ဟိုပင်လျှပ်စစ်ရုံး မီတာခကောက်ခံမှုအပေါ် ပြည်သူတွေနဲ့ အငြင်းပွားမှုများလာ

ကချင်ပြည်နယ် ဟိုပင်မြို့က လျှပ်စစ်ရုံးတာဝန်ရှိသူတွေဟာ မြို့ခံပြည်သူတွေကို မီတာခအကြွေးဟောင်းဆိုပြီး ငွေထပ်တောင်းနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လက်ရှိ ဟိုပင်မြို့ မြို့မတောင်ရပ်ကွက်နဲ့ နန့်ရင်းကျေးရွာမှာ နေထိုင်တဲ့ပြည်သူတွေက လစဉ် မီတာခကို ပုံမှန်ပေးဆောင်နေပေမယ့် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အထိ အတွင်းက မီတာခအကြွေးကျန်နေတယ်ဆိုပြီး ငွေထပ်တောင်းနေတယ်လို့ ဆိုပါတယ်။

တချို့ကိုတော့ ၂၀၂၂က အကြွေးတောင်းခံပြီး တချို့ကိုကျပြန်တော့လည်း ၂၀၂၃၊ ၂၀၂၄ ဒါမှမဟုတ် ၂၀၂၅ခုနှစ်တုန်းက ကျန်နေသေးတဲ့ အကြွေးတွေဆိုပြီး မတူညီတဲ့ ပုံစံတွေနဲ့ ၉သောင်းကနေ ၁သိန်း ဝန်းကျင်ထိ ကောက်ခံနေတယ်လို့ သိရပါတယ်။

၂၀၂၄၊ ၂၀၂၅၊ ၂၀၂၆ အထိ တောက်လျှောက်ဆောင်လာတဲ့ဟာကို ဘယ်လိုဖြစ်ပြီး ၂၀၂၃က ဒီစာရင်းက အခုဒီအချိန်မှ ပြန်သွားတွေ့နေတာလဲပေါ့ မဆောင်တဲ့ဟာကို  တကယ်တော့ ဆောင်ခဲ့ပါတယ် ဒါပေမယ့် အဲဒီအချိန်က စလစ်တွေက အခုမရှိတော့ဘူး”လို့ မြို့ခံအမျိုးသမီးတ်င်္စဦးပြောပါတယ်။

သာမန်နေအိမ်သုံးကို ၅၁ယူနစ်မှ ၁၀၀ယူနစ်ထိကို ၁၀၀ကျပ်နဲ့ စီပွားရေးလုပ်ငန်းမပါတဲ့ ဘာသာ/သာသနာ အဆောက်အုံတွေကိုတော့ ၁၀၀ယူနစ်ကနေ ၂၀၀ယူနစ်ထိ ကျပ်၁၅၀နှုန်းနဲ့သာ ကောက်ခံတာ ဖြစ်တယ်လို့ သိရပါတယ်။

ဟိုပင်မြို့ လျှပ်စစ်ရုံးဝန်ထမ်းတွေဟာ ပြည်သူတွေကို ယခင်နှစ်တွေက မီတာခပေးဆောင်ထားတဲ့ စလစ်တွေ ပြန်လည်ပြသခိုင်းနေပြီး၊ အထောက်အထားမပြနိုင်သူတွေကို အကြွေးကျန်ရှိသလို သတ်မှတ်ကာ မီတာခ ထပ်မံပေးဆောင်ခိုင်းနေတယ်လို့ သိရပါတယ်။

မီတာခပေးဆောင်ထားတဲ့ စလစ်အထောက်အထား ပြသနိုင်သူတွေကိုတော့ လျှပ်စစ်ရုံးဘက်က အရင်ဝန်ထမ်းတွေရဲ့ စာရင်းမှားယွင်းမှုကြောင့် ဖြစ်လာတာလို့ ပြန်လည်ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့်ပြီးခဲ့တဲ့ နှစ်တွေတုန်းက မီတာခ အကြွေးတောင်းလို့ ပေးပြီးသားသူတချို့ကိုပါ နောက်ထပ်အကြွေးကျန်ရှိတယ်ဆိုကာ ငွေအကြွေးတောင်းခံနေတဲ့ ဖြစ်စဉ်တွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လတိုင်းပေးနေရဲ့နဲ့ အကြွေးကျန်တယ်ဆိုပြီး ထပ်ခါထပ်ခါ ငွေတောင်းနေတာကိုတော့ လက်မခံနိုင်ဘူး။ တစ်လပြီးလည်း မပြီးဘူး၊ နောက်လရောက်လည်း ထပ်တောင်းနေတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် တောင်းခံနေတဲ့ အပိုဆောင်းငွေကို မပေးပါက မီးဖြတ်မယ်လို့ ပြောဆိုမှုတွေရှိနေတယ်လို့ သူဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ သုံးလခန့်က ဟိုပင်လျှပ်စစ်ရုံးမှာ ငွေကြေးစာရင်းကွာဟမှုတွေရှိတာကြောင့် ဝန်ထမ်းအားလုံး ပေါင်းလျော်ရမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက်ပိုင်း အခုလို မီတာခငွေ ထပ်မံတောင်းခံမှုတွေ ပိုများလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး KNG အနေနဲ့သက်ဆိုင်ရာ တာဝန်ရှိသူတွေကို မေးမြန်းဖို့ ဖုန်းနဲ့အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရသေးတာဖြစ်ပါတယ်။

လက်ရှိမှာလည်း မီတာခလာဆောင်တဲ့ ပြည်သူတွေနဲ့ လျှပ်စစ်ရုံးဝန်ထမ်းတွေကြား နေ့စဉ်လိုလို အငြင်းပွားမှုတွေ ဖြစ်ပွားနေတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ဆိုပါတယ်။

ဒါကြောင့် ဒေသခံတွေအနေနဲ့ မီတာခကောက်ခံမှုတွေကို သေချာစိစစ်ပေးဖို့နဲ့ မတရားငွေတောင်းခံမှုရှိပါက စုံစမ်းအရေးယူပေးဖို့ တာဝန်ရှိသူတွေကို တောင်းဆိုနေကြပါတယ်။

ဒေသခံတွေရဲ့ ပြောဆိုချက်အရ အကြွေးကျန်အဖြစ် လုပ်ငန်းသုံးမီတာတွေကို ငွေကျပ်တစ်သိန်းဝန်းကျင်၊ အိမ်သုံးမီတာတွေကို ငွေကျပ်ကိုးသောင်းဝန်းကျင်အထိ တောင်းခံနေတယ်လို့ သိရပါတယ်။

By – Hope

Show More

Leave a Reply

Back to top button