ဒေသခံ ရာနှုန်းပြည့်ခန့် ကန့်ကွက်သော ခေါင်လန်ဖူး ရွှေနှင့်သတ္တုတူးဖော်ရေးအစီစဉ်

ကချင်ပြည်နယ် ပူတာအိုခရိုင် ခေါင်လန်ဖူးဒေသ မြေဧက ၃သိန်းကျော်တွင် Fortuna Metals Company က ရွှေနှင့်သတ္တုတူးဖော်ရေး စမ်းသပ်ရှာဖွေမယ့်လုပ်ငန်းကို ဒေသခံများသဘောတူကြောင်း အစိုးရက ပြောဆိုနေသော်လည်း ခေါင်လန်ဖူးဒေသခံများကိုယ်တိုင် အဆိုပါစီမံကိန်းကို မသိရှိရကြောင်း KNG က သွားရောက် မေးမြန်းနိုင်ခဲ့သည်။
Fortuna Metals ကုမ္ပဏီ၏ လျှောက်ထားမှုကို လုပ်ကွက်စီစစ်ရေးဝန်ကြီးဌာနအဖွဲ့က လက်ခံစီစစ်ခဲ့ရာ လုပ်ကွက်ဧရိယာအတွင်း ဒေသခံများပိုင်ဆိုင်သော လယ်ယာမြေများကင်းလွတ်မှုရှိသည့်အပြင် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ အကြောင်းပြန်မှုတွင်လည်း ဒေသခံများ ကန့်ကွက်မှုမရှိကြောင်း ဖြေဆိုထားသည်ဟု ပြည်ထောင်စုသယံဇာတ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက လွှတ်တော်တွင် ဖြေကြားထားခဲ့သည်။
ကချင်ပြည်နယ်တွင် ရွှေနှင့်သတ္တုစမ်းသပ်တိုင်းတာရန် Fortuna Metals ကုမ္ပဏီက လျှောက်ထားသည့် လုပ်ကွက် ၄ ကွက်ရှိပြီး၊ ခေါင်လန်ဖူးဒေသရှိ လုပ်ကွက် ၁ နှင့် ၂ ကိုသာ ကုမ္ပဏီက ပိုမိုစိတ်ဝင်စားပြီး ပြည်နယ်အစိုးရ၏ အတည်ပြုချက်ကိုလည်း ရယူထားပြီဟု Fortuna Metals ၏ ဝက်ဖ်ဆိုက်တွင် ဖော်ပြထားသည်။
အဆိုပါ လုပ်ကွက် အမှတ် ၁ နှင့် ၂ တွင် စုစုပေါင်း မြေဧက ၃၀၄၅၄၇ ခန့်ရှိပြီး၊ လုပ်ကွက် အမှတ် ၃ ဖြစ်သော ဆော့လော်ဘက်ရှိ လုပ်ကွက်ကိုမူ ရပ်နားရန် ကုမ္ပဏီဘက်က စာတင်ထားသည်ဟု ဆိုသည်။ ပူတာအို-နောင်မွန်းဘက်ရှိ လုပ်ကွက်တွင်လည်း မြေဧက ၁၅၇၃၁၄ ခန့်ရှိသေးကြောင်း သိရသည်။
ထို့ကြောင့် လက်ရှိနောက်ဆုံးအခြေအနေတွင် Fortuna Metals ၏ သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် (EMP) ကို Valentis ကုမ္ပဏီက ရေးဆွဲလျက်ရှိကြောင်း နှင့်လုပ်ငန်းသဘောတူစာချုပ်အတွက် ပြင်ဆင်ဆောင်ရွက်ဆဲအဆင့်ရှိနေပြီဖြစ်ကြောင်း သိရသည်။
စီမံကိန်းအတွင်း ပါဝင်မည့်ကျေးရွာများ
လုပ်ကွက်ကျရောက်သည့် နေရာများမှာ ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ လူဦးရေအထူထပ်ဆုံး မြေနေရာများတွင် ဖြစ်သည်ဟု Kachin News Group က စုံစမ်းသိရှိရသည်။

