မြစ်ကြီးနားမှာ ယာဉ်တိုက်ပြေးမှုတွေ များလာ
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ယာဉ်တိုက်ပြီး ထွက်ပြေးတဲ့ ဖြစ်စဉ်တွေ မကြာခဏဖြစ်ပွားနေပြီး အောက်တိုဘာလအတွင်း သေဆုံးသူတစ်ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၄ ဦးအထိ ရှိခဲ့တယ်လို့ မြို့ခံပြည်သူတွေဆီက သိရပါတယ်။
ယာဉ်တိုက်ပြေးမှုတွေ များလာတာနဲ့ပတ်သက်ပြီး မြို့မှာနေထိုင်သူတွေပြောတာက ယာဉ်ထိန်းရဲတွေအနေနဲ့ ဆိုင်ကယ်ဦးထုတ်၊ နံပါတ်ပြားကို ဖမ်းဆီးဒဏ်ရိုက်တာကိုသာ အဓိကလုပ်နေပြီး ရပ်ကွက်တွေအတွင်း ယာဉ်ကြောရှုပ်ထွေးတဲ့ လမ်းဆုံတွေမှာ ထိန်းသိမ်းစောင့်ကြည့်တာ အားနည်းနေတယ်လို့ ထောက်ပြကြပါတယ်။
“ကျွန်တော့်အမြင်အရဆို ဒီနောက်ပိုင်း ယာဉ်ထိန်းရဲတွေက သိပ်အလုပ်မလုပ်ကြတော့ အက်ဆီးဒင့်အရမ်းဖြစ်တယ်။ ဆိုင်ကယ်ဖမ်းတဲ့အချိန်တွေဘဲ ရှိတာ။ ပြီးတော့ လူကြီးတွေလာတဲ့အချိန်နဲ့ သူတို့ရုံးဘေးနားက မီးပွင့်တွေမှာဘဲ ရှိကြတာ။ ဒီရပ်ကွက်တွေမှာတော့ လမ်းဆုံတွေ အရမ်းရှုပ်တော့ ခုလို အက်ဆီးဒင့်တွေ အရမ်းဖြစ်တယ်”လို့မြို့ခံအမျိုးသားတစ်ဦးက ဆိုပါတယ်။
အောက်တိုဘာလ ၂၅ ရက် မနေ့ည ၁၁ နာရီဝန်းကျင်မှာလည်း မြို့သစ်ရပ်ကွက်၊ ယူနန်ဘုံကျောင်းရှေ့မှာ ကားတစ်စီးက ဆိုင်ကယ်စီးလာတဲ့ လူငယ်တစ်ဦးကို တိုက်ပြီး ထွက်ပြေးသွားတာကြောင့် လူငယ်တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီရက်ပိုင်းအတွင်း မိုင်းနားတိုးဂိတ်မှာလည်း ကားကြီးတစ်စီးက ဆိုင်ကယ်နဲ့ လူကို တိုက်ကြိတ်သွားတာကြောင့် ထိခိုက်ဒဏ်ရာရသူကို မန္တလေးမြို့မှာ ဆေးကုသပေးနေရတယ်လို့ သိရပါတယ်။
နောက်ထပ် ပြီးခဲ့တဲ့ အောက်တိုဘာလ ဒုတိယအပတ်ကလည်း ကားအဖြူရောင်တစ်စီးက အမျိုးသမီးတစ်ဦးကို တိုက်ပြီး ထွက်ပြေးသွားတာကြောင့် ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက လူမှုကွန်ရက်ပေါ်မှာ ရေးသားထားသလို အောက်တိုဘာ ၁၀ ရက် မနက်ပိုင်းက ရှမ်းစုမြောက်ရပ်ကွက်မှာ သုံးဘီးယာဉ်ကို ကားတစ်စီးက တိုက်ပြီး ထွက်ပြေးသွားတာကြောင့် သုံးဘီးယာဉ်မောင်း ဒဏ်ရာရခဲ့ပါတယ်။
အောက်တိုဘာ ၆ ရက် ည ၁၁ နာရီ ၅၀ မိနစ်ခန့်ကလည်း စီတာပူရပ်ကွက်၊ မနောကွင်းအနီးမှာ ဆိုင်ကယ်စီးလာတဲ့ လူငယ်တစ်ဦးကို ကားနဲ့တိုက်ပြီး ထွက်ပြေးသွားတာကြောင့် အဲဒီလူငယ်ဟာ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဧပြီ ၂၉ ရက်က စံပြရပ်ကွက်၊ နယူးလူကြီးမင်းကားဝပ်ရှော့ရှေ့မှာ လမ်းလျှောက်နေတဲ့ အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးကို ဆိုင်ကယ်တစ်စီးက တိုက်ပြီး ထွက်ပြေးသွားခဲ့ပါတယ်။
အဲဒီအမျိုးသမီးဟာ ဦးနှောက်သွေးယိုစိမ့်ဒဏ်ရာရခဲ့ပြီး မေလ ၄ ရက်မှာ အဲဒီဒဏ်ရာနဲ့ပဲ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့ ဧပြီလအတွင်း ယာဉ်မတော်တဆမှုတွေကြောင့် သေဆုံးသူ ၅ ဦးအထိ ရှိခဲ့ပြီး အဲဒီထဲမှာ အသက် ၁၈ နှစ်မပြည့်သေးတဲ့ ကလေး ၃ ဦး ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၆ ခုနှစ် ဇန်နဝါရီလကနေ မေလအထိ ယာဉ်တိုက်မှု ၁,၄၄၇ ကြိမ် ဖြစ်ပွားခဲ့ပြီး လူ ၈၁၃ ဦး သေဆုံးကာ ၂,၀၅၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
By – Hope



