ရွေးကောက်ပွဲဆိုင်ရာသတင်း

NLD ပါတီကို ကန့်ကွက်ဝေဖန်သည့် စာများ ပြန့်ကျဲထား

ကချင်ပြည်နယ် ဗန်းမော်-မံစီ ကားလမ်းမကြီးတစ်လျှောက်တွင် အမျိုးသားဒီမိုရေစီအဖွဲ့ချုပ် (NLD) ကို ကန့်ကွက်ဝေဖန်သည့် စာများ ပြန့်ကျဲထားသည်ဟု သိရသည်။

သြဂုတ်လ ၂၁ ရက်နေ့ည ဗန်းမော်-မံစီကားလမ်းပေါ်ရှိ ဖန်ခါးကျေးရွာမှ နာဇရက်ကျေးရွာထိ စာရွက်များကို ၆ ပေအကွာခြားပြီး ပြန့်ကျဲနေသည်ကို တွေ့ရကြောင်း မံစီဒေသခံတစ်ဦးပြောသည်။

“ကျနော်က ဗန်းမော်မှာ သူငယ်ချင်းတစ်ယောက်သွားကြိုတာဟုတ်တယ်။ အဲဒီကနေအပြန်လမ်းမှာ စပြီးတော့ သတိထားမိတာက ဖန်ခါးကုန်းလောက်ကနေ လမ်းလယ်မှာတစ်ရွက်ပြီးတစ်ရွက်တွေ့တယ်။ အဲမှာကောက်ကြည့်လိုက်တော့ ပါတီကိုတိုက်ခိုက်တဲ့စာဖြစ်နေတယ်။” ဟု အမည်မဖော်လိုသူဒေသခံတစ်ဦးက ပြောသည်။

ယင်းစာရွက်များအား တစ်ရွက်နဲ့တစ်ရွက်အကြား ၆ ပေကျော်( သိုမဟုတ်) ၁၀ပေကျော်အကွာတွင်ခန့်တွင် ပြန့်ကျဲနေသည်မှာ ဖန်ခါးကျေးရွာမှ ၁၀မိုင်ခန့်ဝေးသည့် နာဇရက်ကျေးရွာထိ ဖြစ်သည်ဟု ဆိုသည်။

အလားတူ သြဂုတ်လ ၂၂ ရက်နေ့ညတွင်လည်း ဗန်းမော်ခရိုင် မိုးမောက်မြို့ရှိ ဈေးများတွင် NLD ပါတီကို တိုက်ခိုက်သည့်စာများလာရောက်ကပ်ထားကြောင်း မိုးမောက်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်းကပြောသည်။

“ကျနော်တို့မြို့မှာလည်း မနက်က ဈေးထဲမှာ NLD ကိုပုတ်ခတ်တဲ့စာတွေ ကပ်ထားတယ်လို့သိရတယ်။ တစ်နေ့က မြစ်ကြီးနားက စစ်မူထမ်းဟောင်းတစ်ယောက်က စာတွေဝေတယ်ဆိုတဲ့အနေထားနဲ့ ဆက်စပ်နေသလားပေါ့နော်။ ဒါတွေကတော့ အတိအကျထင်မြင်ချက်တော့ မပေးသေးပါဘူး။ ဘာကြောင့်လဲဆိုရင် ညအချိန်မတော်မှ လူမသိအောင်လုပ်တဲ့အလုပ်လေ အဲဆိုတော့ သူခိုးအလုပ်ပေါ့။ သူခိုးအလုပ်ဆိုတာက ရဲတွေ့ရင်ဖမ်းမှာပါ။” ဟု ပြောသည်။

အဆိုပါလက်ကမ်းစာစောင်တွင် ‘အပြောတစ်မျိုး အလုပ်တစ်မျိုးနဲ့ပြည်သူပိုင်မြေတွေကို မတရားသိမ်းပိုက်ခဲ့တဲ့ NLD ၊ တိုင်းပြည် မြေသယံဇာတကိုရောင်းစားခဲ့တဲ့ NLD ၊ ပြည်သူကိုအာဏာအားကိုးပြီး အနိုင်ကျင့်နေတဲ့ NLD စသည့်ခေါင်းစဉ်ကြီးများဖြင့် နေပြည်တော်တွင်နိုင်ငံတော် ညွန်ချုပ်အဆင့်အတွက် မြေကွက်ဖော်တာ၊ နိုင်ငံတစ်ဝှမ်းသယံဇာတတူးဖော်ရေး စီမံကိန်းများအကြောင်း ပါရှိသည်။

ဗန်းမော်ခရိုင်အတွင်း ပြန့်ကျဲစာများနှင့်ပတ်သက်ပြီး ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အတွင်းရေးမှူးဖြစ်သော စည်ပင်သာယာရေးဝန်ကြီး ဦးနော်လီကို ဆက်သွယ်မေးမြန်းရာ ပြည်နယ်သို့ တစ်စုံတစ်ရာအသိပေးလာခြင်း မရှိသေးကြောင်း ပြောသည်။

“အဲဒါတွေက ကျနော်တို့ပါတီအောင်နိုင်ရေးကို ထိခိုက်စေချင်တဲ့အတွက်ကြောင့်ဖြစ်နိုင်တယ်။ ဒါပေမယ့် ကျနော်တို့အနေနဲ့တော့ လမ်းမပေါ်မှာ ဖြန့်ထားတာလောက်တော့ အရေးယူလို့မရပါဘူး။ ပါတီမှာ သက်သေနဲ့တစ်ကွ တိတိကျကျ လာရောက်တိုင်တန်းမှ အရေးယူနိုင်မှာဖြစ်တယ်။” ဟု ဦးနော်လီ က ပြောသည်။

လာမည့် နိုဝင်ဘာလ ၈ ရက်နေ့ကျင်းပမည့်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ကချင်ပြည်နယ်တစ်ပြည်နယ်လုံးတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်ပြင်ဆင်နေပြီး ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ၊ ပြည်နယ်လွှတ်တော် နှင့် ရေးရာဝန်ကြီးနေရာအားလုံးတွင် ဝင်ရောက်ယှဉ်ရန် ထုတ်ပြန်ထားပြီး ဖြစ်သည်။

Show More

Related Articles

Back to top button