စီမံကိန်းအတွက်လျာထားသည့် လုပ်ကွက် (၃) ခု အတွင်း ကျေးရွာအုပ်စု (၉) စုရှိနေပြီး ၎င်းကျေးရွာအုပ်စုအတွင်း ကျေးရွာပေါင်း ၉၀ ကျော်ပါဝင်နေသဖြင့် ဒေသခံလူဦးရေထောင်ပေါင်းများ မှီခိုနေသည့် ကျေးရွာများနှင့် ၎င်းတို့၏ စားကျက်မြေနေရာများ ပျောက်ဆုံးသွားမည်ကို စိုးရိမ်ကြောင်း ဒေသခံများ ပြောဆိုနေကြသည်။
‘ဒေသခံများက စီမံကိန်းကို သဘောတူသည်’ ဟူသောအစိုးရ၏ ပြောဆိုမှုကို အတည်ပြုရန် မြန်မာနိုင်ငံရဝမ်လူငယ်အဖွဲ့ က လွန်ခဲ့သည့် မတ်လအတွင်း ခေါင်လန်ဖူးဒေသကိုသွားရောက် ကွင်းဆင်းခဲ့ရာ ဒေသခံ ၉၉ ရာခိုင်နှုန်းက ကန့်ကွက်မှုရှိနေကြောင်းတွေ့ရှိရသည်ဟု အဆိုပါအဖွဲ့ ဥက္ကဌ ဦးဆန်ဖီး က ယခုလိုပြောသည်။
“ကချင်အစိုးရက ဒေသခံတွေကန့်ကွက်မှုမရှိကြောင်း ခွင့်ပြုလိုက်သည်ကို ဒေသခံတွေရဲ့အသံတွေကို သွားရောက်စုံစမ်းခဲ့တယ်။ တစ်ချို့ပြည်သူတွေက ဒီကိစ္စနဲ့ပတ်သက်ပြီး လုံးဝ နားမလည်တဲ့အပိုင်းတွေရှိတယ်။ တစ်ချို့က အတွေ့အကြုံရှိနေကြတယ်။ သူတို့ရဲ့သဘောထားက ၉၉ ရာခိုင်နှုန်း သဘောမတူဘူးဖြစ်နေတယ်။ ပြည်နယ်အစိုးရက လမ်းကြောင်းမမှန်ဘူးလို့ ပြောလို့ရတာပေါ့။” ဟု ပြောသည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့ သဘာဝသယံဇာတဝန်ကြီး ဦးဒရှီလဆိုင်းက ခေါင်လန်ဖူးဒေသကို သွားရောက်ခဲ့ဖူးသော်လည်း
ဒေသခံများဖြင့် မိနစ် ၂၀ ခန့်သာ တွေ့ဆုံခဲ့သည်ဟု ဆိုသည်။ အဆိုပါတွေ့ဆုံမှုတွင် Fortuna Metals ကုမ္ပဏီအကြောင်း ပြောဆိုမှု မရှိခဲ့ကြောင်း သိရသည်။
Fortuna Metals ကုမ္ပဏီကို ဒေသခံများ မသိ
ခေါင်လန်ဖူးမြို့နယ်ရှိ ဒေသခံများသည် ရှာကောခင်းနှင့် တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်စားသောက်နေရသဖြင့် စီမံကိန်းကြောင့် နှစ်ရှည်လုပ်ကိုင်လာသည့် လယ်ယာမြေများ ပျက်စီးဆုံးရှုံးသွားမည်ကို စိုးရိမ်နေကြောင်း စီမံကိန်းဧရိယာတွင် ကျရောက်နေသည့် ခေါင်လန်ဖူးမြို့နယ် ဇီထန်အုပ်စု ထမယ်ကျေးရွာမှ ဦးနောရဲအောင် က ယခုလိုပြောသည်။

“ကုမ္ပဏီတွေရဲ့လုပ်ရပ်နဲ့ပတ်သက်ပြီး ဒေသခံတစ်ယောက်အနေနဲ့ ဘာမှမသိရပါဘူး။ ဒေသခံတွေက နှစ်ရှည်လုပ်ထားတဲ့ စိုက်ခင်းတွေပျက်စီးဆုံးရှုံးသွားမှာ စိုးရိမ်နေရတယ်။ ကျနော်တို့နယ်မြေမှာက မြေလွတ်မြေလပ်ဆိုတာ မရှိပါဘူး။ တကယ်လို့ စီမံကိန်းလုပ်ပြီး ပြည်သူတွေရဲ့ ဆုံးရှုံးနစ်နာမှုတွေကို ဘယ်သူတာဝန်ယူပေးမလဲ” ဟု သူကပြောဆိုသည်။
