ငအိုး-ရွှေကူကြားက နေရာတစ်ချို့ကို တော်လှန်ရေးပူးပေါင်းတပ်ပြန်သိမ်းပိုက်

ကချင်ပြည်နယ် ရွှေကူမြို့နယ် ငအိုးရွှေကူကြားက ရှေ့တန်းနေရာတစ်ချို့ကို ပြီးခဲ့တဲ့လအတွင်း စစ်တပ်ထိုးစစ်ကြောင့် ယာယီ လက်လွှတ်ခဲ့ရပေမယ့် လက်ရှိမှာ KIA နဲ့ PDF ပူးပေါင်းတပ်တွေ ပြန်လည်သိမ်းပိုက်ထားနိုင်ပြီလို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက KNG ကို ပြောပါတယ်။

လက်ရှိ ပြန်သိမ်းပိုက်ထားတဲ့နေရာတွေထဲမှာ ငါးလမ်းဆုံ၊ ညောင်ပင်ကွေ့၊ လမ်ဘရော်၊ မန်ဝင်းလေး စတဲ့ ရွှေကူဗန်းမော် လမ်းပိုင်းက နေရာတွေပါဝင်ပြီး အဲဒီနေရာတွေမှာ တော်လှန်ရေးပူးပေါင်းတပ်တွေ ပြန်လည်နေရာယူထားတယ်လို့ သိရပါတယ်။

ရွှေကူဒေသခံအမျိုးသားတစ်ဦးကတော့ အဲဒီနေရာတွေကို တော်လှန်ရေးတပ်တွေ ပြန်ထိန်းချုပ်လိုက်တဲ့နောက် မန္တလေးဘက်ကနေ ရွှေကူကို စစ်ကြောင်းဝင်ဖို့ ခက်ခဲသွားပြီး စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကို ပိုလုပ်လာတယ်လို့ ပြောပါတယ်။

ဟိုတလော နှစ်ရက် သုံးရက်လောက်က အဖြစ်အပျက်တွေက အခုတိမ်းရှောင်သွားတဲ့ ငါးလမ်းဆုံ၊ ညောင်ပင်ကွေ့ အဲဒီနေရာ တွေမှာ PDF နဲ့ KIA တွေ နေရာပြန်ယူလိုက်ပြီး စောင့်ကြပ်လိုက်တာ ဖြစ်တဲ့အတွက် မန္တလေးဘက်က ကားတွေ ဒီဘက်ဝင်လို့ မရဘူး ဖြစ်သွားတယ်။ သူတို့ကတော့ နေ့တိုင်း အပေါ်က ဗုံးတွေချနေကြတာ။ အမြောက်သံတွေလည်း တစ်နေ့လုံး ကြားနေရ တယ်လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့လအတွင်း စစ်တပ်က ရွှေကူဘက်ကို လေကြောင်းအင်အားအများအပြား အသုံးပြုပြီး ထိုးစစ်ဆင်ခဲ့တာကြောင့် KIA နဲ့ PDF ပူးပေါင်းတပ်တွေဟာ ရှေ့တန်းနေရာတချို့ကနေ ယာယီဆုတ်ခွာခဲ့ရတာဖြစ်ပေမဲ့ လက်ရှိမှာ အဲဒီနေရာတွေကို ပြန်လည် သိမ်းပိုက်ထားနိုင်ပြီလို့ ဒေသခံတွေက ဆိုပါတယ်။

PSA

KNG က ရရှိထားတဲ့အချက်အလက်တွေအရ ဇူလိုင် ၆ ရက် ညနေပိုင်းမှာလည်း ရွှေကူမြို့နယ် အထက်လေးလမ်းဆုံနဲ့ အောက်လေးလမ်းဆုံအနီးကို စစ်တပ်က Y-12 လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ရွှေကူဒေသမှာ လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်နီးပါး ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ရွှေကူဒေသ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း ရွှေကူဗန်းမော်လမ်းပိုင်းမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲဖြစ်ပြီး ငအိုးရွှေကူ ကြားက နေရာအများစုကို တော်လှန်ရေးပူးပေါင်းတပ်တွေ ပြန်ထိန်းချုပ်ထားနိုင်တယ်လို့ ပြောပါတယ်။

ရွှေကူကနေ ဗန်းမော်ကိုချီတက်တဲ့လမ်းမှာပဲ အရင်ဖြစ်တဲ့နေရာတွေမှာပဲ တိုက်ပွဲက ဆက်ဖြစ်နေတာပါ။ ငအိုးနဲ့ ရွှေကူကြား ထဲမှာတော့ တော်လှန်ရေးဘက်က တော်တော်များများ တိုက်ခိုက်ယူထားတာတွေ ကြားရတယ်။ အဲဒီဘက်တွေကို ရွှေကူကနေ လက်နက်ကြီးတွေနဲ့ လှမ်းပစ်တာတွေ ကြားရတယ်။ ပြီးတော့ လေယာဉ်တွေလည်း ရံဖန်ရံခါ လာကြဲနေတာပဲလို့ သူက ပြောပါတယ်။

လက်ရှိမှာ စစ်တပ်က ရွှေကူမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် စစ်ရေးလှုပ်ရှားမှုတွေ ဆက်လုပ်နေပြီး တော်လှန်ရေးတပ် တွေ ပြန်လည်ထိန်းချုပ်ထားတဲ့ ရှေ့တန်းနေရာတွေကို ပြန်ရယူနိုင်ဖို့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

By – အမိုး

Show More

Leave a Reply

Back to top button