သတင်း

ရွှေကူနယ်တွင် အရပ်သားပြည်သူ ၁၀ဦးကျော်ကို လူသားဒိုင်းဖမ်းဆီးခံရပြီး လူနေအိမ်များ မီးရှို့ ဖျက်ဆီးခံရ

ကချင်ပြည်နယ် ရွှေကူမြို့နယ် သာယာကုန်းကျေးရွာတွင် စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့က  ဒေသခံအမျိုးသား ၁၀ဦးထက်မနည်းကို ဖမ်းဆီးခေါ်ဆောင်သွားပြီး လူနေအိမ်မီးရှို့ဖျက်ဆီးမှုများလည်းပြုလုပ်ခဲ့ကြောင်းဒေသခံများထံမှသိရသည်။

စစ်ကောင်စီတပ် တပ်မ ၈၈ လက်အောက်ခံ ခလရ ၇၇တပ်ရင်းအဖွဲ့ စက်တင်ဘာလ ၆ရက်နေ့ နံနက်ပိုင်းအချိန် ရွှေကူနယ်အတွင်းသို့ ဝင်ရောက်လာပြီး သာယာကုန်းကျေးရွာမှ အရပ်သား ပြည်သူ ၁၀ဦး ထက်မနည်းကို လူသားဒိုင်းအဖြစ်အသုံးပြုရန် ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောသည်။

မနေ့ကတည်းကဖမ်းခေါ်သွားတာ ခုထိတော့ ပြန်မလွတ်သေးဘူး။ ဘယ်ကိုခေါ်သွားလဲဆိုတော့ ကျောက်ကြီးရွာဘက်ကိုခေါ်သွားတယ်။ အဓိကတော့ အထမ်းထမ်းခိုင်းဖို့ခေါ်သွားတာ တိုက်ပွဲဖြစ်ရင်တော့ သူတို့ကိုလူသားဒိုင်းအဖြစ်ရှေ့ကိုသွားခိုင်မယ်ပေါ့အဲ့လိုတွေလုပ်တယ်။ ဖမ်းခံရတဲ့သူတွေကဘယ်သူဘယ်ဝါမသိရဘူး။ စစ်ကြောင်းဝင်လာလို့ ထွက်ပြေးကြတဲ့ သူတွေပဲ ဆိုတော့ သေချာမသိရဘူး။ ၁၀ ယောက်ကျော်လောက်က ပါသွားတယ်ဟုပြောဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ဒေသခံ ၁၀ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည့်အပြင် သာယာကုန်းကျေးရွာမှ စာသင်ကျောင်းအနီး လူနေအိမ်တစ်လုံးကို မီးရှို့ဖျက်ဆီးသွားပြီး ၂လုံးကို နေအိမ်အတွင်းမှ ဝင်ရောက်ဖျက်ဆီးမှုများ ပြုလုပ်သွားဟုဆက်ဆိုသည်။

အဆိုပါ ဖမ်းဆီးခံရသော အရပ်သားပြည်သူ ၁၀ ဦးမှာ ကျေးရွာအနီးတဝိုက် ဟင်းသီးဟင်းရွက်လိုက်ရှာသူများနှင့် လယ်လုပ်ကိုင်သူများကို စုဆောင်း ခေါ်ဆောင်သွားကြောင်းသိရသည်။

ဒီ နှစ်နောက်ပိုင်း စစ်ကောင်စီတပ်တွေ ဖမ်းဆီးတာတွေ ခပ်စိပ်စိပ်ဖြစ်လာတယ်။ သူတို့ဘက်က အထိနာလို့ ရွာသားတွေကို ဓားစာခံအနေနဲ့ ဖမ်နေတာ။ တစ်ခေါက်ဖမ်းရင် ၃၊၄ရက်လောက်ကြာမှ ပြန်လွတ်ပေးတာမျိုးရှိတယ်။ သူတို့သွားတဲ့နေရာအတိုင်း လျှောက်ခေါ်သွားတာဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF တစ်ဦးပြောသည်။

အဆိုပါ အရပ်သားပြည်သူများကို ခေါ်ဆောင်သွားသည့် စစ်ကောင်စီတပ် စစ်ကြောင်းသည် စစ်တင်ဘာလ ၅ရက်နေ့ သာယာကုန်းနှင့် မင်းကျောင်းကုန်း ကျေးရွာ ၂ခုကြားတွင် ရေကြောင်းလမ်းကို လုံခြုံရေးယူပေးနေစဉ်အတွင်း တိုက်ခိုက်ခံရပြီးနောက် ယခုလို သယာကုန်းကျေးရွာဘက်သို့ ဝင်ရောက်လာပြီး ဒေသခံများကို ဖမ်းဆီးမှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။

သာယာကုန်းရွာသည် အိမ်ခြေ ၂၀၀ ဝန်းကျင်နေထိုင်သည့် ရွာတစ်ခုဖြစ်ပြီး ရွှေကူမြို့မှ ၇ မိုင်ခန့်အကွာ ဧရာဝတီမြစ်ကမ်းအနီးတွင် ရှိသော ကျေးရွာတစ်ခုဖြစ်သည်။

Show More

Related Articles

Back to top button