ရွေးကောက်ပွဲဆိုင်ရာ

NLD တိုင်းရင်းကော်မတီ ဥက္ကဋ္ဌ ကချင်လူမျိုး ခန့်ထားခြင်းပေါ် KSPP ဝေဖန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ ဗဟိုတိုင်းရင်းသားရေးရာကော်မတီဖွဲ့စည်းထားပြီး ၎င်းအဖွဲ့၏ ဥက္ကဋ္ဌအဖြစ် ကချင်ကိုယ်စားလှယ် Slg. Nhtung Hka Naw Sam (ဦးအင်ထုံးခါးနော်ဆမ်)ကို ရွေးချယ်ထားမှုသည် လာမည့်ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် စည်းရုံးရေးတစ်ခုသာဖြစ်ကြောင်း ပြည်နယ်၏အဓိက အတိုက်အခံပါတီဖြစ်သော ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP)မှ ဝေဖန်လိုက်သည်။

“အခုလို NLD အနေနဲ့ တိုင်းရင်းသားရေးရာကော်မတီဖွဲ့လိုက်တယ်ဆိုတာ သူတို့မှာ လိုအပ်လို့ ထင်ပါတယ်။ ဒါပေမယ့် အဓိကတော့ ၂၀၂၀ ရွေးကောက်ပွဲ အောင်နိုင်ရန် တိုင်းရင်းသားများ အချင်းချင်းကြား မဲဆွယ်စည်းရုံးဖို့အတွက်သာ ဖွဲ့စည်းတယ်လို့မြင်ပါတယ်။ အဲ့ကြောင့် အားလုံးကို ကိုယ်စားပြုမယ်လို့က မထင်ဘူး။ ဒါကိုလည်း အားလုံးကို နားလည်စေချင်တယ်။ အမှန်တိုင်း ပြောရမယ်ဆိုရင် ဒီဟာကို ဖွဲ့စည်းဖို့ဆိုရင် တိုင်းရင်းသားပါတီတွေနဲ့ ပြောဆိုညှိနှိုင်းဆောင်ရွက်မှုတွေ ပြုလုပ်ရမှာဖြစ်တယ်။ အခုကအဲလိုမဟုတ်တဲ့အတွက် အရာထင်မယ်လို့ မမြင်ဘူး” ဟု KSPP ဒုဥက္ကဌ ဒူဝါ ကွမ်ဂေါင်အောင်ခမ်း (Duwa Gumgrawng Awng Hkam) က ပြောသည်။

NLD ပါတီ၏ ဗဟိုတိုင်းရင်းသားရေးရာ ကော်မတီကို ဒီဇင်ဘာ (၂၆)ရက်နေ့တွင် ဖွဲ့စည်းလိုက်ကြောင်း ဇန်နဝါရီလ (၂) ရက်နေ့ NLD ပါတီမှထုတ်ပြန်ထားသည်ကို တွေ့ရသည်။

တိုင်းရင်းသားအရေးကိစ္စများကို ကူညီဆောင်ရွက်ပေးနိုင်ရန် ‘ဗဟိုတိုင်းရင်းသားရေးရာကော်မတီ’ ကို မဖြစ်မနေ ဖွဲ့စည်းတည်ထောင်ရခြင်းဖြစ်သည်ဟု ကော်မတီ ဥက္ကဌ အဖြစ် ခန့်အပ်ခြင်း ခံရသည့် NLD ပါတီဝင် ကချင်တိုင်းရင်းသား ဦး Nhtung Hka Naw Sam က ယခုလို ပြောဆိုပါသည်။

“ကျနော်တို့ ပါတီထဲမှာ ကော်မတီများစွာရှိတယ်။ ဒီထဲမှာ တိုင်းရင်းသားရေးရာကော်မတီက လိုအပ်နေပြီ။ အဲ့တော့ ကော်မတီကို လက်တွေ့အကောင်အထည်ဖော်လိုက်တဲ့ သဘောပါ။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ပါတီက ပါတီကြီးတစ်ခုလည်း ဖြစ်တယ်။ အခုဆိုရင် ကျနော်တို့နိုင်ငံမှာ တိုင်းရင်းသားအရေး တော်တော် ရှုတ်ထွေးမှု ကြုံတွေ့နေရတယ်။ နိုင်ငံတော်ကိုလည်း ဦးဆောင်နေတဲ့ ပါတီဖြစ်တဲ့အတွက် ပါတီဆိုက်အနေဖြင့် တိုင်းရင်းသား အရေးတွေကို ဆောင်ရွက်ပေးဖို့ဆိုတဲ့ အမြင်လေးနဲ့ ဖွဲ့စည်းခဲ့တာပါ” ဟု ပြောပါသည်။

KSPP သည် ကချင်ပါတီ (၄)ခု ပေါင်းစည်းထားသော ပါတီကြီး တစ်ခုဖြစ်ပြီး လာမည့် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP ပါတီ တို့ဖြင့် အဓိက ယှဉ်ပြိုင်သွားမည့် ပါတီတစ်ခု ဖြစ်လာမည် ဖြစ်သည်။

၂၀၁၈ နိုဝင်ဘာလ ကြားဖြတ်ရွေးကောက်ပွဲ၌ မြစ်ကြီးနားမြို့နယ် လစ်လပ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာ အတွက် ယှဉ်ပြိုင်ခဲ့ရာ အငြင်းပွားဖွယ်ရာ ကြိုတင်မဲဖြင့် တပ်မတော်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP အနိုင်ရခဲ့ပြီး ဒုတိယ မဲအများဆုံးကို NLD ပါတီမဟုတ်ဘဲ KSPP မဖွဲ့စည်းမီ ကချင်ဒီမိုကရက်တစ်ပါတီ (KDP)မှ Duwa Gumgrawng Awng Hkam (ဒူဝါ ကွမ်ဂေါင်အောင်ခမ်း) အနိုင်ရရှိခဲ့သည်။

 

Show More

Related Articles

Back to top button