ရွေးကောက်ပွဲဆိုင်ရာသတင်း

စစ်ရှောင်စခန်းအချို့တွင် မဲရုံထားရှိမည်

လာမယ့်ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်တွင်းရှိ စစ်ရှောင်စခန်းအချို့၌ မဲရုံဖွင့်ရန် ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

မဲရုံးနှင့်အလှမ်းဝေးသည့်နေရာများ၊ မဲရုံအခြေအနေအရလူဦးရေကျော်လွန်နေသည့်ရပ်ကွက်များရှိနေသဖြင့် စစ်ရှောင်စခန်းအချို့တွင် မဲရုံထားရှိမည်ဟု ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရုံး(ခွဲ)မှ အရာရှိဦးထွန်းအောင်ခိုင်က ပြောသည်။

“စစ်ရှောင်စခန်းမှာ သာမန်အားဖြင့်တော့ စစ်ရှောင်စခန်းအားလုံးမှာ မဲရုံဖွင့်ဖို့တော့ လုပ်မပေးနိုင်ဘူး။ ကျနော်တို့က သူ့စစ်ရှောင်စခန်းရှိတဲ့ ရပ်ကွက်ကျေးရွာတွေမှာဘဲပေါင်းပြီးတော့မှ မဲပေးဖို့တွက်စီစဉ်ထားတယ်။ ဒါပေမယ့်တစ်ချို့နေရာတွေမှာ အရပ်ထဲက မဲရုံမှာလူဦးရေပြည့်နေတဲ့အတွက် စစ်ရှောင်စခန်တွေမှာလည်း မဲရုံသတ်မှတ်ပေးတဲ့ဟာတွေလည်း ရှိပါတယ်။ ဥပမာချီဖွေလိုနေရာမျိုးမှာဆို စစ်ရှောင်စခန်းနဲ့ ရပ်ကွက်တွေနဲ့က ဝေးတဲ့အတွက် မဲရုံသီးသန့်ဖွင့်ပေးတာမျိုးတွေပေါ့။” ဟု ပြောသည်။

သို့သော်လတ်တလောလျာထားချက်အရ မဲရုံ ၄ ရုံခန့်သာ ဖွင့်ရန်ရှိပြီး၊ နောက်ထပ်ပြန်လည်စီစစ်ကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။ ကချင်ပြည်နယ်တွင် စစ်ရှောင်စခန်းပေါင်း ၈၅ ခုရှိသည်ဟု သိရသည်။

ပြည်နယ် ပြည်ထဲရေးစာရင်းအရ အစိုးရထိန်းချုပ်နယ်မြေတွင် စစ်ရှောင်ဦးရေ ၄သောင်းခွဲကျော်ရိှနေပြီး မဲထည့်လို့ရမည့် လူဦးရေစာရင်းသည် ၂သောင်းကျော်ရှိကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရုံး(ခွဲ)မှ သိရသည်။

“ကျနော်တို့ Camp က ဟိုတစ်နေ့က အုပ်ချုပ်ရေးမှူးခေါ်လို့ သွားလိုက်တာ စစ်ရှောင်စခန်းမှာဘဲ မဲပုံးထောင်ဖို့ရှိတယ်လို့ ပြောတယ်။ အရင်တစ်ခေါက်ရွေးကောက်ပွဲတုန်းကတော့မထားဘူး။ ခုဒီတစ်ခေါက်ထားမယ်ဆိုတော့ ပြန်စဉ်းစားကြတာပေါ့လို့တော့ ပြောလိုက်တယ်။” ဟုTrinity စစ်ရှောင်စခန်းမှ စခန်းတာဝန်ခံဆရာလှခေါင်ကပြောသည်။

လက်ရှိ ယင်းစစ်ရှောင်စခန်းတွင် မဲစာရင်းများကို စခန်းတွင်လာရောက်ကပ်ထားသော်လည်း မဲစာရင်းကြည့်သူများ အလွန်နည်းနေသေးကြောင်း ၎င်းကဆက်ပြောသည်။

စစ်ရှောင်ပြည်သူများအနေဖြင့် မဲပေးပိုင်ခွင့်အပြည့်အဝရရှိစေရန် မဲဆုံးရှုံးခြင်းမရှိစေရန် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်မှ လိုအပ်ချက်အရ မဲရုံဖွင့်ရန် စီစဉ်ဆောင်ရွက်နေသည့်အပြင် မဲစာရင်းများကိုလည်း စစ်ရှောင်စခန်းတိုင်းကပ်ထားပေးရန် ညွှန်ကြားထားကြောင်း ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရုံး(ခွဲ)မှ အရာရှိဦးထွန်းအောင်ခိုင် က ပြောသည်။

မိုင်းနား KBC စစ်ရှောင်စခန်းမှ တာဝန်ခံ ဆရာဘရန်ဆိုင်းက “ကျနော်တို့ စခန်းမှာတော့ ခုချိန်ထိ မဲရုံထားပေးဖို့ ပြောတာတွေတော့မရှိသေးဘူး။ မဲစာရင်းကို စစ်ရှောင်စခန်းမှာ လာကပ်ပေးပါဆိုပြီး လူဦးရေစာရင်း လာကောက်တဲ့ချိန်မှာ ရွာက စာရေးကို ပြောလိုက်တာတောင် ခုချိန်ထိလာမကပ်ပေးကြဘူး။ ဘာဖြစ်လို့ စခန်းမှာလာကပ်ခိုင်းတာလဲဆိုရင် ရပ်ကွက်ရုံးသွားဖို့ လမ်းမကြီးဖြတ်ရတယ်။ တစ်ချို့အိမ်ထောင်စုတွေက သက်ကြီးရွယ်အိုတွေပဲနေတဲ့ အိမ်ထောင်စုတွေလည်းရှိတယ်။ ဆိုင်ကယ်မစီးတတ် သွားကြည့်မယ်ဆိုလည်း လမ်းမကြီးကဖြတ်ရဆိုတော့ အန္တာရယ်များတယ်။ အဲကြောင့်လာကပ်ပေးရင်ပိုကောင်းတယ်။ ဖြစ်နိုင်ရင်တော့ မဲရုံထောင်ပေးရင်တော့ အားလုံးအတွက် မဲပေးမယ့်နေ့ပိုပြီးအဆင်ပြေတာပေါ့။ ဒါပေမယ့်ခုချိန်ထိတော့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဘာမှ ပြောလာတာတွေမရှိသေးဘူး” ဟု ပြောသည်။

မိုင်းနား KBC စစ်ရှောင်စခန်းတွင် အိမ်ထောင်စုအားဖြင့် ၅၀၀ ကျော်ရှိနေပြီး ကချင်ပြည်နယ်ရှိစစ်ရှောင်စခန်းများတွင် လူဦးရေအများဆုံးနေထိုင်သည့် စခန်းတစ်ခုဖြစ်သည်။

ကချင်ပြည်နယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၁၉ ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ၈၇ ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၄၆ ဦး ရှိကာ ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီပေါင်း ၁၉ ပါတီရှိကြောင်း သိရသည်။

ကချင်တစ်ကျော့ပြန်တိုက်ပွဲကြောင့် စစ်ရှောင်ပြည်သူများ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်လာကြသည်မှာ ၉နှစ်ကျော်ကြာမြင့်လာပြီဖြစ်ပြီး စစ်ပြေးဒုက္ခသည်ပေါင်း ၁ သိန်းကျော်ရှိနေသည်ဟု သိရသည်။

Show More

Related Articles

Back to top button