သတင်း

ဝါးရှောင်ကျေးရွာလမ်းမှ ဖရဲတင်ကုန်ကားများဖြတ်သန်းမှုကို ဒေသခံများ စိုးရိမ်

ဝိုင်းမော်မြို့နယ် ဝါးရှောင်ကျေးရွာတွင် ရပ်ကွက်လမ်းမှ ဖရဲသီး ကုန်တင်ကားကြီးများကို ဖြတ်သန်းခွင့်ပေးလိုက်သောကြောင့် ဒေသခံများက စိုးရိမ်နေကြသည်။

ဖရဲခင်းတွင် အလုပ်လုပ်နေသူများတွင် တရုတ်နိုင်ငံသားများလည်း ပါဝင်နေသဖြင့် Covid-19 ကူးစက်ရောဂါကို စိုးရိမ်ကာ ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံတစ်ဦးပြောသည်။

“ကျနော်တို့ရဲ့ ရပ်ကွက်အတွင်း အသုံးပြုနေတဲ့ လူသွားလမ်းကို ကုန်တင်ကားကြီးတွေကို မသွားစေချင်ဘူး။ ပြီးရင် အခုချိန်မှာတော့ အားလုံးသိတဲ့အတိုင်း ကိုရိုနာဗိုင်းရစ် ဖြစ်ပွားနေတဲ့ အချိန်လည်းဖြစ်တယ်။ ဒီအချိန်မှာ အင်မတန်မှ အသွားအလာတွေကို အင်မတန်မှ ကြပ်မတ်ပေးရမယ့် အချိန်လည်းဖြစ်တယ်။ အခု ဖရဲလုပ်ငန်းလုပ်တဲ့ လူတွေကလည်း တရုတ်တွေများတယ်။ ဒါကြောင့် ကျေးရွာအတွင်း ဖြတ်သွား ဖြတ်လာ မလုပ်စေချင်ဘူး” ဟု ဝါရှောင်ဒေသခံ ဦးဆန်ပန့် ပြောသည်။

ရွာလမ်းမှ ကုန်တင်ကားဖြတ်သန်းခွင့်မပေးရန် ကျေးရွာ ဒေသခံများ မတ်လ ၂၉ရက်နေ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံသို့ စာတင်ပြတောင်းဆိုမှုများ ပြုလုပ်ခဲ့သည်ဟု ပြောသည်။

ထို့နောက် တောင်းဆိုမှုများနှင့်ပတ်သက်ပြီး မတ်လ ၃၀ ရက်နေ့ မြို့နယ်အုပ်ချုပ်ရေးမှူးအဖွဲ့များဖြင့် ဆက်လက် ညှိနှိုင်းဆွေးနွေးရာတွင် ကျန်းမာရေးအတွက် စိုးရိမ်စရာမရှိအောင် ဆောင်ရွက်ပေးသွားမည်ဟု မြို့နယ်အုပ်ချုပ်ရေးဘက်မှ ပြောဆိုခဲ့ကြောင်း သူက ဆက်လက်ပြောဆိုသည်။

ဝါးရှောင်ကျေးရွာ ရပ်ကွက်(၄)နှင့် ရပ်ကွက်(၅) လူသွားလမ်းများမှ ကုန်တင်ကားကြီး သွားလာခွင့်မရရှိအောင် ဒေသခံများက ကန့်ကွက်ခဲ့ကြသော်လည်း မြို့နယ်အုပ်ချုပ်ရေးဌာန၏ ပြောဆိုမှုကြောင့် ဖြတ်သန်းခွင့် ပေးလိုက်ရကြောင်း သိရသည်။

ထို့ကြောင့် ဖရဲကုန်တင်ကားကြီး များမဝင်နိုင်ရန် တားမြစ်သည့် ဘားတိုင်များကို ရပ်ကွက်(၄)နှင့်ရပ်ကွက်(၅) လမ်းအဝင်တွင် မြင်တွေ့ရပါသည်။

“အုပ်ချုပ်ရေးမှူးအဖွဲ့ အနေနဲ့ ကျေးရွာလမ်းကို အသုံးပြုခွင့်ပေးတာက အဓိကတော့ ကျေးရွာဖွံ့ဖြိုးဖို့အတွက်လည်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒေသခံတွေအနေနဲ့ သွားလာရေး အခက်အခဲတွေအဆင်ပြေစေဖို့ လမ်းတွေ၊ တံတားတွေ အဆင်ပြေသွားမယ်။ နောက် အခုက ကုမ္ပဏီအနေနဲ့ အသီးကောက်ချိန်တန်နေပြီဖြစ်တယ်။ နေ့ချင်းညချင်း ကောက်ရတော့မယ်ဖြစ်တယ်။ ဒါက ရည်ရွယ်ချက်တွေပေါ့” ဟု ဝါရှောင်အုပ်ချုပ်ရေးမှူး ဦးရှမွေလ ပြောသည်။

ကုမ္ပဏီအနေဖြင့် အသီးကောက်ချိန် တစ်စုံတစ်ခုနှစ်နာမှုမရှိအောင် စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်သွားမည်ဟု သဘောတူခဲ့သည်ဟု သိရသည်။

နန့်ခမ်းကုမ္ပဏီ၏ ဖရဲစိုက်ခင်းမှာ ကျေးရွာ၏ အနီးတွင် စိုက်ပျိုးထားခြင်းကြောင့် ၎င်း လူသွားလမ်း လမ်းကြောင်း တစ်ခုဖြင့်သာ သွား၍ ရနိုင်ကြောင်း ပြောသည်။

 

Show More

Related Articles

Back to top button