Covid-19 Reportingသတင်း

ကချင်ပြည်နယ်တွင် Covid-19 သံသယ လူ စာရင်း ၂၉၀၀ ကျော် ရှိ

ကချင်ပြည်နယ် တစ်ပြည်နယ်လုံးတွင် Home Quarantine ထားရှိသည့် စောင့်ကြည့်သူ ဧပြီလ (၃)ရက်နေ့ထိ လူဦးရေ စုစုပေါင်း (၂၃၅၃) ဦး ရှိကြောင်း ကချင်ပြည်နယ်ကျန်းမာရေးဦးစီးဌာန မှ သိရသည်။

“လက်ရှိချိန်ထိတော့ Facility Quarantine စောင့်ကြည့်ထားသူကတော့ တစ်ပြည်နယ်လုံး (၆၂၁) ဦး၊ Home Quarantine (၂၃၅၃)ဦး၊ ဆေးရုံတွင်စောင့်ကြည့်ထားသူဦးရေ (၁၁) ဦး စုစုပေါင်း (၂၉၈၅)ရှိတယ်” ကချင်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ နော်ရှဲယ်တာ က ပြောသည်။

လက်ရှိ ဧပြီလ (၃)ရက်နေ့ထိ စာရင်းများအရ တရုတ်၊ မလေးရှား၊ ထိုင်း၊ အိန္ဒိယ၊ ဖိလစ်ပိုင်နိုင်ငံတို့မှ ပြန်လည်ရောက်ရှိလာသည့် ပြည်တော်ပြန်များနှင့် Positive လူနာများနှင့်ထိတွေ့ခဲ့သူများအား Facility Quarantine ထားရှိပြီး ပြည်တွင်းမှ မိမိဒေသသို့ ပြန်လည်ရောက်ရှိလာသူများအား Home Quarantine အဖြစ် ထားရှိခြင်းဖြစ်သည်။

“လူထုအနေနဲ့ စိုးရိမ်ရမှာကတော့ မိမိကိုယ်ကိုကာကွယ်ပါ။ နိုင်ငံတော်စကားကိုနားထောင်ပါ။ နိုင်ငံတော်စကားကို တစ်သွေမတိမ်းနားထောင်စေချင်တယ်။ မဟုတ်မမှန်သတင်းတွေ နားမထောင်ပါနဲ့။ ဌာနတိုင်းကိုလည်းပြောချင်တယ်။ နိုင်ငံတော်ကနေ ဒါကကောင်းတယ် ဒါကမမှန်ဘူးဆိုရင် မမှန်တဲ့ဟာကိုဖယ်ပေါ့။ ရန်ကုန်ကနေလာတယ်။ Contact လည်းမရှိဘူး။ Positive လူနာနဲ့လည်း အဆက်သွယ်မရှိတဲ့သူကို အတင်း Quarantine လုပ်ခိုင်းတာမျိုး အတင်းဖိအားပေးတာ၊ ခွဲခြားတာမလုပ်သင့်ဘူး။ ဒီချိန်မှာ အဲဒါကအရမ်းအရေးကြီးတယ်” ဟု ကချင်ပြည်နယ် ဒုကျန်းမာရေးမှူး ဒေါက်တာနော်ရှဲယ်တာက ဆိုသည်။

ကချင်ပြည်နယ်တွင် သံသယလူနာ (၂၀)ဦး ရှိခဲ့ပြီး ဓါတ်ခွဲစစ်ဆေးချက်အရ Negative ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

Case လူနာ (၁၇)နဲ့ ထိတွေ့ခဲ့သည့် ပေါက်ခေါင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးမျိုးမြင့်အောင် ပါဝင်စီးနှင်းခဲ့သည့် ဧပြီလ (၃)ရက်နေ့ မန္တလေးမှ မြစ်ကြီးနား အမှတ် (၃၃) အဆန်လေအိတ်ရထားတွင် ပါဝင်ခဲ့သည့်ခရီးသည်များလည်း မိမိကိုယ်ကို အသိပညာရှိစွာဖြင့် ပါဝင်ပူးပေါင်းစေလိုကြောင်းနှင့် ၎င်းတို့အား သိသူူများအနေဖြင့် ကျန်းမာရေးဌာနသို့ ဆက်သွယ်ပေးရန် ပြောသည်။

ကချင်ပြည်နယ် တစ်ပြည်နယ်လုံးတွင် Facility Quarantine ထားရှိရန် (၉၆) နေရာပြင်ဆင်ထားပြီး မြစ်ကြီးနားမြို့ပေါ်တွင် (၅)နေရာပြင်ဆင်ထားကာ ကျန်းမားရေးဝန်ထမ်းအားလုံး ၉၀၀ ကျော်ရှိသည်။

Related Articles

Back to top button