-
Oct- 2024 -29 Octoberသတင်း
လုံးခင်းရွာ ဘေလီသံတံတားပျက်ဆီးနေပြီး အမြန်ဆုံးပြုပြင်ပေးဖို့လိုအပ်နေ
ဖားကန့်မြို့နယ် လုံးခင်းကျေးရွာမှာရှိတဲ့ ဘေလီသံဘောင်တံတားပျက်ဆီးနေတဲ့အတွက် လမ်းသွားလမ်းလာဒေသခံတွေနဲ့ တံတားအသုံးပြုနေတဲ့ ကျောင်းသူ၊သားတွေအတွက် အန္တာရယ်ရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲဒီတံတားဟာ လုံးခင်းကျေးရွာ အထက်တန်းကျောင်းမှာတက်နေတဲ့ ကျောင်းသား၊သူတွေအတွက် အရေးကြီးဆုံးတံတားဖြစ်ပြီး ကြမ်းခင်းအပြား ၃ ပေလောက်လန်ထွက်နေတာကြောင့် အမြန်ဆုံးပြုပြင်ပေးဖို့နဲ့နှစ်စဥ်ထိန်းသိမ်းပေးဖို့ ဒေသခံတစ်ဦး ခုလိုပြောပါ တယ်။ “သွားလို့လာလို့တော့ရပါတယ်။ ကျောင်းတက်ဆင်းချိန်ဆိုရင် အခက်အခဲဖြစ်တာပါ။ နောက်တစ်ခုက ညပိုင်း မမြင်မစမ်းနဲ့ဆိုရင် အန္တာရယ်ရှိနိုင်တယ်။ ဘေးပတ်ဝန်းကျင်ကရွာတစ်ချို့နဲ့ လုံးခင်းအထက ကျောင်းအတွက်အားအကိုးရဆုံးတံတားပါ”လို့ ဒေသခံတစ်ဦး ပြောပါတယ်။ ဘေလီသံတံတားပေါ် ဆိုင်ကယ်နဲ့ကားတွေ အသွားအလာများသလို သက်တမ်းကြားမြင့်လာပြီဖြစ်တဲ့အတွက် ကားကြီးတွေကိုဖြတ်ခွင့်မပေးပဲ ၃ တန်အောက်ကားသေးနဲ့ ယာဥ်ငယ်တွေကိုသာ ဖြတ်သန်းခွင့် ပေးထားတဲ့တံတားဖြစ်ပါတယ်။ မကြာခဏပြုပြင်နေရတဲ့တံတားဖြစ်သလို ဒီတစ်ကြိမ်မှာတော့ သံပြားလံတာကနေ သံပြားပါးပြီး ဂဟေစတွေလန်ပြီး ပျက်ဆီးသွားတာလို့ ဒေသခံတွေကပြောပါတယ်။ “တံတားကပေါက်တာပါ။ တံတားကျိုးတာမဟုတ်ပါဘူး။ ဆိုင်ကယ်နဲ့ကားတွေအသွားအလာများတယ်။ ပြုပြင်ထားတာတွေကလည်း စံချိန်မမှီတာလား အဲ့လိုထင်တယ်။ အခုက သံပြးလန်တာကနေ သံပြား ပါးပြီး ဂဟေစတွေလန်ပြီးဖြစ်သွားတာ”လို့ ဒေသခံတစ်ဦး ပြောပါတယ်။ ဘေလီသံဘောင်တံတားဟာ လုံးခင်းဒေသခံတွေအတွက်သာမက အဲ့ဒီအနီးတစ်ဝှိုက်က ငြိမ်းချမ်း၊ မလန်း စတဲ့ကျေးရွာက ဒေသခံတွေရော အဓိကအားကိုးရတဲ့တံတားဖြစ်သလို မိုးကောင်းလမ်း နဲ့ မှော်ထဲကို ဆက်သွယ်ပေးထားတဲ့ ဥရုချောင်းဖြတ်ပထမဆုံးတံတားတစ်ခုဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ By- အမိုး
Read More » -
29 Octoberသတင်း
နမ့်ဖတ်ကာမြို့မှာ TNLAနဲ့ MNDAA တပ်ဖွဲ့က မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုတဲ့အကြောင်းပြချက်နဲ့ အရပ်သားတွေကိုဖမ်းဆီးပြီး ငွေနဲ့ရွေးခိုင်းနေ
ရှမ်းပြည်နယ်မြောက်ပိုင်း KIO ထိန်းချုပ်နယ်မြေဖြစ်တဲ့ နမ့်ဖတ်ကာမြို့မှာ TNLAနဲ့ MNDAA တပ်ဖွဲ့တွေက မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုတဲ့အကြောင်းပြချက်နဲ့ မြို့ထဲအရပ်သားတွေကိုဖမ်းဆီးပြီး ငွေကြေးနဲ့ရွေးခိုင်းတာတွေ ဆက်တိုက်လုပ်နေတယ်လို့ နမ့်ဖတ်ကာဒေသခံတွေက ပြောပါတယ်။ နမ့်ဖတ်ကာမြို့အတွင်း တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့နဲ့ ကိုးကန့် MNDAA တို့က မူးယစ်ဆေးဝါးတိုက်ဖျက်ရေးခေါင်းစဉ်နဲ့ သက်ဆိုင်ရာအုပ်ချူပ်ရေးအဖွဲ့တွေနဲ့ ချိတ်ဆက်မှုမရှိပဲ ပြည်သူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ငွေကြေးသိန်းဆယ်ချီနဲ့ရွေးခိုင်းတာတွေ ဆက်တိုက်လုပ်နေတယ်လို့ သိရပါတယ်။ “ဥပမာ အိမ်တစ်အိမ်မှာ မူးယစ်ဆေးဝါးသုံးစွဲတဲ့သူတစ်ယောက်ရှိတယ်ဆိုရင် အဲဒီတစ်ယောက်ကို