ရွေးကောက်ပွဲဆိုင်ရာသတင်း

ပြည်နယ်အတွင်း မြို့နယ်အားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် KSPP ပါတီဖြင့်တွေ့ဆုံမေးမြန်းခြင်း

ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP ဟာ ပေါင်းစည်းပါတီသစ်ဖြစ်ပြီး အခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ကချင်ပြည်နယ်အတွင်းမြို့နယ် ၁၈ ခုအတွင်း မဲဆန္ဒနယ်အားလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ပြင်နေတယ်လို့ သိရပါတယ်။

လက်ရှိပါတီအတွင်း ကိုယ်စားလှယ်လောင်းရွေးချယ်ရေးအစီစဉ်နဲ့ပတ်သက်ပြီး ပါတီရဲ့ ဒုဥက္ကဌ တစ်ဦး ဦးကွမ်ကရောင်အောင်ခမ်းကို ကချင်သတင်းဌာန KNG က မေးမြန်းထားပါတယ်။

မေး – အခု KSPP က ရွေကောက်ပွဲအတွက်ဘယ်လိုလုပ်ဆောင်နေပြီလဲဆိုတာ ပြောပြပေးပါ။
ဖြေ – ကျွန်တော်တို့ ပထမဆုံးအနေနဲ့ ဒီရွေးကောက်ပွဲမှာဝင်ဖို့ စီစစ်ရွေးချယ်ရေးကော်မတီအဖွဲ့ကိုဖွဲ့ပါတယ်။ သူတို့အနေနဲ့ ဒေသအသီးသီးကိုအကြောင်းကြားပြီးမှ လူရွေးချယ်တဲ့ပုံစံမျိုးတွေ နာမည်ကောက်ခံပြီးမှ တင်ပြလာတဲ့အချိန်ဖြစ်ပါတယ်။

မေး – အဲ့ဒီ ကိုယ်စားလှယ်လောင်းရွေးချယ်ရေးကော်မတီမှာ ဒေသခံပြည်သူပါဝင်မှုက ဘယ်လောက်အတိုင်းအတာထိရှိလဲ။
ဖြေ – ပါတီဌာနချူပ်ရဲ့ nomination မှာကျတော့ ဗဟိုအလုပ်မှုဆောင်က လူတွေဘဲဖြစ်ပါတယ်။ ရွေးချယ်တဲ့နေရာမှာ ဒေသခံတွေကနေ ပါဝင်တာကတော့အကုန်လုံး မြို့နယ်အသီးသီး အခြေခံဘက်မှာကျတော့ လူငယ်တို့ အမျိုးသမီးအဖွဲ့အစည်းတို့ NGO တို့ ယဉ်ကျေးမှုတို့အကုန်လုံး ပါဝင်ပြီးမှ ဖွဲ့စည်းထားခြင်းဖြစ်ပါတယ်။

မေး – လူရွေးချယ်တဲ့နေရာမှာ မြို့နယ်အလိုက်ဘယ်လိုမျိုး ရွေးချယ်ဖို့လုပ်ထားလဲ။
ဖြေ – ကျွန်တော်တို့အဓိက နှစ်မျိုးရှိပါတယ်။ ပထမအချက်အနေနဲ့ မြို့နယ်ကိုယ်စားလှယ်တွေ မြို့နယ်ဘက်ကနေ သူတို့အနေနဲ့ ရွေးချယ်မဲ့ရွေးကောက်ပွဲမှာဝင်မည့်သူတွေရဲ့ စာရင်းတင်ပြပါတယ်။ ဒုတိယအချက်အနေနဲ့တော့ ဒီ KSPP ရဲ့ဗဟိုဌာနချူပ်ကနေ ဝင်မဲ့သူတွေရဲ့စာရင်းကိုလည်းလုပ်ပြီးမှ နှစ်ဖက်စလုံးကိုမျှပြီးမှ ဘယ်လိုမျိုးလုပ်မယ်ဆိုတာကို ညှိနှိုင်းပြီးမှလုပ်ပါတယ်။

အဲ့ဒီနေရာမှာ ကျွန်တော်တို့ အဓိကထားတာကတော့ လူငယ်တွေပါရမယ်၊ အမျိုးသမီးတွေပါရမယ်။ နောက်ပြီးမှ ပါတီပေါင်းစီးရေးဆိုတဲ့နေရာမှာ ပါတီအသီးသီးက ပုဂ္ဂိုလ်တွေလည်းပါရမယ်။ ဒီကချင်ပြည်နယ်မှာမှီတင်းနေထိုင်တဲ့ လူတွေလည်းအကုန်လုံးပါဝင်ဖို့ လမ်းကြောင်းဖွင့်ထားပါတယ်။ ဒါကြောင့်အကုန်လုံး အလွှာအသီးသီးက စုံမှာဖြစ်ပါတယ်။

