မဲဇာကို ပြန်လည်ထိန်းချုပ်ဖို့ စစ်တပ်ထိုးစစ်ဆင်၊ တိုက်ပွဲပြင်းထန်နေ

စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်က မဲဇာ စံပြကျေးရွာကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်တပ်က အင်အား ၅၀၀ ဝန်းကျင်နဲ့ ထိုးစစ်ဆင်လာပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်နေသလို လေကြောင်းတိုက်ခိုက်မှုတွေလည်းရှိနေတယ်လို့ ဒေသခံသတင်းရင်းမြစ် တွေက ပြောပါတယ်။

အောက်တိုဘာ ၆ ရက်နေ့မှာ အင်းတော်မြို့ဘက်ကနေ မဲဇာရွာကို ဦးတည်စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို တော်လှန်ရေးတပ် တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အောက်တိုဘာ ၉ ရက်အထိ လေးရက်ဆက် တိုက်ပွဲဖြစ်ပွားနေတာလို့ သိရပါတယ်။

အင်းတော်ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ အောက်တိုဘာ ၈ ရက်နေ့မှာ မဲဇာနဲ့ သံဘိုကြားတစ်ဝိုက်မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

“မနေ့ကညနေက လေယာဉ်နဲ့ဗုံးကြဲတယ်။ တိုက်ပွဲတွေဖြစ်တယ်ဆိုတာကတော့ မဲဇာကို စစ်တပ်က ပြန်ထိုင်မှာလေ။ သူတို့ အဲ့ဒီကို စစ်ကြောင်းထိုးတာဆိုတော့ လမ်းပိုင်းမှာတွေ တိုက်ပွဲဖြစ်တာပေါ့။ ဒါပေမဲ့ အခု နန့်သဲထိပ်ရောက်သွားပြီတဲ့။ မဲဇာနားလေးက နန့်သဲကို ရောက်သွားပြီတဲ့”လို့ အင်းတော်ဒေသခံက အောက်တိုဘာ ၈ ရက် ညပိုင်းမှာ ပြောပါတယ်။

အဲဒီအချိန်မှာ စစ်တပ်စစ်ကြောင်းဟာ မဲဇာနဲ့ တစ်မိုင်ဝန်းကျင်သာ ကွာဝေးတဲ့ အလယ်ဆိပ်ရွာမှာ ရှိနေသေးတယ်လို့လည်း ဒေသခံက ပြောပါတယ်။

“အင်အားက ၅၀၀ လောက်တဲ့။ တိုက်ပွဲက သံဘိုနားတစ်လျှောက်မှာဖြစ်တယ်။ မဲဇာနဲ့ သံဘိုကြား အဲ့နားမှာဖြစ်တယ်။ အခုလောလောဆယ်က အလယ်ဆိပ်ရွာမှာ စစ်တပ်ကရှိနေတုန်းတဲ့။ မဝေးဘူး မဲဇာနဲ့ တစ်မိုင်လောက်ပဲရှိတယ်။ ရောက်တော့မှာ၊ မနက်ဖြန်ဆို မဲဇာရောက်ပြီ”လို့ အဲဒီဒေသခံက ဆက်ပြောပါတယ်။

စစ်တပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့် မဲဇာရွာအတွင်း နေအိမ်တွေ မီးလောင်တာတွေရှိပြီး မဲဇာရွာ အပါအဝင် အနီးဝန်းကျင်ကျေးရွာ ၈ ရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ဒါပေမဲ့ အင်တာနက်နဲ့ဖုန်းလိုင်းအခက်အခဲကြောင့် အဆိုပါဒေသခံတွေ နဲ့ အဆက်အသွယ်ရရှိဖို့ ခက်ခဲနေပါတယ်။

မဲဇာစံပြကျေးရွာဟာ အိမ်ခြေ ၁,၀၀၀ ကျော်ရှိပြီး မန္တလေး–ရွှေဘို–မြစ်ကြီးနား ရထားလမ်းပေါ်မှာ တည်ရှိတဲ့ အချက်အချာကျတဲ့ ကျေးရွာတစ်ခုဖြစ်ပါတယ်။

ဒီတစ်ကြိမ် စစ်ကြောင်းထိုးလာမှုဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်က KNG ဖော်ပြခဲ့တဲ့ မန္တလေးဘက်ကနေ မြောက်ဘက်ကို ဦးတည်လာတဲ့ စစ်ယာဉ်တန်း အစီး ၃၀၀ ကျော်နဲ့ ဆက်စပ်တဲ့ စစ်ကြောင်းတွေလို့သိရပါတယ်။

ဒါ့အပြင် ဒီရက်ပိုင်းအတွင်းမှာ လည်း ထီးချိုင့်ကနေ ကသာကိုဦးတည်တဲ့ခြေလျင်စစ်ကြောင်းတွေဆက်လက်ထွက်ခွာ လာနေတယ်လို့ ကသာနဲ့ထီးချိုင့်ကစစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

ဒေသခံသတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်တွေအရ မဲဇာကို ပြန်လည်ထိန်းချုပ်နိုင်ရေး စစ်တပ်ရဲ့ ထိုးစစ်ကြောင့် အင်းတော်မြို့နယ်အတွင်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး လက်ရှိအခြေနေမှာတော့ မဲဇာရွာကို အပြည့်အဝ ထိန်းချုပ်နိုင်ခြင်းရှိ၊ မရှိကိုတော့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

By – အမိုး

Show More

Leave a Reply

Back to top button