လာရှာတယ်။အဲဒီမူးယစ်ဆေးဝါးသုံးတဲ့သူမရှိဘူးဆိုရင် အဲဒီအိမ်က အိမ်သူအိမ်သားတစ်ယောက်ယောက်ကို ဖမ်းသွားတယ်။ ပြီးရင် အဲဒီအဖမ်းခံရတဲ့အိမ်သားကို ငွေကြေးနဲ့ ပြန်လာရွေးခိုင်းတယ်။ တချို့ကတော့ အိမ်မှာတင် မူးယစ်ဆေးဝါးသုံးတဲ့သူကိုတွေ့ပြီး ဖမ်းသွားနိုင်တာရှိတယ်။ ဒါပေမဲ့ သူ့ကိုလည်း ငွေကြေးနဲ့ပဲ လာလဲလှယ်ခေါ်ခိုင်းတယ်”လို့ နမ့်ဖတ်ကာဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ ဒေသခံတွေရဲ့ပြောချက်အရ TNLA နဲ့ MNDAA တပ်ဟာ မူးယစ်ဆေးဝါးသုံးစွဲသူတွေကို မူးယစ်ဆေးဝါးဖြတ်ပေးမယ်လို့ဆိုကာ နေအိမ်အထိလိုက်လံဖမ်းဆီးနေပြီး မူးယစ်ဆေးသမားနေအိမ်မှာရှိမနေပါက မိသားစုဝင်တစ်ဦးကို ဖမ်းဆီးသွားတာမျိုးလုပ်နေပြီး ငွေကြေးနဲ့ပြန်ရွေးခိုင်းနေတယ်လို့ နမ့်ဖတ်ကာဒေသခံတွေ ပြောပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၀ ရက်နေ့မှာ ကချင်လွတ်လပ်ရေးအစိုးရအဖွဲ့-KIO အောက် နမ့်ဖတ်ကာအုပ်ချုပ်ရေးအဖွဲ့က TNLA နဲ့ MNDAA တပ်ဖွဲ့တွေအနေနဲ့ သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ တိုင်ပင်ခြင်းမရှိဘဲ အခုလိုလုပ်ရပ်မျိုးမလုပ်ဖို့ တောင်းဆိုစာပို့ထားတာဖြစ်ပါတယ်။ “ဒီတလောကတော့ TNLA ဘက်က အဲလိုလိုက်လုပ်တာမျိုး ပြန်မတွေ့ရတော့ဘူး။ ရှေ့တောက်လျှောက်က ဆက်တိုက်ကိုဖြစ်နေတာ ဟုတ်တယ်။ နမ့်ဖတ်ကာသိမ်းပြီးတာနဲ့ တောက်လျှောက်ကာလမှာ အဲဒီလိုဖြစ်ရပ်မျိုးတွေ ဆက်တိုက်ရှိတာ ဟုတ်တယ်။ ဒီမှာလည်း KIO က အုပ်ချုပ်ရေးယန္တရားတွေ စတင်တုန်း။ ဌာနဆိုင်ရာအသစ်တွေထပ်တိုးပြီး စတင်လည်ပတ်နေတုန်းဆိုတော့ အားလုံးကို အတည်တကျ ကောင်းမွန်စွာ မထိန်းချုပ်နိုင်တဲ့ကာလဆိုတော့ လက်နက်ကိုင်တွေအချင်းချင်းက အင်အားပြိုင်ဆိုင်တာမျိုးလား၊အချင်းချင်းကထိကအောက်တွေဖြစ်အောင် ပြုလုပ်ကြတာတွေရှိတာပေါ့။ ဒါပေမဲ့ ဒီနောက်ပိုင်းကာလမှာတော့ အချင်းချင်းကြား ကထိကအောက်ဖြစ်အောင် လုပ်ကြတာမျိုးတွေတော့ မတွေ့ရတော့ဘူး။ အဆင်ပြေနေပါတယ်” လို့ နမ့်ဖတ်ကာဒေသခံတစ်ဦးက ပြောပါတယ်။ နမ့်ဖတ်ကာကို ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီး မြို့အဆင့်မြင့်တင်ကာ ဌာနဆိုင်ရာအသီးသီးဖွင့်လှစ်ပြီး အုပ်ချုပ်ရေးယန္တရားလည်ပတ်နေပြီဖြစ်ပါတယ်။ ကချင်လွတ်လပ်ရေးအစိုးရအဖွဲ့(KIO/KIA)ရဲ့ အုပ်ချုပ်ရေးယန္တရားအောက်မှာ တအာင်းတပ် TNLA ၊ ကိုးကန့်တပ် MNDAA-စတဲ့ ညီနောင်တော်လှန်ရေးတပ်ဖွဲ့တွေလည်း အတူတကွ နေထိုင်ပြီးရုံးစိုက်တာတွေရှိပါတယ်။ အဲဒီထဲမှာမှ ကိုးကန့်တပ် MNDAA နဲ့ တအာင်းတပ် TNLA က ကျေးရွာအတွင်း အရပ်သားတွေကို မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုတဲ့ခေါင်းစဉ်နဲ့ လူလိုက်လံဖမ်းဆီးတာတွေ၊ အရပ်သားနေအိမ်တွေနဲ့ စျေးဆိုင်တွေမှာ စိတ်ကြိုက်ဝင်ရောက်ရှာဖွေပြီး ပြည်သူပိုင်ပစ္စည်းကို သိမ်းဆည်းတာ စတဲ့လုပ်ရပ်တွေကို ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် TNLA ဘက်က ငွေကြေးကိုအဓိကထားပြီး မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲတဲ့သူတွေကို လိုက်လံဖမ်းဆီးကာ တစ်ယောက်ကို သိန်း ၅၀ ကနေ ၁၀၀ အထိ ပြန်ရွေးခိုင်းတာတွေရှိနေတယ်လို့ ဆိုပါတယ်။ နမ့်ဖတ်ကာမြို့မှာ KIO အုပ်ချုပ်ရေးယန္တရားအောက် ဌာနအသီးသီးမှာ ဒေသခံတိုင်းရင်းသားပေါင်းစုံပါဝင်တဲ့ ကျေးရွာလူထုတွေကိုယ်တိုင် ဖော်ဆောင်နေတဲ့ အုပ်ချုပ်ရေးစနစ်နဲ့ လည်ပတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရှမ်းပြည်မြောက်ပိုင်းတစ်ခွင်က ကိုးကန့်တပ် MNDAA နဲ့ တအာင်းတပ် TNLA တို့ သိမ်းပိုက်ရရှိထားတဲ့ ဒေသတွေမှာ ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA)ဘက်က ဝင်ရောက်နေထိုင် သွားလာလှုပ်ရှားတာတွေကို တားမြစ်တာတွေရှိနေပြီး နယ်မြေနဲ့ပတ်သက်ပြီး လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေအချင်းချင်းကြား ပြဿနာတွေဆက်တိုက်ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။ By- ဂျာဘောက်ရာ
Read More » -
28 Octoberသတင်း
ရွှေကူမှာ ရွှေဖောင်အစီးရေ ၁၀၀ ဝန်းကျင်နဲ့ ရွှေပြန်လည်တူးဖော်နေ
ကချင်ပြည််နယ် ရွှေကူမြို့နယ် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် တရားမဝင်ရွှေတူးဖော်မှု အလွန်အကျွံလုပ်ဆောင်နေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ၂၀၂၄ ခုနှစ် ပြီးခဲ့တဲ့ သြဂုတ်လကစလို့ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ရွှေကူမြို့အနီးဝန်းကျင်မှာရွှေဖောင်ကြီးတွေနဲ့ တရားမဝင်ရွှေတူးဖော်တာတွေလုပ်နေတယ်လို့ ရွှေကူဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ပြီးခဲ့တဲ့ ၈ လကုန်ပိုင်းလောက်ကတော့ တစ်စီးစနှစ်စအဲ့လိုရွှေဖောင်တွေနဲ့စတူးလာတာပဲ အခုနောက်ပိုင် တစ်လနီးနီးရှိပြီအများကြီးဖြစ်လာတယ် အခုရွှေဖောင်တွေနဲ့ပြည့်နေတာတချို့နေရာတွေဆို တအားကိုတူးနေကြတာ ရွှေလည်းအရမ်းရကြတယ်တဲ့”လို့ အသက် ၄၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသားတစ်ဦးကပြောပါတယ်။ လက်ရှိ ရွှေကူနယ်မှာ ရွှေဖောင်အစီး ၁၀၀ ထက်မနည်းရှိတယ်လို့သိရပြီး အများစုက ငပေါက်ဝကျေးရွာအနီးတစ်ဝိုက်၊ ဆင်တပ်ရွာအောက်ဘက်တွေမှာများဆုံးတူးနေကြပြီး ကုန်းကျင်းမဟုတ်ဘဲ ရွှေဖောင်အကြီးကြီးတွေနဲ့ရေငုတ်ကျင်းတူးတာလို့ ဒေသခံတွေပြောပါတယ်။ ရွှေတူးဖော်ကြတဲ့သူတွေထဲမှာ ရွှေကူနယ်ခံတွေလည်းပါဝင်သလို ဗန်းမော်၊မြစ်ကြီးနား၊စစ်ကိုင်းဘက်က လာရောက်တူးဖော်ကြတဲ့သူတွေလည်းရှိတယ်လို့ မြစ်ကြီးနားမြို့ခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ကျွန်တော့်သူငယ်ချင်းတွေက အစက ဆင်ဘို၊တာလောကြီးတစ်လျှောက်မှာတူးတာရွှေမရလို့ဆိုပြီး ရွှေကူဘက်ဆင်းသွားတယ် နှစ်ပတ်ရှိပြီအဲ့မှာရွှေအရမ်းရကြလို့တဲ့ပြန်ကိုမလာတော့ဘူး”လို့ ရမ်ပူကျေးရွာနေအထက်ဖော်ပြပါအမျိူးသားကပြောပါတယ်။ ရွှေကူနယ်ထဲမှာ အခုလိုမြစ်ကြောင်းတစ်လျှောက် ရွှေတူးဖော်တာတွေအများအပြားလုပ်ဆောင်နေတာကြောင့် မြစ်ကြောင်းပျက်စီးနေတာကြောင့် ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက် သီးနှံစိုက်ခင်းတွေပျက်စီးထိခိုက်လာမှာနဲ့ ကမ်းပါးပြိုကျလာမှာကို ဒေသခံတွေအထူးစိုးရိမ်နေကြတယ်လို့သိရပါတယ်။ ရွှေကူနယ်ထဲပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကလည်း ဧရာဝတီမြစ်ကြောင်းတစ် လျှောက်ရွှေဖောင်တွေနဲ့ တရားမဝင်ရွှေတူးဖော်တာတွေ အများအပြားရှိခဲ့ပေမယ့် ဒေသခံတွေက ကန့်ကွက်ဆန္ဒပြတာ၊ စစ်ကောင်စီတပ်တွေက ရွှေဖောင်တွေကိုဖမ်းဆီးတာ၊ မီးရှိူ့တာတွေကြောင့် အခုလိုရွှေတူးဖော်တာမရှိသလောက်ဖြစ်ခဲ့ပေမယ့်လက်ရှိပြန်လည်ပြီးတူးဖော်လာနေတာဖြစ်တယ်လို့သိရပါတယ်။ စစ်ကောင်စီတပ်အာဏာသိမ်းတဲ့နောက်ပိုင်းမှာ့တော့ ကချင်ပြည်နယ်ထဲက ပူတာအို၊ရွှေကူ၊ဗန်းမော်၊ အင်းတော်ကြီးဒေသ စတဲ့နေရာတွေဟာ အလွန်အကျွ့ရွှေတူးဖော်မှုပြုလုပ်လာနေတဲ့နေရာတွေဖြစ်ပြီး ရွှေကူမြို့အနီးဝန်းကျင် ရွှေတူးဖော်မှုကိုတော့ စစ်တပ်နဲ့ KIA လက်နက်ကိုင်နှစ်ဖက်စလုံးကို အခွန်ပေးဆောင်ပြီး တူးဖော်နေကြတာလို့ ဒေသခံတွေပြောပါတယ်။ ခုလို ဧရာဝတိီမြစ်ကြောင်းတစ်လျှောက် ရွှေတူးဖော်မှုတွေ စည်းမဲ့ကမ်းမဲ့လုပ်ဆောင်နေတာကြောင့် မြစ်ကြောင်းပျက်စီးတာ၊မြစ်လက်တက်တွေ ပြောင်းလဲလာတာတွေကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုဟာ တစ်နေ့ထက်တစ်နေ့ ဆိုးရွားလာနေတဲ့အတွက် မိုးရေကြီးတာ၊ရေကြီးရေလျှံတာလည်း ပိုဆိုးရွားလာနေတာလည်းဖြစ်ပါတယ်။ By – Zaw Zaw
Read More » -
28 Octoberသတင်း
ဖမ်းဆီးခံရတဲ့ သတင်းသမား ၂ ဦးပြန်လည်လွတ်မြောက်
ကချင်လွတ်လပ်ရေးတပ်မတော် KIA ဖမ်းဆီးခံထားရတဲ့ ဖားကန့်မြို့ နယ်ခံသတင်းထောက် ၂ ဦး ပြန်လည်လွှတ်မြောက်လာပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၉ ရက်နေ့၊ ၃၀ ရက် ဖားကန့်နယ်ခံသတင်းထောက် ၂ ဦးဖြစ်တဲ့ ကိုတာလင်းမောင်နဲ့ ကိုနှောင်ရိုးကို KIA ဘက်က ဖမ်းဆီးသွားပြီးနောက် အောက်တိုဘာလ ၂၈ ရက်နေ့ ပြန်လည်လွတ်မြောက်လာတာဖြစ်ပါတယ်။ “လွတ်လာပြီ အထဲမှာ ၂၈ ရက်ကြာခဲ့တယ် ”လို့ အလွတ်တန်းသတင်းထောက် ကိုတာလင်းမောင်က ပြောပါတယ်။ ပြန်လည်လွှတ်မြောက်လာတဲ့သတင်းထောက်တွေရဲ့ ပြောဆိုချက်အရ KIA ဘက်က ဖမ်းဆီးထားချိန် ဖားကန့်မြို့နယ် မြေပြင်မှာဖြစ်နေတဲ့အခြေနေနဲ့ပတ်သက်တဲ့သတင်းတွေကို ရေးသားရာမှာ နားလည်မှုလွှဲတာတွေရှိနေတဲ့အတွက် ခေါ်ယူမေးမြန်းတာမျိုးဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဖမ်းဆီးထားချိန်မှာလည်း ကိုယ်ထိလက်ရောက်ရိုက်နှက်တာမျိုးမရှိဘဲ ကောင်းကောင်းမွန်မွန်သာ ဆက်ဆံကြောင်း ပြောပါတယ်။ “ဟုတ်တယ်ဗျ အောက်တိုဘာလ ၂၈ ရက်နေ့မှာလွတ်လာပါပြီ။ ဟုတ် ကျနော်တို့ကို ကောင်းမွန်စွာဆက်ဆံပါတယ်။သတင်းကိစ္စနဲ့ပတ်သက်ပြီး ခေါ်မေးတာမျိုးပါ”လို့ အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးက ပြောပါတယ်။ သတင်းထောက်နှစ်ဦးထဲက အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးဟာ အာဏာသိမ်းခါစ ကာလဖြစ်တဲ့ ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်နေ့မှာ စစ်ကောင်စီရဲ့ဖမ်းဆီးခံရပြီး ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အောက်တိုဘာလ ၃ ရက်နေ့မှာပြန်လည်လွတ်မြောက်လာသူဖြစ်ပြီး သတင်းထောက်ကိုတာလင်းမောင်ကအာဏာမသိမ်းခင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ပြန်/ဆက်)မှာတာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး အာဏာသိမ်းပြီးနောက် CDM ဝင်ထားကာ Red News Agency သတင်းဌာနက သတင်းထောက်ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ မြန်မာနိုင်ငံဟာ သတင်းလွတ်လပ်ခွင့်အတွက် ဒုတိယအဆိုးဆုံးနိုင်ငံဖြစ်ပြီး အနည်းဆုံး သတင်းထောက် ၄၃ ဦးအကျဥ်းချခံထားရတယ်လို့ CPJ ရဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့က ထုတ်ပြန် ချက်အရသိရပါတယ်။ By – Zami