မေး – လူငယ်နဲ့အမျိုးသမီး ပါဝင်မှုနှုန်းက ရာခိုင်နှုန်းအားဖြင့် ဘယ်လောက်လောက်သတ်မှတ်ထားလဲ။
ဖြေ – ရာခိုင်နှုန်းအနေနဲ့က သတ်မှတ်ထားခြင်းမရှိပါဘူး။ ဘာလို့လဲဆိုတော့ အကုန်လုံးပြောနေတာတော့ ၃၀ ရာခိုင်နှုန်းပေါ့။ ၃၀ ရာခိုင်နှုန်း ပြည့်ချင်မှပြည့်မှာ။ များရင်လည်း များမယ်။ ဒါပေမဲ့ကျွန်တော်တို့က ပြည့်တယ်မပြည့်ဘူးဆိုတာထက် ဘယ်သူက စွမ်းဆောင်ရည်ရှိမလဲ။ ဘယ်သူက လုပ်နိုင်မလဲဆိုတဲ့ အပေါ်မူတည်ပြီးတော့ လုပ်ပါလိမ့်မယ်။

မေး – ရှမ်းပြည်ဘက်မှာကော ဝင်ရောက်ယှဉ်ပြိုင်ဖို့ မြို့နယ်ဘယ်လောက်မှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့လုပ်ထားလဲ။
ဖြေ – ကျွန်တော်တို့ KSPP အနေနဲ့တော့ ကချင်ပြည်နယ်အတွင်းမှာဘဲပြိုင်မှာပါ။ ကချင်ပြည်နယ်ကို အဓိကထားပြီးတော့မှ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်လည်း ၁၈ မြို့နယ်ကိုဘဲ အဓိကထားပါတယ်။ ရှမ်းပြည်နယ်မှာကျတော့ ရှမ်းပြည်နယ် ကချင်အမျိုးသားပါတီတွေ တစ်ခြားဟာတွေရှိပါတယ်။ ဒါကြောင့်သူတို့ဘဲ တာဝန်ယူမယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ကချင်ပြည်နယ်မှာရှိတဲ့ ၁၈ မြို့နယ်အကုန်လုံး ပြိုင်ဖို့ရှိပါတယ်။ စုစုပေါင်းကတော့ ၆၈ ဦး အကုန်လုံး ပြိုင်ဖို့ဖြစ်ပါတယ်။

မေး – ဒီလွှတ်တော်ကိုယ်စားလှယ် ဝင်ရောက်ယှဉ်ပြိုင်ဖို့ရဲ့ နောက်ဘာအရည်အချင်းတွေ သတ်မှတ်ထားလဲ။
ဖြေ – ဒီဟာတော့ သူတို့အနေနဲ့ Form ဖြည့်ရပါမယ်။ Form ဖြည့်ပြီးမှ မြို့နယ်ဘက်ကဆိုလည်း မြို့နယ်ကော်မတီတွေနဲ့ ညှိနှိုင်းတယ်။ သူတို့ရဲ့လုပ်ဆောင်စွမ်းအားဘယ်လောက်ရှိလဲ။ စည်းရုံးမှုဘယ်လောက်ရှိလဲ။ အဲ့ဒီဒေသမှာ မည်သည့်လူမျိုးစုက ကြီးသလဲ အဲ့ဒီအချက်တွေအပါ ငွေရေးကြေးရေးကအစ ကိုယ့်ဟာကိုယ် တာဝန်ယူရတဲ့အပိုင်းတွေလည်း ဖြစ်ပါတယ်။ ဒါကြောင့် ငွေရေးကြေးရေးကအစ စည်းရုံးမှုအင်အား ပညာအရည်အချင်း နိုင်ငံရေးအရည်အချင်းအကုန်လုံးကြည့်ပြီးမှ ရွေးချယ်ရတာဖြစ်ပါတယ်။

မေး – အခုရွေးချယ်မှုအခြေအနေက ဘယ်လောက်ထိ ဘယ်အဆင့်ထိ ရှိနေပြီလဲ။

ဖြေ – အခုမှ စပြီးမှရွေးချယ်ပါတယ် မြို့နယ်ကတော့ မြို့နယ် ၁ ခု ၂ ခုလောက်ဘဲရှိပါသေးတယ်။ ဆက်တိုက်ရွေးချယ်မှာပါ ဒီကြားထဲမှာတော့ ဒီဇွန်လမှာတော့ ပြီးမယ်လို့တော့မထင်ပါဘူး။ ဒါမဲ့ ပြီးရင်လည်း ပြီးမှာပေါ့ ဇွန်လိုင်လမှာတော့ နောက်ဆုံးဖြစ်ပါလိမ့်မယ်။

