Covid-19 Reportingသတင်း

Covid-19 ကာလ အစိုးရမှ ကိုယ်ဝန်ဆောင်များကိုထောက်ပံ့မည့်အစီစဉ် KIO လက်မခံ

Covid-19 ကပ်ရောဂါကာလအတွင်း နိုင်ငံတော်အစိုးရမှ ကိုယ်ဝန်ဆောင်မိခင်များကို ထောက်ပံ့မည့်အစီစဉ်တွင် KIO ထိန်းချုပ် နယ်မြေအတွင်းရှိ မိခင်များပါဝင်သော်လည်း အဆိုပါအစီစဉ်ကို KIO ဘက်မှ လက်မခံဘဲ ငြင်းဆိုထားသည်ဟု သိရသည်။

လွန်ခဲ့သည့်လအတွင်း အစိုးရမှ ထောက်ပံ့ပေးမည့် အဆိုပါအစီအစဉ်ကို သက်ဆိုင်ရာ KIO ဗဟိုဌာနချုပ်သို့ တင်ပြခဲ့ပြီးသော်လည်း လက်ရှိနိုင်ငံရေး အခြေအနေများကြောင့် လက်မခံခဲ့ကြောင်း KIO Covid -19 ကူးစက်ရောဂါ ကာကွယ်ရေးကော်မတီ အတွင်းရေးမှူး ဦးဟိန်းဝေါမ်က ယခုလိုပြောဆိုသည်။

“မြန်မာအစိုးရနဲ့ ချိတ်ဆက်မှုရှိတဲ့ အဖွဲ့အစည်းတစ်ချို့က ဒီကိစ္စနဲ့ပတ်သက်ပြီး တင်လာပါတယ်။ အစိုးရဘက် ကနေ ကိုဗစ်ကာလအတွင်း KIA ထိန်းချုပ်နယ်မြေအတွင်းမှာရှိကြတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေကို ရက်ရှည် ထောက်ပံ့ပေးမယ် လို့သိရတာပေါ့။ နောက်ပြီး ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီးမှလည်း ၂လစာထောက်ပံ့ပေးမယ်လို့ပြောလာတာပေါ့။ ဒီထောက်ပံ့ပေး မယ့် အားလုံးကို လက်ခံပေးဖို့ခက်ခဲနေတဲ့အချိန်ဖြစ်နေတာပေါ့ ။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ဘက်မှာ နိုင်ငံရေးက အကြောင်းအမျိုးမျိုးကြုံတွေ့ နေရတယ်။ ဒါကြောင့် နောက်နောင် အခြေအနေတွေ တည်ငြိမ်လာရင်တော့ လက်ခံပေးဖို့ ရှိပါတယ်” ဟု ပြောသည်။

KIO ထိန်းချုပ်နယ်မြေအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များ၏ အမည်စာရင်းနှင့် အချက်အလက်များကိုလည်း ဗဟိုဌာနချုပ်မှ ခွင့်ပြုချက်မရဘဲ ကောက်ခံ၍ မရသလို လုပ်ပိုင်ခွင့်လည်းမရကြောင်း သူကဆက်လက်ပြောဆိုသည်။

ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် အဆိုပါထောက်ပံ့ကြေး လျှောက်ရာတွင် ကျန်းမာရေးစောက်ရှောက်မှုမှတ်တမ်း၊ ကိုယ်ဝန်ဆောင်ထားမိခင်၏ ဓါတ်ပုံနှင့် အမည်စာရင်းကို သက်ဆိုင်ရာ ရပ်ကွက်၊မြို့နယ်၊ ခရိုင်အဆင့်ဆင့်တွင် လာရောက်စာရင်းပေးနိုင်သည့်အပြင် မိမိကိုင်ဆောင်သောလက်ကိုင်ဖုန်းဖြင့် ငွေဗိုက်ဖုန်းအက်ပလီကေးရှင်းဖြင့်လည်း အမည်စာရင်းပေးသွင်းနိုင်သည်ဟု သိရသည်။

အစိုးရအနေဖြင့် KIO နယ်မြေအတွင်းရှိ ထောက်ပံ့ရန်လိုအပ်သည့်ကိုယ်ဝန်ဆောင်မိခင်များစာရင်းကို မိမိတို့ကိုယ်တိုင်ဝင်ကောက်မှာမဟုတ်ဘဲ ကချင်စစ်ဘေးရှောင်များနေရပ်ပြန်ရန် ကူညီပေးနေသည့်(KHCC) မှ တစ်ဆင့် ဆက်သွယ်ရန်စီစဉ်နေကြောင်း လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်လှိုင်ထွန်းက ဆိုသည်။

“ကျနော်တို့ဘက်ကတော့ KHCC ကိုအကူအညီတောင်းထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သူတို့ဘက်ကလည်း ကူညီဆောင်ရွက်ပေးမှာပါ။ အဲဒါတွေအားလုံးကိုလည်း ညှိထားပြီးဖြစ်ပါတယ်။ စာရင်းကလည်းကျနော်တို့ သွားဝင်ကောက်မှာမဟုတ်ပါဘူး။ KHCC ဘက်ကဘဲ ကောက်ခံပြီးတော့ ကျနော်တို့ကိုလာပေးတဲ့ဟာတွေကို စာရင်းပေးသွင်းမှာဖြစ်ပါတယ်။” လူမူဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းလှိုင်ထွန်းက ပြောသည်။

ငွေသားဖြင့်ထောက်ပံ့ရာတွင်လည်း လူမူဝန်ထမ်းဦးစီးဌာနနှင့် INGO အဖွဲ့များပူးပေါင်းကာ အဆိုပါဒေသများထိ သွားရောက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပြောသည်။

Show More

Related Articles

Back to top button