Read More » -
28 Octoberသတင်း
သိန္နီမြို့ KBC နှစ်ခြင်းဘုရားကျောင်းကို စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်
ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာရှိတဲ့ ကချင်နှစ်ချင်းခရစ်ယာန် KBC ဘုရားကျောင်းကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။ ဖြစ်စဉ်ကတော့ အောက်တိုဘာ၂၇ ရက်နေ့ ည၉နာရီ ၄၅ မိနစ် စစ်ကောင်စီဘက်ကနေပြီးတော့ ဘုရားကျောင်းအပေါ်တည့်တည့် လေယာဉ်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဘုရားကျောင်းတစ်ခုလုံး ပျက်စီးသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ လေကြောင်းပစ်ခတ်မှုကြောင့် ဘုရားကျောင်းဆောင်တစ်ခုလုံးအပြင် ကားသုံးစီး၊ အအေးခေါင်း၊ အသံချဲ့စက်နဲ့ အားလုံးပျက်စီးသွားခဲ့တယ်လို့ ဘုရားကျောင်းက တာဝန်ရှိသူတစ်ဦးက ခုလိုပြောပါတယ်။ “ဘုရားကျောင်းက ရစရာကိုမရှိတော့ဘူး ခုနကကျွန်တော်တို့ တွက်ကြည့်တာကတော့ သိန်းတစ်သောင်းဖိုးလောက်က ပျက်စီးဆုံးရှုံးသွားတယ်”လို့ဆိုပါတယ်။ အောက်တိုဘာလ ၂၇ ရက်ည သိန္နီမြို့ထဲ စစ်ကောင်စီလေယာဉ်ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့နေရာတွေဟာ ထွေအုပ်ရုံး၊ KBC ဘုရားကျောင်း၊ဆန်းလီဟိုတယ်အထက်ဘက် စတဲ့နေရာသုံးနေရာဖြစ်ပြီး သေခိုက်သေဆုံးသူတော့ မရှိဘူးလို့ သိရပါတယ်။ ဒေသခံတွေသုံးသပ်ချက်အရ စစ်ကောင်စီအနေနဲ့ KBC ဘုရားကျောင်းအရှေ့ဘက် မီတာ၅၀ဝန်းကျင်အကွာအဝေးမှာရှိတဲ့တည်းခိုခန်းတစ်ခုမှာ ကိုးကန့်ဘက်က လူကြီးတွေရှိနေတယ်ဆိုတဲ့ သတင်းတွေကြောင့် ခုလို ဗုံးကြဲတိုက်ခိုက်တာ ဖြစ်နိုင်တယ်လို့ ဒေသခံတစ်ဦးက ခုလိုသုံးသပ်ပါတယ်။ “ဘုရားကျောင်းအရှေ့ဘက်က တည်ခိုးခန်းတစ်ခုမှာ ကိုးကန့်ဘက်က လူကြီးတွေသူဌေးတွေ လာအိပ်ကြတယ်ဆိုတဲ့ သတင်းတွေက အရင်ကတည်းကထွက်နေတော့ ခုလိုဖြစ်လာမှာစိုးလို့ ကျွန်တော်တို့တောင်အဲဒီအနီးနားတဝိုက်မှာ မနေကြတော့ဘူးဟုတ်တယ်”လို့ ဆိုပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီဘက်ကနေပြီးတော့ ကိုးကန့်တပ် MNDAAနဲ့ တအာန်းတပ်TNLA တို့ရှိနေနိုင်တယ်ထင်တဲ့နေရာတွေမှာ အမြဲလိုလို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လေ့ရှိပါတယ်။ လူ့အခွင့်အရေးဆိုင်ရာလှုပ်ရှားမှုကွန်ယက်(HRAN)အဖွဲ့အစည်းရဲ့ ၂၀၂၄အောက်တိုဘာလ၂၇ရက် ထုတ်ပြန်ချက်အရ ရှမ်းပြည်မြောက်ပိုင်းမှာ စစ်ကောင်စီရဲ့လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၀၇ ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၃၂၀ဦးထိ ရှိခဲ့တယ်လို့ ဆိုထားပါတယ်။ By – Hope
Read More » -
28 Octoberသတင်း
KIA သိမ်းပိုက်ထားတဲ့ ပန်ဝါဒေသမှာ နေအိမ်ဖောက်ထွင်းခံရတာတွေရှိနေ
