ဖားကန့်လမ်းပိုင်းပျက်စီးမှုကြောင့် ကုန်ကားတွေ ထွန်စက်နဲ့ ဆွဲတင်ပြီး သွားလာနေရ

ဖားကန့်သွားလမ်း ကားမိုင်း–နန့်ယားလမ်းပိုင်းတစ်လျှောက် လမ်းပျက်စီးမှု ဆိုးရွားနေတာကြောင့် ကုန်တင်ကားကြီးတွေကို ထွန်စက်ကြီး၊ ဆင်တွေနဲ့ ဆွဲတင်ပြီး သွားလာနေရတယ်လို့ ကားသမားတွေပြောပါတယ်။

ကားမိုင်းမြို့အထွက် မအူပင်ကျေးရွာကနေ နန့်ယား၊ နန့်တိန့်ကျေးရွာအထိ ကားလမ်းပိုင်း ပျက်စီးနေတာ ခုဆိုရင် ၂ လကျော်ရှိလာပြီဲဖြစ်တဲ့အတွက် ဖားကန့်ဘက်အတက်အဆင်းသွားလာနေတဲ့ ကုန်တင်ကားတွေ ခရီးကြန့်ကြာမှုကြုံနေရတယ်လို့ လမ်းပိုင်းအသုံးပြုနေတဲ့ ကားသမားတွေက ပြောပါတယ်။

လက်ရှိမှာ လမ်းပိုင်းတစ်လျှောက် ရာနဲ့ချီတဲ့ ကုန်တင်ကားတွေ ပိတ်ဆို့နေပြီး ကားတွေကို ထွန်စက်ကြီးတွေ၊ ဆင်တွေနဲ့ ဆွဲတင်တာအပြင် ကားအချင်းချင်း ပြန်ဆွဲတင်ပြီး သွားလာနေရတယ်လို့ နန့်ယားဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။

“အခုက လမ်းပျက်စီးနေတာ တအားဆိုးတော့ လမ်းအတိုင်းတောင် သွားလို့မရဘူး။ ကုန်တင်ကားတွေဆိုရင် ထွန်စက်တွေနဲ့ ဆွဲတယ်။ မရရင် ဆင်နဲ့ ပြန်ဆွဲတယ်။ တချို့က ကားအချင်းချင်း ပြန်ဆွဲတင်ပြီး သွားနေတာ” လို့ သူက ပြောပါတယ်။

ဒါ့အပြင် လမ်းပိုင်းတချို့မှာ ရွံ့ဗွက်တွေ ထူထပ်နေတာကြောင့် ကားဘီးတစ်ခုလုံးနှစ်ဝင်သွားတဲ့အထိ လမ်းအခြေအနေ ဆိုးရွားနေတယ်လို့ သိရပါတယ်။

ခုလို ပုံမှန်အတိုင်း သွားလာဖို့ခက်ခဲလာတဲ့အတွက် ကုန်တင်ကားတချို့နဲ့ ကယ်ရီသမားတချို့ဟာ ကွင်းလမ်းတွေ ဖောက်ပြီး ခက်ခက်ခဲခဲ သွားလာနေရတယ်လို့ ဆိုပါတယ်။

ဖားကန့်လမ်းပိုင်း ပျက်စီးတာဟာ ပြီးခဲ့တဲ့ ဩဂုတ်လနောက်ပိုင်း ရေကြီးရေလျှံမှုတွေကြောင့် ပျက်စီးခဲ့တဲ့နေရာတွေမှာ ကုန်တင်ကားတွေ ဆက်လက်ဖြတ်သန်းသွားလာနေတာကြောင့် ပိုပြီးဆိုးလာတာဖြစ်တယ်လို့ နန့်ယားဒေသခံတွေက ပြောပါတယ်။

