ရွှေကူမြို့အနီး တိုက်ပွဲဆက်ဖြစ်၊ ဒရုန်းနဲ့ ၃ ရက်ဆက် ဗုံးကြဲ
ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်ကောင်စီတပ်ကလည်း ဒရုန်းနဲ့ ၃ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာ ၇ ရက် ည ၇ နာရီခန့်မှာ ရွှေကူမြို့အနီး ရွှေဘုန်းမြင့်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို KIA ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။
“တိုက်ပွဲဖြစ်နေလို့ မနေ့ကတော့ ဂျက်ဖိုက်တာနဲ့ နှစ်ကြိမ် ဗုံးလာကြဲသွားတယ်။ ဒရုန်းနဲ့ကတော့ ၃ ရက်ဆက်တိုက်ပဲ။ ဒီနေ့မနက် (အောက်တိုဘာ ၉ ရက်) အခုလေးတင်ကို ဒရုန်းနဲ့ ပတ်ပြီး ဗုံးကြဲနေတာ။ ပန်းတင်၊ မြိုင်သာဘက်တွေအထိ ရှိတယ်။ ထိခိုက်ပျက်စီးတာကတော့ လူနေအိမ်တွေပဲ” လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ အောက်တိုဘာ ၈ ရက်မှာ စစ်ကောင်စီတပ်က ပန်းတင်၊ မြိုင်သာ၊ လမ်းကူး၊ ငှက်တံတား၊ ရွှေဘုန်းမြင့်နဲ့ ဝင်ဝကျေးရွာတွေဘက်ကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့သလို ဒရုန်းနဲ့လည်း ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လအထိ ရွှေကူမြို့နယ်အတွင်း KIA ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ ကျေးရွာတွေဘက်မှာ မြေပြင်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပေမဲ့ စစ်ကောင်စီတပ်ဘက်က အထိနာပြီး ပြန်ဆုတ်သွားတဲ့နောက် အဲဒီကျေးရွာတွေဘက်မှာ တိုက်ပွဲတွေ ငြိမ်သက်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါပေမဲ့ ရွှေကူမြို့နဲ့ အနီးတစ်ဝိုက်မှာတော့ တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲလို့ ရွှေကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) တာဝန်ရှိသူတစ်ဦးက KNG ကို ပြောပါတယ်။
“ရွာတွေဘက်တော့ မလာတော့ဘူး။ မြို့အနီးတစ်ဝိုက်တော့ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။ မနေ့ကလည်း အထက်လေးလမ်းဆုံနားမှာ စကစတွေ ရှိနေသေးလို့ အဲဒီကို သွားတိုက်တာ၊ တိုက်ပွဲဖြစ်တယ်။ သူတို့လည်း ပြန်ဆုတ်သွားပြီ။ မြို့ထဲ ပြန်ဝင်သွားတယ်” လို့ အဲဒီ ပ.က.ဖ တာဝန်ရှိသူက ပြောပါတယ်။
ဒါ့အပြင် အောက်တိုဘာ ၆ ရက်မှာလည်း အထက်လေးလမ်းဆုံ၊ ရွှေဘုန်းမြင့်ကျေးရွာအနီးနဲ့ ခတ်ခုံကျေးရွာအနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေနဲ့ KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ရွှေဘုန်းမြင့်ကျေးရွာအနီး တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က အကျအဆုံးများခဲ့တာကြောင့် နောက်တစ်နေ့မနက်မှာ မြို့ထဲ ပြန်ဆုတ်သွားတယ်လို့ ရွှေကူ ပ.က.ဖ တာဝန်ရှိသူက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ဒီနှစ် ဇွန်လကစပြီး ရွှေကူ–ငအိုး ကားလမ်းပိုင်းကနေတစ်ဆင့် ထီးချိုင့်နဲ့ တကောင်းဘက်က စစ်အင်အားအများအပြားကို ရွှေကူမြို့ထဲ ဖြည့်တင်းခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် ထီးချိုင့်နဲ့ တကောင်းဘက်က ဝင်လာတဲ့ စစ်အင်အားတွေနဲ့ ရွှေကူမြို့မှာ ရှိနေတဲ့ တပ်တွေကို ပေါင်းပြီး ဇွန်လ ၁၀ ရက်ကျော်ကစကာ ရွှေကူမြို့နယ်အတွင်း ကျေးရွာတွေဘက်ကို စစ်ကြောင်း ၄ ကြောင်းခွဲပြီး စစ်မျက်နှာ ၄ ခု ဖွင့်ကာ ထိုးစစ်ဆင်ခဲ့တာ ဖြစ်ပါတယ်။
By – Zaw Zaw




