ရွေးကောက်ပွဲဆိုင်ရာသတင်းဆောင်းပါး

စစ်ကောင်စီထံ မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်ဖို့ပြင်နေကြတဲ့ ကချင်ပါဝင်များ

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ကောင်စီအောက် ရွေးကောက်ပွဲ ကော်မရှင်ထံပါတီမှတ်ပုံတင်လျှောက်ထားတဲ့ နိုင်ငံရေးပါတီ စုစုပေါင်း ၅၀ အထိရှိနေပြီလို့ စစ်ကောင်စီက မတ်လ ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒီထဲမှာ ကချင်နိုင်ငံရေးပါတီတွေလည်း ပါတီဆက်လက်တည်ရှိခွင့်အတွက် ပါတီမှတ်ပုံတင်အသစ် ပြန်တင်တဲ့အတွက် ကချင်ပြည်သူတွေ ဝေဖန်နေကြတာပါ။

လူသိများတဲ့ ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP ၊ ကချင်အမျိုးသားကွန်ကရက်ပါတီ KNC ၊ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ LNDP ၊ ဒီမိုကရေစီပါတီသစ် (ကချင်) NDPK စတဲ့ နိုင်ငံရေးပါတီ ၄ ခုဟာ စစ်ကောင်စီမှာ စာရင်းတင်သွင်းထားတာပါ။

၂၀၂၀ ရွေးကောက်ပွဲမှာ အင်အားကြီးပါတီတစ်ခုဖြစ်ခဲ့တဲ့ ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP ဟာ လက်ရှိမှာ ပါတီ ဆက်လက်ရှင်သန်းရေးတစ်ခုအတွက် ပါတီမှတ်ပုံတင်ထားပြီးတော့ စစ်ကောင်စီ ပြုလုပ်ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိမရှိဆိုတာ ပြည်သူလူထုရဲ့ သဘောထား ဆန္ဒသာဖြစ်တယ်လို့ KSPP ပါတီ ဥက္ကဋ္ဌ ဦးအင်ရှန်ဆန်အောင် က KNG ကို ပြောပါတယ်။

“အခုချိန်အထိ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ လုံးဝ မစဉ်းစားရသေးဘူး။ ပါတီဆက်ရှိနေဖို့ မှတ်ပုံတင်ထားတာပဲ ရှိသေးတယ်။ အားလုံးကို ပြောချင်တာက ကျနော်တို့ရဲ့ပါတီက ပြည်သူလူထုရဲ့ပါတီဖြစ်တဲ့အတွက် ပြည်သူလူထုရဲ့ ဆန္ဒအတိုင်းသွားဖို့ပဲရှိတယ်” လို့ပြောပါတယ်။

ကချင်အမျိုးသားကွန်ကရက်သစ်ပါတီ KNC အနေနဲ့တော့ တရားဝင် နိုင်ငံရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နိုင်ဖို့အတွက်နဲ့ ပါတီ တရားဝင်ဆက်ရှိနိုင်ဖို့အတွက် မှတ်ပုံတင်ထားတယ်လို့ KNC ပါတီရဲ့ ပြောဆိုခွင့်တာဝန်ရှိသူ ဦးအင်ဂျိုင်းနော်ဂျာ က ပြောပါတယ်။

“ကျနော်တို့က တရားဝင်တဲ့အနေနဲ့ နိုင်ငံရေးလုပ်ချင်တာ။ ဘာကို ဆိုလိုချင်လဲဆိုတော့ ကိုယ့်လူမျိုးအတွက် ကိုယ့် ပြည်နယ်အတွက် ကောင်းမွန်တဲ့ လမ်စဉ်အတိုင်းသွားဖို့ ဆိုတာကလည်း ပါတီကလည်း တရားဝင်နေဖို့ လိုအပ်တယ်။ အဲ့ကြောင့် မလို့လဲ မှတ်ပုံတင်ပြန်တင်ရတာဖြစ်တယ်”