မေး – တစ်ချို့တွေ ဝေဖန်နေတာတွေရှိတယ် KSPP ကပြည်သူတွေနဲ့ပူးပေါင်းဖို့အားနည်းတယ်ဆိုပြီး ပြောဆိုနေတဲ့ပေါ်မှာလည်း သုံးသပ်ပေးပါ။
ဖြေ – ကျွန်တော်တို့လည်း အခု မြို့နယ်ကော်မတီတွေရှိမယ် ဗဟိုကော်မတီရှိမယ်၊ ဗဟိုအလုပ်မှုဆောင်ရှိမယ်၊ လူငယ်ဌာနတွေရှိမယ် ၊ အမျိုးသမီးတွေရှိမယ်။ သူ့ဟာနဲ့သူ မြို့နယ်တိုင်းမှာလုပ်နေတဲ့အပိုင်းတွေရှိပါတယ်။ ဒါကြောင့် ပြည်သူလူထုနဲ့ တိုက်ရိုက်ထိတွေ့မှု ဆက်ဆံမှုက ကြီးကြီးကျယ်ကျယ် ရှိချင်မှရှိမယ်။ ဘာကြောင့်လဲဆိုတော့ အခုအခြေအနေမှာ covid-19 ကျန်းမာရေးအခြေအနေအရရော ပြည်သူလူထုနဲ့ ဆက်ဆံဖို့လည်း အခက်အခဲရှိတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ ပါတီထဲကလူတွေလည်း ငွေရေးကြေးရေးအခက်အခဲရှိတယ်။ ဒါကြောင့်လည်း ဒီ NLD လို အစိုးရလိုပုံစံမျိူးနဲ့တော့ ကြီကြီးကျယ်ကျယ် လုပ်ဆောင်ဖို့တော့ ခက်ပါတယ်။

မေး – အောက်ခြေမှာ လက်တွေ့ကွင်းဆင်းလို့မရဘဲနှင့် အွန်လိုင်းနှင့်ဘဲလုပ်ရမယ်ဆိုလို့ရှိရင်ကော ဘယ်လိုမျိုးစီစဉ်မှုတွေရှိလဲ။
ဖြေ – ကျွန်တော်တို့အနေနဲ့ မီဒီယာ team ရှိပါတယ်။ နောက်ပြီးတော့ facebook ရှိတယ်။ လူငယ်တွေကလည်း သူတို့ facebook ရှိတယ်။ မြို့နယ်တွေကလည်း တစ်ချို့မြို့နယ်တွေဆိုရင် facebook ကအဆင်သင့်ဖြစ်နေပြီ။ သုံးလည်းသုံးနေပြီး တစ်ချို့တွေလည်း KSPP မြို့နယ် facebook တွေကို သူတို့အသုံးပြုပါလိမ့်မယ်။ လုပ်လည်းလုပ်နေပါတယ်။ နောက်ပြီး အဲ့ဒီအွန်လိုင်းကနေတစ်ဆင့် အသံဖိုင်ဘဲဖြစ်ဖြစ် ရုပ်ဖိုင်ဘဲဖြစ်ဖြစ် ဒီကနေ ကျွန်တော်တို့ Policy တွေ ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုတွေအမြဲလွင့်မှာပါ။ မီဒီယာတွေနဲ့လည်း ထိတွေ့ဆက်ဆံပြီးမှ အင်တာဗျူးလုပ်တဲ့ဟာမျိုးတွေလည်း ကျွန်တော်လုပ်ဖို့ အမြဲတမ်းအစီစဉ်ရှိပါတယ်။ ဘာလို့လဲဆိုတော့ ဒါတွေက ခုခေတ်အခြေအနေရ မီဒီယာဟာ အင်မတန်မှ အရေးကြီးတယ်။ အွန်လိုင်းအစီအစဉ် က အလွန်အရေးကြီးတယ်။ ဒါကိုမျက်ခြေပျက်လို့မရပါဘူးဆိုတာ ပြောလိုပါတယ်။

မေး – လွတ်တော်ကိုယ်စားလှယ် ရွေးချယ်စီစစ်ဖို့ ဒီကိစ္စနှင့် ပတ်သက်ပြီး ဘာတွေဖြည့်စွပ်ပြီးပြောချင်လဲ။
ဖြေ – ကျွန်တော်တို့ဟာ ပါတီတွေပေါင်းစည်းဖို့ သွားခြင်းဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဘုံသဘောတူညီမှုနှင့်ဘဲ သွားလို့ရပါတယ်။ တစ်ဖြည်းဖြည်းချင်းနှင့် ကျွန်တော်တို့ဟာ ကျယ်ကျယ်ပြန့်ပြန့်နှင့် ပြည်သူလူထုရဲ့အကျိုးတွေကို သယ်ပိုးဆောင်ရွက်ဖို့ရှိပါတယ်။ ဒါကတော့ ကျွန်တော်တို့ရဲ့ Policy ဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ အကျိုးကိုသယ်ပိုးဖို့ အမြဲတမ်းအစီစဉ်ရှိပါတယ်ဆိုတာကို ပြောချင်ပါတယ်။

Show More

Related Articles

Back to top button