သတင်း

မုံးကိုးမြို့ နော့်ဂူ စစ်ရှောင်များ စားနပ်ရိက္ခာ အခက်အခဲကြုံတွေ့နေ

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့နယ်ခွဲ နော့်ဂူကျေးရွာ က စစ်ရှောင်ပြည်သူတွေဟာ စားနပ်ရိက္ခာ အခက်အခဲ ကြုံနေရကြောင်း ‌စစ်ရှောင်ပြည်သူတွေဆီက သိရ ပါတယ်။

“အိမ်လည်း ပြန်လို့မရ။ အစား အသောက် ကလည်း ခက်ခဲ။ အရမ်း ဒုက္ခ ရောက်နေပါတယ်။ အဝတ်အစားနဲ့ စောင်တွေပါ ခက်နေတယ်။” လို့ စစ်ဘေးဒုက္ခသည် တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက ကျေးရွာအနီးနားမှာဘဲ သေနတ် ရမ်းသမ်း ပစ်ခတ်နေတာကြောင့် ဒေသခံတွေဟာ အစားအသောက်ခက်ခဲပေမယ့် ဘေးလွတ်ရာ စစ်ရှောင်နေရာမှာဘဲ တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

“မနေ့ညပစ်တာတော့ ‌လက်နက် အသေးလည်းပါတယ်။ နှစ်ဖက် အပြန်အလှန် ပစ်ခတ်နေကြသံ ကြားရတယ်။ မနေ့က အရပ်မျက်နှာ နှစ်ဖက်ပေါ့။ အရှေ့ဘက်ရော၊ အနောက်ဘက်ရော နော့ဂူရွာ အရပ်မျက်နှာ နှစ်ဘက်မှာ ခဏ ခဏ လက်နက်ကြီးတွေပစ်တယ်။ ၅ မိနစ်၊ ၁၀ မိနစ် လောက်ကြာပစ်ပြီး နားလိုက် ပစ်လိုက် ပစ်နေကြတာ။ အင်း ဒီရွာနားက ရွာထဲကနေ ပစ်တာပေါ့။ ရွာထဲကနေ ရွာအပြင်ဘက်ကို ပစ်တာ။ သူတို့ စိတ်ထင့်တဲ့နေရာ ရမ်းသမ်း ပစ်‌ နေကြတယ်။” လို့ စက်တင်ဘာ ၂၃ ရက်ညက ပစ်ခတ်မှုအကြောင်း ဒေသခံတစ်ဦးက ပြောပြပါတယ်။

စက်တင်ဘာလ ၂၄ ရက်နေ့မှာတော့ ပစ်ခတ်သံများမကြားရသော်လည်း စစ်တပ်က အရပ်ဝတ်နဲ့ ကျေးရွာအတွင်း သွားလာနေကြောင်း ဒေသခံများထံမှ သိရပါတယ်။

နော့်ဂူကျေးရွာဟာ မုံးကိုးမြို့နဲ့ မိုင်အနည်းငယ်ခန့်သာကွာဝေးသော ကျေးရွာဖြစ်ပြီး ယခင်ကလည်း စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့ အကြား တိုက်ပွဲ ပြင်းထန်ခဲ့တာကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး တိုက်ပွဲ ငြိမ်သက်ရင် အိမ်ပြန်လေ့ရှိကြပါတယ်။

ဒါပေမယ့် လက်ရှိမှာတော့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခြင်းမရှိပေမယ့် စစ်ကောင်စီက ကျေးရွာအတွင်း စခန်းချနေထိုင်ကာ ပစ်ခတ်မှုများ ပြုလုပ်နေတာကြောင့် ဒေသခံတွေဟာ ကြောက်လန့်ပြီး နေထိုင်ကြရတယ်လို့ ဆိုပါတယ်။

တစ်ရွာလုံး တိမ်းရှောင်လျှင် ပစ်ခတ်မည်ဟု ခြိမ်းခြောက်ထားသောကြောင့် ရွာသားအချို့မှာ စိုးရိမ်ပေမယ့် ရွာအတွင်းမှာဘဲ ဆက်လက်ရှိနေကြောင်း သိရပါတယ်။

Bum Shep

Show More

Related Articles

Back to top button