မြစ်ကြီးနား–ဖားကန့် ကားလမ်းပိုင်းဟာ ပုံမှန်အခြေအနေမှာ နေ့ချင်းပေါက် သွားလာနိုင်တဲ့ လမ်းကြောင်းဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိမှာ လမ်းခရီးအခက်ခဲကြောင့် ညအိပ်ခရီးစဉ်အဖြစ် သွားလာနေရတယ်လို့ ကားသမားတွေက ပြောပါတယ်။

ဒါကြောင့် ဖားကန့် ဒေသအတွက် အဓိက ကုန်စည်သယ်ယူပို့ဆောင်ရေးလမ်းကြောင်းဖြစ်တဲ့ ကားမိုင်း–နန့်ယားလမ်းပိုင်းကို အမြန်ဆုံး ပြုပြင်ပေးဖို့ လိုအပ်နေတယ်လို့ ကားသမားတွေက တောင်းဆိုနေကြပါတယ်။

ဒါပေမဲ့ လက်ရှိမှာ စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ကြား စစ်ရေးတင်းမာမှု မြင့်တက်နေဆဲဖြစ်တာကြောင့် လမ်းပြုပြင်ရေးလုပ်ငန်းတွေကို စစ်ရေးအခြေအနေ တည်ငြိမ်တဲ့အချိန်မှသာ လုပ်ဆောင်သင့်တယ်လို့ ဖားကန့်ဒေသက တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“လမ်းကြောကိစ္စက အခြေအနေတစ်ခုရောက်မှ လုပ်သင့်တယ်လို့ မြင်ပါတယ်။ ဘယ်လိုအခြေအနေလဲဆိုတော့ စစ်ရေးနည်းနည်းလေး ငြိမ်သွားတဲ့အချိန်၊ နှစ်ဖက်စစ်ရေး စိတ်ချရတဲ့အချိန်မှာ လုပ်ရင် ပိုကောင်းမယ်လို့ ထင်ပါတယ်။ ဒါဟာ ပြည်သူတွေကို ငဲ့ကွက်ပြီး ပြောနေတာဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။

စစ်ရေးမတည်ငြိမ်သေးတဲ့အချိန်မှာ လမ်းပြုပြင်ရေးလုပ်ငန်းတွေ လုပ်ဆောင်မယ်ဆိုရင် ပြည်သူတွေရဲ့ အသက်အန္တရာယ် ပိုမိုစိုးရိမ်ရနိုင်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

အောက်တိုဘာလ ၇ ရက်နေ့မှာ  စစ်တပ်က ဦးဆောင်ပြီး ဖားကန့် ကားမိုင်း – နန့်ယားလမ်းပိုင်းပြုပြင်ဖို့ စုပေါင်းရုံးမှာ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ လုပ်ငန်းရှင်ကုမ္ပဏီတာဝန်ရှိသူများနဲ့ ရပ်မိရပ်ဖတစ်ချို့ပါဝင်ပြီး အစည်းအဝေးခေါ်ယူလုပ်ဆောင်ခဲ့ပါတယ်။

အစည်းအဝေးလုပ်နေတဲ့အချိန်အတွင်းမှာပဲ ဒရုန်းပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် ကချင်လုပ်ငန်းရှင်တစ်ဦးနဲ့ စျေးသည်တစ်ဦးသေဆုံးကာ အစည်းအဝေးတက်ရောက်သူ ၅ ဦးထက်မနည်း ထိခိုက်မှုရှိခဲ့ပါတယ်။

ကားမိုင်း–နန့်ယား–ဖားကန့်လမ်းပိုင်းဟာ မိုးတွင်းကာလ ရေကြီးရေလျှံမှုတွေကြောင့် နှစ်စဉ်ပျက်စီးမှုတွေ ကြုံတွေ့နေရပေမယ့် ၂၀၂၆ ခုနှစ်မှာတော့ အဆိုးရွားဆုံးအခြေအနေကို ရင်ဆိုင်နေရတာဖြစ်တယ်လို့ သိရပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Leave a Reply

Back to top button