Covid-19 Reportingသတင်း

KIO နယ်မြေသို့ဝင်လာသူတိုင်း ကွာရန်တင်း ဝင်ရန် မလိုတော့

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချူပ်ဒေသသို့ဝင်လာသောသူတိုင်း ကွာရန်တင်းဝင်ရမည် မဟုတ်သော်လည်း ကိုယ်အပူချိန်မြင့်တက်သူများမှာ ဆက်လက်ပြီး ၅ ရက် ကွာရန်တင်း ဝင်ရမည်ဖြစ်သည်။

Covid-19 စတင်ဖြစ်ပွားလာသည့်ကာလတွင် KIO ထိန်းချုပ်နယ်မြေသို့ဝင်လာသူတိုင်း ၂၁ ရက်အထိ ကွာရန်တင်း ဝင်ခဲ့ရပြီး၊ နောက် ၅ ရက်သို့လျှော့ချခဲ့သည်။ ထို့နောက် သြဂုတ်လ ၁၆ ရက်နေ့မှစတင်ပြီး ဝင်လာသူတိုင်း ကွာရန်တင်းဝင်ရန်မလိုတော့ကြောင်း KIO က ပြောသည်။

“ဖျားနာမှု မရှိတဲ့ သာမှန်ပြည်သူတွေကို ဝင်ခိုင်းပြီးတော့ ဖျားနာကိုယ်အပူချိန်မြင့်တက်နေတဲ့သူတွေ ရောဂါကူးစက်မှုရှိတဲ့နိုင်ငံက ဝင်လာတဲ့သူတွေကို Quarantine ၅ ရက်ထားမယ်ဆိုပြီး ဆုံးဖြတ်ထားပါတယ်” ဟု KIO Covid-19 ကာကွယ်ရေးကော်မတီမှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး Heng Wawm က ပြောသည်။

KIO နယ်စပ်တွင် Quarantine ထားရှိမှုကြောင့် ဝင်ရောက်လာသူ နည်းပါးခဲ့သည်။ သို့သော် ယခု Quarantine ဖြေလျှော့လိုက်သော်လည်း လုံခြုံရေးအတွက် ခရီးသွားလာသူများကို ကျန်းမာရေးစစ်ဆေးမှုများ အရှိန်မြင့် ပြုလုပ်နေအုန်းမည်ဟု သူက ဆက်လက်ပြောဆိုသည်။

သြဂုတ်လ ၁၇ ရက်နေ့ထိ KIO နယ်မြေရှိ ကွာရန်တင်းစခန်းဖြစ်သော မိုင်ဆပ်ပါတွင် ၃ ယောက်၊ Mung Lai Hkyet တွင် ၂၀ ယောက်နှင့် နှင့် မိုင်ဂျာယာန်တွင် ၁၈ ယောက် စုစုပေါင်း ကွာရန်တင်း ၄၁ ယောက်ရှိနေသည်။

KIO နယ်မြေတွင် ကွာရန်တင်းစင်တာ ၁၀ ခု ကျော်ရှိပြီး ယနေ့ထိ ကွာရန်တင်းခံယူပြီးသူ လူဦးရေ စုစုပေါင်း ၂၅၀၀ ကျော်ရှိခဲ့ပြီဖြစ်သော်လည်း Covid-19 ရောဂါပိုးအတည်ပြုတွေ့ရှိသူ တစ်ဦးတစ်ယောက်မျှမရှိကြောင်း သိရသည်။

အစိုးရနှင့် KIO အဖွဲ့တို့ကြား Covid-19 တိုက်ဖျက်ရေး ပူးပေါင်းရေးဆောင်ရွက်မှု တစ်ခါမျှသာရှိခဲ့သည်ဟု KIO တာဝန်ရှိသူများထံမှ သိရသည်။

လွန်ခဲ့သည့် မေလ ၁၃ ရက်နေ့တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ KIO ဒေသ Quarantine Center များအတွက် ငွေကျပ် ၅၇ သိန်းကျော်နှင့် Covid-19 ကာကွယ်ရေးပစ္စည်းများ သွားရောက်ကူညီခဲ့သော်လည်း နားလည်မှုလွဲမှားမှုကြောင့် KIO ဘက်မှ လက်မခံဘဲ ပြန်လည်ပေးအပ်ခဲ့သည်။

ထို့နောက် မေလ ၂၀ ရက်နေ့တွင်လည်း တပ်မတော်ကာကွယ်ရေး ဦးစီးချူပ်ရုံးမှ ဗိုလ်ချူပ်ခွန်သန့်ဇော်ထူး ဦးဆောင်ကာ ရဟတ်ယာဉ်ဖြင့် Covid-19 ရောဂါကာကွယ်ရေးပစ္စည်း ဂျက်ဖာ ပုံး ၅၉ ပုံး သွားရောက်ပေးအပ်ခဲ့သည်။

Show More

Related Articles

Back to top button