ရွေးကောက်ပွဲဆိုင်ရာသတင်း

ကချင်တွင် တပ်မတော်သားသီးသန့် မဲရုံတစ်ရုံသာရှိ၊ ကျန်မဲရုံများ တပ်ပြင်ပအရပ်ဘက်နှင့်အတူထည့်ရမည်

ကချင်ပြည်နယ် တစ်ပြည်နယ်လုံးတွင် တပ်မတော်သားသီးသန့်ထည့်ရမယ့် မဲရုံတစ်ရုံသာရှိပြီး ကျန်မဲရုံများမှာ အရပ်ဘက်မဲဆန္ဒရှင်များဖြင့် အတူထည့်ရမယ်ဖြစ်သည်ဟု သိရသည်။

တပ်မတော်သားများမဲထည့်ရမည့် မဲရုံပေါင်း ၅၃ ရုံရှိသည့်အနက် ပူတာအိုရှိ မဲရုံတစ်ရုံသာလျှင် တပ်မတော်သားသီးသန့် ပေးရမည်ဖြစ်သည်ဟု ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရုံး(ခွဲ)မှ အရာရှိဦးထွန်းအောင်ခိုင်က ပြောသည်။

“ တပ်မတော်သားမဲဆန္ဒရှင်သီးသန့်မဲပေးဟာကတော့ ပူတာအိုခရိုင်ရှိ တပ်သစ်ရပ်ကွက်ထဲက မဲရုံဖြစ်တယ်။ ဒါပေမယ့် တပ်တွင်းမှာ မဲရုံကိုဆောင်ရွက်ခြင်းမရှိဘူး။ တပ်ရဲ့ပြင်ပမှာရှိတဲ့ ရပ်ကွက်ထဲမှာဘဲ မဲရုံဆောက်ပြီး ပေးသွားမှာဖြစ်တယ်။” ဟု ပြောသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် တပ်မဲရုံများကို တပ်ပြင်ပထုတ်ခြင်းမရှိခဲ့သော်လည်း လာမည့် ရွေးကောက်ပွဲတွင်မူ တပ်တွင်းမဲရုံများ တပ်ပြင်ထုတ်ထားရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ညွှန်ကြားထားပြီးဖြစ်သည်။

တပ်တွင်းမဲရုံများ တပ်ပြင်ထုတ်ပြီဆိုသော်လည်း လက်ရှိအချိန်ထိ တပ်မတော်သားမဲစာရင်းကိုတိတိကျကျ ဖြေကြားရန် အဆင်မပြေကြောင်း အရာရှိဦးထွန်းအောင်ခိုင်ကပြောသည်။

“မဲစာရင်းကိုတော့ တိတိကျကျပြောလို့မရပါဘူး။ ဒါပေမယ့် တပ်မဲစာရင်းတွေကိုတော့ ပထမအကြိမ်မဲစာရင်းကြေညာတဲ့ချိန်မှာ သူတို့ပါတယ် ဘယ်သူမှမကျန်ဘူး တစ်ပြိုင်ထဲကြေညာပြီးဖြစ်တယ်။” ဟု ဆက်ပြောသည်။

တပ်မဲရုံ ၅၃ ရုံမှာ ဆော့လော်မြို့နယ်နှင့် အင်ဂျန်းယန်မြို့နယ်မှလွှဲပြီး ကျန်ရှိ မြို့နယ်အားလုံးမှ အရေအတွက်ဖြစ်သည်။

တပ်တွင်းမဲရုံများ တပ်ပြင်ထုတ်ကာ မဲထည့်ရန်စီစဉ်နေပြီဖြစ်သော်လည်း ရွေးကောက်ပွဲမတိုင်ခင် တပ်တွင်းသို့ဝင်ရောက် မဲဆွယ်ခွင့်မရှိဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဖြေကြားထားကြောင်း ကချင်ပြည်နယ်ပြည်သူ့ပါတီမှ ဒုဥက္ကဌ တရားလွှွတ်တော်ရှေ့နေဒေါ်ဒွဲဘူ က ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများတွေ့ဆုံမှုအကြောင်း ဇူလိုင်လ ၄ ရက်နေ့က ကချင်သတင်းဌာန KNG ကို ပြောဆိုခဲ့သည်။

“ကျမတို့ပါတီကတော့ တပ်တွင်းမဲရုံကို တပ်ပြင်ထုတ်လိုက်တာကောင်းပါတယ်။ ဒါပေမယ့် တပ်မိသားစုတွေကို ကျမတို့ပါတီတွေအနေနဲ့ ဝင်ရောက်မဲဆွယ်ခွင့် ရမရ မေးမြန်းခဲ့တယ်။ အဲဒါနဲ့ပတ်သက်ပြီး မရှိဘူးလို့ပြောတယ်။ အဲတော့ နိုင်ငံသားတိုင်း တန်းတူညီမျှအခွင့်ရေးရှိတယ်ဆိုပေမယ့် မဲဆွယ်စည်းရုံးခွင့်မရှိဘူးဆိုတော့ သူတို့ဘဲဆုံးရူံးတာလား ကျမတို့ဘဲဆုံးရူံးတာလား ပြည်သူတွေကဘဲ ဆုံးဖြတ်ပါစေ။” ဟု ပြောဆိုခဲ့သည်။

ကချင်ပြည်နယ်တွင် လာမည့် အထွေထွေရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်မည့်ပါတီပေါင်း ၁၉ ပါတီရှိပြီး လူဦးရေအားဖြင့် ၁၀သိန်း ၈သောင်းကျော်ရှိကြောင်း ထုတ်ပြန်ထားပြီးဖြစ်သည်။

Show More

Related Articles

Back to top button