သတင်းအင်တာဗျူး

ဗိုလ်ချုပ်ပုံငွေစက္ကူထက် ဗိုလ်ချုပ်ကတိကဝတ်သာ အရေးကြီးသည်

လာမည့် ဇူလိုင်လ ၁၉ ရက် အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းပုံဖြင့် ကျပ် ၅၀၀ တန် ငွေစက္ကူကို ထုတ်ဝေမည်ဟု အစိုးရက ကြေငြာထားသည်။

လွန်ခဲ့သည့် ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့တွင်လည်း ကျပ် ၁၀၀၀ တန် ငွေစက္ကူကို ထုတ်ဝေခဲ့ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်တွင် ဗိုလ်ချုပ်အောင်ဆန်းပုံဖြင့် ငွေစက္ကူ ၂ မျိုး ထုတ်ဝေခဲ့ပြီ ဖြစ်သည်။

သို့သော်ပြည်ထောင်စုအဖြစ်ပေါင်းစည်းခဲ့ရာတွင် ဦးဆောင်ပါဝင်ခဲ့သော တိုင်းရင်းသားခေါင်းဆောင်များ၏ အခန်းကဏ္ဍပျောက်ဆုံးနေမှုပေါ် ကချင်လူထုခေါင်းဆောင်များက မေးခွန်းထုတ်နေကြပါသည်။

ဒေါက်တာကောန်လ
ကချင်အမျိုးသားကွန်ကရက်ပါတီ

“အမျိုးသားလက္ခဏာတစ်ခုဖြစ်တဲ့ ငွေစက္ကူပေါ်မှာ ဗမာလူမျိုးစုခေါင်းဆောင်လွတ်လပ်ရေးရဲ့ ဖခင်ကြီးဆိုပြီး တစ်သက်လုံး သိမ်းသွင်းလာတဲ့ အယူအဆက မေးခွန်းထုတ်စရာတွေဖြစ်လာတာပေါ့။ ငွေစက္ကူပေါ်မှာ တစ်တိုင်းပြည်လုံး ကိုကိုယ်စားပြုမယ့်ဟာကို စဉ်းစားရမယ်ဖြစ်တယ်။ တစ်ခါရိုက်နှိပ်ပြီးရင် တည်မြဲဖို့က လိုတာပေါ့။ ပြောချင်တာက လူမျိုးစု ၈ စုထဲမှ နိုင်ငံရဲ့ ပုံရိပ်တွေကို အကျိုးဖြစ်ထွန်းခဲ့ကြတဲ့ ခေါင်းဆောင်တွေရဲ့ ပုံရိပ်တွေကို ဖော်ပြဖို့တော့ လိုတယ်”

ဒေါ်ဆွတ်ဆိုင်းထွယ်
ကချင်လူငယ်ခေါင်းဆောင်တစ်ဦး

“ပြည်နယ်တွေအားလုံးကို စုထားတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံကြီး ဖြစ်ပါတယ်။ အဲ့ကြောင့် ပြည်နယ်အသီးသီးမှာ နိုင်ငံရေးမှာ ကြိုးစားခဲ့ကြတဲ့ သူရဲကောင်းတွေ လွတ်လပ်ရေး ခေါင်းဆောင်တွေ အများကြီးရှိတယ်။ သူတို့ကိုလည်း ကျမတို့က မေ့ထားလို့မရဘူး။ ဘာကြောင့်လဲဆိုတော့ ကျမတို့ မြန်မာနိုင်ငံက ဒီမိုကရေစီကိုပဲ အသွင်ဆောင်နေတာမဟုတ်ဘူး။ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီဘက်ကို သွားနေတာဖြစ်တယ်။ အဲ့ကြောင့်တစ်ပြည်ထောင်ပုံစံမျိုးမဖြစ်သင့်ဘူး။ နောက် ဗိုလ်ချုပ်ရဲ့ပုံနဲ့ ငွေစက္ကူမှာထပ်ပြီး အသုံးပြုမယ့်အစားဗိုလ်ချုပ်သူပေးခဲ့တဲ့ အဲ့ကတိကဝတ်တွေက ပိုပြီးအရေးကြီးတယ်။”