လွန်ခဲ့သောနှစ်များတွင်လည်း ခေါင်လန်းဖူးမြို့နယ်အတွင်း တရုတ်ကုမ္ပဏီတစ်ချို့က ကျေးရွာဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် သစ်ခုတ်သည့်လုပ်ငန်းဝင်ရောက်လုပ်ကိုင်ခဲ့ပြီးနောက် သစ်တောပြုန်းတီးမှုကြောင့် ဒေသခံများ၏ ဖြတ်သန်းသွားလာမှုကို အခက်အခဲဖြစ်စေခဲ့ကြောင်း သူကဆက်လက်ပြောဆိုသည်။
ခေါင်လန်ဖူးဒေသတွင် ၃နှစ်နီးပါးခန့် တာဝန်ထမ်းဆောင်နေသော နောင်မွန်းမှ ဘာသာရေး ဆရာတစ်ဦးက Fortuna Metals ကုမ္ပဏီအကြောင်းနှင့် ယခုလိုပြောသည်။
“Fortuna နဲ့ပတ်သက်ပြီး ဒေသခံတွေက ဘာမှမသိတာကတော့ အမှန်ဘဲ။ ဘာကြောင့်လဲဆိုတော့ ကျနော်က ရပ်မိရပ်ဖ လူကြီး တွေနဲ့ အထိအတွေ့ရှိတယ်။ ကုမ္ပဏီကလူတွေက ခေါင်လန်ဖူးအမြဲလာတယ်။ ဒါပေမယ့် ဒေသခံတွေ ဘာမှမသိရအောင် လာတဲ့ အချိန်တွေရှိတယ်။ ဒေသခံတွေကို အသိမပေးဘဲ လုပ်ဆောင်နေတယ်ဆိုတာ ပေါ်လွင်နေပါတယ်။ အခုဒေသခံတွေတစ်ချို့တောင်ဘာမှ မသိရသေးဘူး။ တစ်ချို့အချိတ်အဆက်ရှိတဲ့သူတွေနည်းနည်းပါးပါးပဲ သိရတာဖြစ်တယ်။” ဟု ပြောဆိုသည်။
အစိုးရနှင့် ကုမ္ပဏီ ၂ခုကြားသာ ချိတ်ဆက်ပြီး ဒေသခံပြည်သူများအပေါ် ပွင့်လင်းမြင်သာမှုမရှိသော ယခု Fortuna Metals ၏ ရွှေနှင့်သတ္တုစမ်းသပ်ရှာဖွေရေးစီမံကိန်းကို ပူတာအိုအရပ်ဖက်အဖွဲ့အစည်းအများက ခေါင်လန်ဖူးဒေသခံများနှင့် ပူပေါင်းကာ ၂၀၂၀ရွေးကောက်ပွဲ မတိုင်မှီ ရန်ကုန်တွင် သတင်းစာရှင်လင်းပွဲ ပြုလုပ်သွားရန်ရှိကြောင်း သိရသည်။
Fortuna Metals ၏ Stakeholder Engagement Approach ကဏ္ဍပါ ဓါတ်ပုံများ
Fortuna Metals ကုမ္ပဏီသည် သတ္တုတူးဖော်စမ်းသပ်ရန်အတွက် တွေ့သင့်တွေ့ထိုက်သူများနှင့် တွေ့ဆုံပြီးစီးကြောင်း ဖော်ပြရာတွင် ရဝမ်စာပေနှင့်ရိုးရာယဉ်ကျေးမှုဗဟိုကော်မတီ၊ ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ (WMR) နှင့် ကချင်အမျိုးသား ကွန်ဂရက်ပါတီ (KNC) စသောအဖွဲ့အစည်းများနှင့်အတူတွဲရိုက်ထားသည့် ဓါတ်ပုံများက အများပြည်သူ ထင်ယောင်ထင်မှား ဖြစ်စေသည်ဟု အငြင်းပွားမှုများ ရှိခဲ့သည်။
၂၀၂၀ ဇန်နဝါရီလ ၂၉ရက်နေ့ ရက်စွဲပါ ရဝမ်ရိုးရာစာပေယဉ်ကျေးမှုဗဟိုကော်မတီဖြင့် တွဲရိုက်ထားသည့် ဓါတ်ပုံသည် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ပူတာအိုမြို့တွင်ကျင်းပသည့် ဌာနေ ရဝမ်လူငယ်များ၏ ညီလာခံအခမ်းအနားတွင် Fortuna Metals ကုမ္ပဏီက စီမံကိန်းအကြောင်းပြောဆိုမှုမရှိဘဲ ရိုးရာယဉ်ကျေးမှုတာဝန်ရှိသူများကို ဂုဏ်ပြုလက်ဆောင်ပစ္စည်းလာရောက်ပေးအပ်စဉ် အမှတ်တရအနေဖြင့်သာ ရိုက်ကူးခဲ့ခြင်းဖြစ်ကြောင်း နီးစပ်သူများထံမှ သိရသည်။
