖမ်းဆီးခံရမှုဟာ ဒေသခံတွေရဲ့ စားဝတ်နေရေးအပေါ် သက်ရောက်မှုရှိနေပါတယ်။

လက်ရှိမှာ ပူတာအိုနဲ့ မချမ်းဘော့မြို့နယ်တွေကို စစ်ကောင်စီတပ်နဲ့ တန်ဂူးတန်ဦးဆောင်တဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားပါတယ်။

By – Zaw Zaw

Show More

Leave a Reply

Back to top button