ဦးလွမ်းဇောင်း
All Kachin Youth Union

“၂၀၁၇-၁၈ ကစပြီးမှ NLD အစိုးရက ဗိုလ်ချုပ်ကြေးရုပ်ထုတွေကို တိုင်းရင်းသားဒေတွေမှာ အားစိုက်ပြီး စိုက်ထူ လုပ်ဆောင်ခဲ့ ကြတယ်။ အဲ့ဒါကို တစ်ဖက်မှာကြည့်တော့ ဗမာလူမျိုးလွှမ်းမိုးမှုဖြစ်တယ်လို့ ယူဆရတယ်။ အခုလည်း ငွေစက္ကူကို ပြန်ပြီးထုတ်လာကြတာပေါ့။ NLD ကိုယ်တိုင်ကလည်း အစိုးရဖြစ်လာတဲ့ နောက်ပိုင်းမှာ ဗမာလူမျိုးကြီး လွှမ်းမိုးမှု သဏ္ဍန်ကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ခဲ့တယ်။ ဒီအရာက တကယ်တော့ တစ်မျိုးထဲကိုဘဲ ကိုယ်စားပြုလုပ်ဆောင်နေတယ်လို့မြင်တယ်။ ဒါကမဖြစ်သင့်ဘူးပေါ့နော်။ ဘာကြောင့်လဲဆိုတော့ ပြည်ထောင်စု မြန်မာနိုင်ငံကို တည်ဆောင်ခဲ့တာက ဗိုလ်ချုပ်အောင်ဆန်းပဲ မဟုတ်ဘူး။ အဓိကတော့ ပင်လုံကတိစာချုပ်ကနေစခဲ့တာပေါ့။ ဒါကြောင့်မို့ အမှန်တကယ်သည် ပြည်ထောင်စု မြန်မာနိုင်ငံတော်ကို တည်ဆောင်ခဲ့တဲ့ ဖခင်ကြီးတွေအားလုံးကို အသိအမှတ်ပြုရမယ်ဖြစ်တယ်”

ဦးခင်မောင်မြင့်
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်

“ဒီကိစ္စကို ခါတိုင်းက စစ်တပ်ကနေလုပ်နေတယ်။ ကျနော်တို့က ဖြည်းဖြည်းချင်းလွှဲပြောင်းယူနေတယ်။ ရှိတဲ့ဝန်ထမ်းတွေနဲ့ ပြန်လုပ်နေရတာပေါ့လေ။ အဲ့ဒါတွေကို ပြည်သူပြည်သားတွေက အဓိပ္ပါယ်ပေါက်ရမယ်။ ဒါကလည်း ကျနော်တို့နိုင်ငံရဲ့အပြောင်းအလဲ တစ်ခုဖြစ်တယ်။ တကယ့်တကယ်ပြောင်းဖို့အတွက် ဗိုလ်ချုပ်အောင်ဆန်းရဲ့ပုံကို သုံးရတာဖြစ်တယ်။ ခြင်္သေ့ပုံဘဲသုံးနေမယ်ဆိုရင် ကျနော်တို့က ဘာမှလုပ်လို့မရဘူး။ အဲ့ဒါတွေက ခင်ဗျားတို့တိုင်းရင်းသားတွေလည်း နားလည်ရမယ်။ တနိုင်ငံလုံးမှာရှိတဲ့ သူတွေလည်း နားလည်ရမယ်။ တစ်ချို့က ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံသုံးတာကို ကြိုက်တယ်လို့ မကြိုက်တာလို့ ဝေဖန်ပြောဆိုနေတာတွေရှိနေတယ်။ ဒီလမ်းစဉ်နဲ့ဘဲ ကိုယ်သွယ်လို့ရမယ်။ သီးခြားပုံထည့်ပြီး ကိုင်သွယ်လို့မရဘူး။ ဒီဟာကို အဓိကတိုင်းရင်းသားတွေကို သိစေချင်တယ်။ ဒီလိုမှမဟုတ်ဘူးဆိုရင် ဒီမိုကရေစီနဲ့ ဖက်ဒရယ်တို့ ဝေးနေရမှာဘဲ။ အဲ့ဒါကို အားလုံးက သဘောပေါက်ရမယ်”

ဦးကွမ်ကရောင်အောင်ခမ်း
ကချင်ပြည်နယ်ပြည်သူ့ပါတီ ဒု-ဥက္ကဌ

“တကယ်တော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ပုံတွေ အသုံးပြုပြီးမှ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးရရှိမယ်ဆိုတာမျိုးက မျှော်လင့်စရာအကြောင်းမရှိပါဘူး။ နောက်တစ်ချက်က ဗိုလ်ချုပ်အောင်ဆန်းပုံအသုံးပြုပြီးတော့ ငြိမ်းချမ်းမယ်၊ သာယာဝဖြိုးလာမယ်ဆိုတာတွေလည်း ဒီခေတ်မှာ မရှိသလောက်ဖြစ်နေပြီ။ အဓိကတော့ ငြိမ်းချမ်းရေး၊ ပြန်လည်သင့်မြတ်ရေးနှင့် တရားမျှတရေး ဒါတွေရှိမှသာ ကျနော်တို့နိုင်ငံဟာ ဖွံ့ဖြိုးလာမယ်။ ဒါမှသာ ဖက်ဒရယ်ပြည်ထောင်စုကို သွားနိုင်မှာဖြစ်တယ်”

Show More

Related Articles

Back to top button