ထို့အတူ ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ (WMR) နှင့် မတ်လ ၂၁ရက်နေ့ တွေ့ဆုံခဲ့ကြောင်း ဓါတ်ပုံဖော်ပြခံခဲ့ရသောကြောင့် ပြည်သူတစ်ချို့၏ ဝေဖန်မှုခံခဲ့ရသည်ဟု Fortuna Metals ကုမ္ပဏီမှ တာဝန်ရှိသူနှင့် ဓါတ်ပုံအတူတွဲရိုက်ခဲ့သည့် ဦးခေါ်န်ဇော်ဂျတ်က ယခုလို ပြောသည်။
“ကျနော်က သူတို့ Fortuna က လူတွေမှန်းလည်း မသိဘူး။ သူတို့ကိုယ်တိုင်လည်းမပြောဘူး။ ဒါပေမယ့် သတ္တုရှာဖွေရေး ကုမ္ပဏီပါ ဆိုပြီးတော့ မိတ်ဆက်တယ်။ ပြီး ဘယ်ဒေသတွေမှာ သတ္တုရှာပေးတယ်။ ဒါပဲပြောဖြစ်ကြတယ်။ Fortuna သတ္တုတူးဖော်ဖို့နဲ့ ပတ်သက်ပြီး တစ်ခွန်းမှ မပြောဖြစ်ကြဘူး။ ဒါပေမယ့် သိပ်မကြာခင်မှာဘဲ သူတို့ရဲ့ ဝက်ဖ်ဆိုဒ်မှာက ကချင်အတိုင်ပင်ခံအဖွဲ့ချုပ်နဲ့လည်း တွေ့ပြီးသွားပြီလို့ ရေးသားထားတာဖြစ်တယ်။ အဲ့တော့ ကျနော်တို့လည်း အံ့သြမိသွားတယ်။ လူမှုရေးအရ ဧည့်ခံပြောဆိုပေးတဲ့ အဆင့်ပဲရှိတယ်။ ဒါ့ကြောင့် တစ်ချို့ပြည်သူတွေကိုလည်း နားလည်ပေးစေချင်တယ်” ဟု ပြောဆိုသည်။
Fortuna Metals ကုမ္ပဏီသည် ခေါင်လန်ဖူးဒေသ သတ္တုရှာဖွေရန် တိုင်းတာခြင်းများမပြုလုပ်ခင် ၎င်းစီမံကိန်းနှင့်ပတ်သက်ပြီး ကချင်အမျိုးသားကွန်ကရက်ပါတီ KNC ကိုလည်း အသေးစိတ်လာရောက်ရှင်းပြမှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။ သို့သော် ဒေသခံပြည်သူများ၏ အကျိုးစီးပွားမပါလျှင် ယခုစီမံကိန်းကို ကန့်ကွက်သွားမည်ဖြစ်ကြောင်း KNC ဥက္ကဌ M Kawn La ကလည်း KNG ကို ယခင်က ဖြေကြားခဲ့သည်။
ဒေသဖွံ့ဖြိုးရေး ရည်ရွယ်ချက်ဖြင့် ဒေသခံကုမ္ပဏီဖြစ်သော Potau Development Company Limited ကို Fortuna ကုမ္ပဏီမှ ကနဦး ရှယ်ယာပေးခဲ့သော်လည်း မကြားသေခင်ကဘဲ ၎င်းရှယ်ယာများကို Fortuna ထံသို့ပြန်အပ်ခဲ့ကြောင်း Fortuna Metals ဝက်ဖ်ဆိုဒ်တွင်ဖော်ပြချက်မှသိရသည်။
ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွန်ကြားမှုဦးစီးဌာန DICA ၏ဖော်ပြချက်အရ Putao Development Company Limited သည် အသေးစားကုမ္ပဏီဖြစ်ပြီး ဒါရိုက်တာ ၃ ဦးအဖြစ် U Mang Ja Tang Dee ၊ U Pung San Ray Dam နှင့် U Ray Dam Tang တို့ဖြစ်ကာ ၂၀၁၉ မတ်လ ၂၈ ရက်နေ့တွင် မှတ်ပုံတင်ထားသည်။ U Ray Dam Tang ဆိုသည်မှာ ဦးအတန်ဟု လူသိများသော ပြည်သူ့စစ်ခေါင်းဆောင်ဖြစ်ပြီး၊ ဦးဖုန်ဆန့်ရေဒမ်ဆိုသူမှာ သူ၏ သားဖြစ်ကြောင်း သိရသည်။