ကချင်အထူးဒေသ (၁) ပန်ဝါမြို့ကို KIA သိမ်းပိုက်ပြီးတဲ့နောက်ပိုင်း ဒေသခံတွေရဲ့နေအိမ်တစ်ချို့ကို ဖောက်ထွင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ လတ်တလော ပန်ဝါဒေသအတွက် KIO ဘက်က အုပ်ချုပ်ရေးလုပ်ငန်းတွေမစီမံရသေးသလို မြို့တွင်းမှာလည်း ရှေ့တန်း KIA တပ်သားနဲ့ PDF တပ်သားတွေသာရှိပြီး သူတို့တွေက ဒေသခံနေအိမ်တွေကိုဖောက်တာ၊ပစ္စည်းတွေကိုယူတာတွေ ရှိနေတယ်လို့ ဒေသခံတစ်ဦး KNG ကို ခုလိုပြောပါတယ်။ “အခုက ဒီမှာက ကေအိုင်အေနဲ့PDF က တိုက်ထားတာနိုင်ထားတယ်။ ဒါပေမဲ့ နေရာတွေကအတည်တကျ မဖြစ်သေးဘူးလေ။ ပြောမယ်ဆိုရင် စစ်တပ်တစ်ခုကနိုင်ထားပြီဆိုရင် အဲ့ရှေ့ကတန်းကသူတွေပဲရှိနေသေး တယ်။ ပြောမယ်ဆို သူတို့ဘယ်လိုအုပ်ချုပ်မယ်ဆိုတာမစီမံသေးဘူးပေါ့။ စစ်သားတွေက ဒေသခံတွေဆီမှာ ဆိုင်ကယ်သွားငှားပြီးတော့ ပြန်မပို့ပေးတာတွေလုပ်ပေးတယ်။ အိမ်ကရှိပြီးလူမရှိရင် ပစ္စည်းတွေလိုက်ယူ အဲ့မျိုးတွေပေါ့”လို့ ဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။ ကချင်အထူးဒေသ ၁ ပန်ဝါဒေသကို နယ်ခြားစောင့်တပ် BGF နဲ့ ပြည်သူ့စစ်လက်ထဲကနေ KIAပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၈ ရက်နေ့ကပဲအပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA/KIO ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ ပန်ဝါမြို့မှာ အုပ်ချုပ်ရေးယန္တရားတွေလည်ပတ်ဖို့ပြင်ဆင်နေပြီး KIAတပ်ဖွဲ့ဝင်တွေဒေသခံနေအိမ်တွေဖောက်ထွင်းတဲ့ သတင်းတွေနဲ့ပတ်သက်လို့ အခုလိုတုံ့ပြန်ပါတယ်။ “ပစ္စည်းယူတာနဲ့ပတ်သက်လို့ကတော့ စစ်ကြောင်းတွေကို မနာလိုတဲ့အခါကျတော့ အပြစ်မြင်တာလည်း ရှိမှာ။ စစ်သည်တွေလည်းရှေ့တန်းသမားတွေဆိုတော့စားစရာ၊ သောက်စရာတွေယူစားသောက်စား တွေလည်း ရှိကောင်းရှိနိုင်တာပေါ့။ သိပ်ပြီးကြီးမားတဲ့ပြဿနာတွေ ရှိမယ်လို့တော့ကျနော်မထင်ပါဘူး။ ကျနော်တို့ခေါင်းဆောင်တွေ၊ လူကြီးပိုင်းတွေလည်းရှိတယ်။ သူတို့ရဲ့ စည်းကမ်းလိုက်နာမှုတွေကို ထိန်းထိန်း သိမ်းသိမ်းလုပ်နေတာ။ ဒါ့ကြောင့် ပြဿနာကြီးကြီးမားမားရှိမယ်လို့ ကျနော်မထင်ပါဘူး။လို့ ပြောပါတယ်။ လက်ရှိတော့ KIA သိမ်းပိုက်လိုက်တဲ့နောက်ပိုင်း တရုတ်ဘက်က လျှပ်စစ်မီးတွေအားလုံး ဖြတ်တောက်ထားပြီး မြေရှားသတ္တုလုပ်ငန်းတွေလည်း အားလုံးရပ်နားထားရတယ်လို့သိရပါတယ်။ တစ်ဖက်မှာ အဆိုပါမြေရှားသတ္တုဆိုက်တွေမှာလာရောက်လုပ်ကိုင်တဲ့ အနယ်နယ်အရပ်ရပ်က အလုပ်သမား တွေလည်း နေရပ်ပြန်သွားတာတွေရှိပြီး ဒေသခံတစ်ချို့လည်း မြစ်ကြီးနားမြို့ဘက်ကယာယီတိမ်းရှောင်နေ ကြတယ်လို့ဒေသခံတွေကပြောပါတယ်။ တစ်ဖက်မှာ တရုတ်ဘက်ကကုန်ပစ္စည်းတွေကိုသာအားကိုနေရတဲ့ ဒေသခံတွေဟာ တရုတ်ဘက်ကလျှပ်စစ် မီးဖြတ်တာ၊ နယ်စပ်ကုန်စည်စီးဆင်းမှုတွေကို ပိတ်လိုက်တာတွေကြောင့် အဘက်ဘက်က အခက်အခဲတွေ ကြုံနေရတယ်လို့ပြောပါတယ်။ By – အမိုး
Read More » -
28 Octoberသတင်း
ဆိုင်ကယ်အချင်းချင်းတိုက်မိပြီး အသက် ၆၀ အရွယ်အမျိုးသားတစ်ဦးပွဲချင်းပြီးသေဆုံး
ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ ဆိုင်ကယ်အချင်းချင်းတိုက်မိပြီး အသက် ၆၀ အရွယ်အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ မွန်မြတ်စေတနာအသင်းကနေ သိရပါတယ်။ ဖြစ်စဉ်ကတော့ အောက်တိုဘာလ ၂၇ ရက်နေ့ မနေ့ည ၆ နာရီဝန်းကျင်အချိန် ဝိုင်းမော်ရပ်ကွက် ၁ က နန့်မြင့်ခချောင်းတံတားပေါ်မှာ အမျိုးသားနှစ်ဦးမောင်းနှင်လာတဲ့ ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိခဲ့တဲ့အတွက် တစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး ကျန်တစ်ဦးထိခိုက်ဒဏ်ရာအနည်းငယ် ရရှိခဲ့တယ်လို့တယ်လို့ မွန်မြတ်စေတနာအသင်းရဲ့တာဝန်ရှိသူတစ်ဦးက ခုလိုဆိုပါတယ်။ “ဒဏ်ရာကတော့ ခေါင်းမှာရတာဗျ ခေါင်းမှာဆိုတော့ ခေါင်းပိုင်းဆိုင်ရာထိခိုက်သွားတယ်ထင်တယ် နှခေါင်းနဲ့ပါးစပ်ကသွေးတွေထွက်ပြီးအဲနေရာမှာဘဲ သေသွားတာ”လို့ပြောပါတယ်။ ယာဉ်တိုက်မှုဖြစ်ခဲ့တဲ့ အမျိုးသားနှစ်ဦးလုံးဟာ အသက် ၆၀ ဝန်းကျင်အရွယ်တွေဖြစ်ကြပြီး သေဆုံးသွားသူကတော့ လီဆူအမျိုးသားဖြစ်သလို ဝိုင်းမော်ရပ်ကွက် ၅ စစ်ရှောင်စခန်းမှာနေထိုင်တယ်လို့သိရပါတယ်။ “ယာဉ်တိုက်မှုကတော့ အမြဲဖြစ်နေတာပါဘဲ ဆိုးတာနဲ့မဆိုးတာဘဲရှိတာ သုံးသပ်ရရင်တော့ မူးပြီးမောင်းတဲ့လူနဲ့ မဆင်မခြင်မောင်းတဲ့လူတွေရှိလို့ ယာဉ်တိုက်မှုတွေဖြစ်နေတာပေါ့”လို့ဆိုပါတယ်။ ဝိုင်းမော်မြို့မှာ ယာဉ်တိုက်မှုတွေကြောင့် လတိုင်းလိုလို သေဆုံးသူတွေ၊ ခြေလက်ကျိုးပဲ့သူတွေ အမြဲရှိနေပေမယ့်လည်း စည်းကမ်းမဲ့ ယာဉ်မောင်းနှင်သူတွေတော့ များနေဆဲဘဲ ဖြစ်ပါတယ်။ ဒါအပြင် ယာဉ်တိုက်မှုတွေကတော့ ပျမ်းမျှအားဖြင့် တစ်လကို အနည်းဆုံးဆယ်ကြိမ်ထက်မနည်း ဖြစ်ပွားနေတာဖြစ်တယ်လို့ မွန်မြတ်စေတနာလူမှုကယ်ဆယ်ရေးအသင်းရဲ့ တာဝန်ရှိသူကပြောပါတယ်။ By – Hope
Read More » -
28 Octoberသတင်း
လုံရှာယန်နဲ့ဆွမ်ပီယန်ကြား စစ်တပ်က အင်အားဖြည့်ပြီး စစ်ရေးလှုပ်ရှားနေ
ပူတာအိုမြို့နယ် လုံရှာယန်နဲ့ ဆွမ်ပီယန်ကြားမှာ စစ်ကောင်စီအင်အားဖြည့်စစ်ရေးလှုပ်ရှားနေပြီး လမ်းသွားလမ်းလာအရပ်သားတွေကို စစ်ဆေးရေးတင်းကြပ်နေတယ်လို့ ဒေသခံတွေပြောပါတယ်။ ၂၀၂၃ ခုနှစ် စစ်တပ်နဲ့ KIA ပူးပေါင်းတပ်တွေအကြားတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ လုံရှာယန်၊ဆွမ်ပီယာန် ဒေသခံတွေ ၂၀၂၄ နှစ်ဆန်းပိုင်း ပြည်သူတစ်ချို့နေရပ်ပြနလာပြီး အသက်မွေးဝမ်းကျောင်းပြုဖို့ လယ်ယာ၊တောင်ယာ လာရောက်လုပ်ကိုင်ရင်း နေထိုင်နေကြတာဖြစ်ပါတယ်။ ဒါပေမယ့် စစ်ကောင်စီတပ်တွေဟာ အရပ်သားပြည်သူတွေ လွတ်လပ်စွာသွားလာခွင့်မရအောင် ရွာအဝင်အထွက် စစ်ဆေးတင်းကြပ်တာ၊ အချိန်အကန့်အသတ်နဲ့ သွားလာခွင့်ပြုပြီး တားဆီးပိတ်ပင်တာတွေလုပ်နေတာကြောင့် ဒေသခံပြည်သူတွေ သွားလာရေးခက်ခဲပြီးအခက်တွေ့နေတယ်လို့ ပြောပါတယ်။ “အပြင်တွေဘာတွေသွားတာတို့၊ တောင်ယာ အခင်းတွေဆီ သွားလာရေးမှာ အရမ်းတားမြစ်ပိတ်ပင်မှုဖြစ်တယ်။ အချိန်တွေကန့်သတ်ပေးတာတွေပေါ့။ တန်ဂျာယန်မှာလည်း စစ်တပ်စခန်းလည်းရှိနေတော့ အဲမှာလည်း အင်အားက ၅၀ လောက်ရှိမယ်။ ပြည်သူတွေက အခုချိန်က လယ်ယာစပါးတွေလည်း မှည့်တဲ့အချိန်ဆိုတော့ အလုပ်များတဲ့အချိန်ဖြစ်တယ်။ ဒီလိုအခြေအနေမှာ အားလုံးက သတိဝီရိယနဲ့ပဲ စိုးရိမ်ပြီး သွားလာလုပ်ကိုင်နေကြရတာပေါ့။” လို့ လုံရှာယာန်ဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။ ဆွမ်ပီယန့်နဲ့လုံရှာယန်ပြည်သူတွေဟာ လယ်ယာ၊တောင်ယာလုပ်ကိုင်ဖို့ တစ်ချို့တစ်ဝက်သာဝင်ရောက်လာတာဖြစ်ပြီး အများပိုင်း ထွက်ပြေးတိမ်းရှောင်နေကြဆဲဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလလောက်ကစပြီး စစ်ကောင်စီတပ်ဖွဲ့ အင်အား ၆၀ ခန့်နဲ့ လုံရှာယန်ကျေးရွာထဲ ဝင်ရောက်တပ်စွဲ စခန်းတည်ဆောက်လာတာဖြစ်ပြီး လတ်တလော စစ်အင်အားထပ်ဖြည့်ကာ တန်ဂျာကျေးရွာတွေထိ တပ်စခန်းတိုးချဲ့ပြီး ကတုတ်ကျင်းတွေ အခိုင်အမာတည်ဆောက်ကာ လုံခြုံရေးအပြည့်နဲ့ လှုပ်ရှားနေတယ်လို့ ဒေသခံတွေ ပြောပါတယ်။ “တန်ဂျာရွာမှာလည်း ဆောက်လုပ်ရေးရှိတဲ့နေရာတွေ၊ တံတားအောက်မှာတွေ တပ်စခန်းအကုန်ချထားတယ်။ အရင်စခန်းမရှိတဲ့နေရာတွေမှာ အကုန်တပ်စွဲပြီး ရွာပြင်၊ရွာထဲ အကုန်လုံခြုံရေးပြုထားတယ်။ လုံရှာယန်မှာက ခိုင်ခိုင်မာမာ ကတုတ်ကျင်းတွေ တူးဖော်ဆောက်လုပ်ပြီး လူအင်အားထပ်ဖြည့်၊ လက်နက်ကြီးလည်း ၃ ခုလောက်ထောင်ပြီး နေနေတယ်။ ဒီဒေသက ပြည်သူ့စစ်တွေနဲ့ စစ်ကောင်စီတပ်တွေ အားလုံးတပ်ပေါင်းစုပြီး ဆွမ်ပီယန်ဘက်အထိ ရောရောနှောနှော လှုပ်ရှားနေကြတယ်။”လို့ လုံရှာယာန်ဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။ ဒါ့အပြင် ဆွမ်ပီယန်ဘက်မှာတော့ ၂၀၂၄ ခုနှစ် မေလလောက်ကစပြီး စစ်ကောင်စီတပ်တွေ ကျေးရွာအတွင်း ဝင်ရောက်လာပြီး ရွာသားတွေကို ဖမ်းဆီးစစ်ဆေးတာတွေ ပြုလုပ်ကာ နေအိမ်တွေကို ဖောက်ထွင်းခံရတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ လတ်တလော ဆွမ်ပီယန်၊ ၀ဒတ်ရွာနဲ့ အင်စီးယန် စတဲ့ကျေးရွာ ၃ ခုက ရွာသား ၁၅၀၀ ကျော်ဟာ လတ်တလော တောထဲ မိုးကာတဲတွေထိုးပြီး စစ်ဘေးရှောင်နေကြရလလောက်ကြာလာပြီဖြစ်ကာ ဖျားနသူတွေလည်း များပြားနေပြီး ဆေးဝါးလည်းမရှိ၊ အစားအသောက်လည်း မလုံလောက်ကာ ဒုက္ခရောက်နေကြရတယ်လို့ သိရပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
28 Octoberအင်တာဗျူး
နယ်စပ်ဒေသမှာ မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေတဲ့ KIA ကို တရုတ်ဖိအားပေးနေတာ ဘာကြောင့်လဲ
မြန်မာစစ်အစိုးရနဲ့ ငြိမ်းချမ်းရေးယူထားတဲ့ ကချင်အထူးဒေသ(၁)၊ ကချင်ဒီမိုကရေသစ်တပ်မတော် (NDA-K )ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ အုပ်ချုပ်နယ်မြေတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က အောက်တိုဘာလအတွင်းမှာပဲ ချီဖွေ၊ ပန်ဝါ၊ ဆော့လော်နဲ့ တပ်ရင်း ဌာနချုပ်အပါအဝင် တပ်စခန်းအများအပြားကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ KIA ရဲ့ မြို့သိမ်းတိုက်ပွဲ စစ်ဆင်ရေးဟာ…
Read More » -
25 Octoberသတင်း
နန်းယွန်းမြို့အဝင်တံတား ပြန်မဆောက်နိုင် သေးတဲ့အတွက် ဒေသခံများ သွားလာရေး ခက်ခဲ
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့အဝင်တံတား ပြန်မဆောက်ပေးသေးတာကြောင့် ဒေသခံတွေနဲ့ ခရီးသွားပြည်သူတွေ ခက်ခက်ခဲခဲ သွားလာနေရဆဲလို့ သိရပါတယ်။ ၂၀၂၄ ခုနှစ် မေလမှာ နန်းယွန်းမြို့မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် ရေစီးနဲ့မျှောပါပျက်စီးသွားတဲ့ နန်းယွန်းမြို့အဝင်တံတားဟာ ၆ လကျော်ကြာလာတဲ့အထိ တံတားသစ်ပြန်တည်ဆောက်ပေးခြင်းမရှိသေးဘူးလို့ နန်းယွန်းမြို့ခံအမျိုးသားတစ်ဦး…
Read More »