လက်ရှိ စစ်ကောင်စီထံ ပါတီမှတ်ပုံတင်ထားတဲ့ KSPP ပါတီ နဲ့ KNC ပါတီက ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ဖို့ တိတိကျကျ ပြောဆိုထားတာမျိုး မရှိသေးပေမယ့် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ LNDP ၊ ဒီမိုကရေစီပါတီသစ် (ကချင်) NDPK တွေကတော့ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ပြောပါတယ်။

တစ်ဖက်မှာ စစ်ကောင်စီ ပြုလုပ်ကျင်းပမယ့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်တာ မလုပ်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က သတိပေးပြောဆိုထားပါတယ်။

စစ်ကောင်စီအောက် မှတ်ပုံတင်တဲ့ နိုင်ငံရေးပါတီတွေဟာ ပြည်သူလူထုဘက် ရပ်တည်တဲ့ ပါတီများမဟုတ်ဘူးလို့ ကချင်နိုင်ငံရေးလေ့စောင့်ကြည့်သူ တစ်ယောက်က သုံးသပ်ပြောဆိုပါတယ်။

“ကျနော်တို့နားလည်ထားတာက ပါတီမှတ်ပုံတင်တယ်ဆိုတာက ရွေးကောက်ပွဲဝင်ဖို့အတွက် ပထမခြေလှမ်းအနေနဲ့ လုပ်ဆောင်တာဖြစ်တယ်။ ပါတီတွေအနေနဲ့ လူထုရဲ့ အသံတွေ တကယ်နားထောင်တယ်ဆိုရင် လုံးဝမှတ်ပုံတင်ကြမှာမဟုတ်ဘူး။ ဒီလုပ်ရပ်က စစ်ကောင်စီကို အားပေးအားမြှောက်တဲ့ဘက်ရောက်သွားပြီဖြစ်တယ်။ ဒီချိန်မှာ စစ်တပ်ရဲ့ လက်အောက်မှာ နိုင်ငံရေးလုပ်ဖို့ဆိုတာက လုံးဝမဖြစ်နိုင်တဲ့ အခြေအနေဆိုတာသိကြတယ်။ အနှစ် ၇၀ ကနေ နောက်ထပ် နှစ်တစ်ရာလုပ်ရင်လည်း ရမှာမဟုတ်ဘူး”

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအစီစဉ်တွေကို မဖြစ်အောင် အာဏာရှင်ဆန့်ကျင်ရေးအဖွဲ့တွေက တားဆီးရမယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ (၆၂) နှစ်ပြည့် ကချင်တော်လှန်ရေးနေ့တွင် KIO/KIA ဥက္ကဋ္ဌ  ဗိုလ်ချုပ်ကြီး အင်ဘန်လရဲ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားသွားပါတယ်။

စစ်ကောင်စီက ရွေးကောက်ပွဲအတွက် ပြင်ဆင်လိုက်တဲ့ ဥပဒေထဲမှာ ပြည်ထောင်စု တစ်ဝန်းလုံးစည်းရုံးကြမယ့် ပါတီတွေဖြစ်ပါက ပါတီရံပုံငွေ သိန်းတစ်ထောင် နဲ့ ပါတီဝင် ဦးရေတစ်သိန်းရှိရမှာဖြစ်ပြီး ပြည်နယ်နယ်နမိတ်တစ်ခုမှာ စည်းရုံးကြမယ့် ပါတီတွေကတော့ ပါတီရံပုံငွေ သိန်းတစ်ရာ ပါတီဝင် ဦးရေ တစ်ထောင်ရှိရမယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဟာ ကချင်ပြည်နယ်မှာ အခုနှစ်ဆန်းပိုင်းလောက်က မြစ်ကြီးနား၊ ဝိုင်းမော်၊ ဖားကန့် နဲ့ ဗန်းမော်မှာရှိတဲ့ မြို့နယ်တွေမှာ လူဦးရေ စာရင်းလိုက်လံကောက်ခံထားပြီးလည်း ဖြစ်ပါတယ်။

Show More

Related Articles

Back to top button