Putao Development Company အနေနဲ့ ၎င်းတို့၏ ရှယ်ယာများကို ပြန်လည်ပေးအပ်ခဲ့သည်ဆိုသော်လည်း ခေါင်လန်ဖူးဒေသခံတစ်ချို့နှင့် အရပ်ဖက်အဖွဲ့အစည်းများက သံသယရှိနေသေးသည်ဟု ပြောဆိုမှုများရှိနေသည်။
“တဖက်မှာ ခေါင်လန်ဖူးမှာရှိတဲ့ ဌာနေပြည်သူ့စစ်ခေါင်းဆောင်ရဲ့ ရှယ်ယာတွေကို ပြန်ပြီးပေးခဲ့တယ်ဆိုတာကိုလည်း တစ်ချို့ သံသယရှိနေပါတယ်။ ဒါတွေက လုံးဝယုံကြည်စိတ်ချရတဲ့ အခြေအနေမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ပြည်သူလူထုတွေက ကန့်ကွက်လာတယ်ဆိုတော့ လုပ်ပြတာလည်းဖြစ်နိုင်တယ်ပေါ့။ ကုမ္ပဏီကနေ ပရိယာယ်သုံးတယ်လို့ဘဲ မြင်တယ်ပေါ့။” ဟု ပူတာအိုအရပ်ဖက်အဖွဲ့အစည်းတစ်ခုမှ ဦးအောင်ခမ်းက သုံးသပ်ပြောဆိုထားသည်။
အစိုးရက ပူတာအိုခရိုင်အတွင်း ဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် သတ္တုတူးဖော်ရေးလုပ်ငန်းများလုပ်ဆောင်ဖို့ထက် အများပြည်သူအတွက် အကျိုးရှိမည့် ခရီးသွားလုပ်ငန်း၊ သဘာဝဆေးမြစ်များကို နမူနာယူပြီး တန်ဖိုးမြင့်ထုတ်ကုန်ပြုလုပ်ရေးများကိုသာ လုပ်ဆောင်သင့်ကြောင်း ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP ၏ ပူတာအိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဆမ်ဘုံဆင်က ပြောသည်။

ထို့အပြင်သတ္တုတူးဖော်ရေးလုပ်ငန်းများကို လုပ်ကိုင်ခွင့်ပေးလိုက်မည်ဆိုရင် နဂိုမူလ သဘာဝပတ်ဝန်းကျင် ဂေဟစနစ်များ ပျောက်ကွက်သွားမည်ဖြစ်သည့်အပြင် ရေချိုအရင်းအမြစ်များ ပျက်စီးသွားမည်ဖြစ်သောကြောင့် စီမံကိန်းကို ရပ်တန့်သွားသည့်အထိ ဥပဒေလမ်းကြောင်းနှင့်အညီလုပ်ဆောင်သွားမည်ဖြစ် သူကဆက်လက်ပြောဆိုသည်။
DICA ဖော်ပြချက်အရ Fortuna Metals Company Limited ကို ၂၀၁၈ ဇူလိုင်လတွင် မှတ်ပုံတင်ခဲ့ပြီး ဒါရိုက်တာအဖြစ် သြစတေးလျ နိုင်ငံသား ၂ဦးနှင့် မြန်မာနိုင်ငံသား ၁ဦးဖြစ်ကြောင်း တွေ့ရသည်။
Fortuna Metals Company Limited (Myanmar) ကို စင်ကာပူနိုင်ငံအခြေစိုက် Fortuna Metals Australia PTE Limited က ရာနှုန်းပြည့်ပိုင်ဆိုင်ထားပြီး အဆိုပါ ကုမ္ပဏီကို စင်ကာပူနိုင်ငံသားတစ်ဦးက ဒါရိုက်တာအဖြစ် ဦးဆောင်ပြီး နောက်ထပ် သြစတေးလျ နိုင်ငံသား ၂ ဦးလည်း ပါဝင်နေသည်ကို တွေ့ရသည်။