
ရှမ်းမြောက် ကွတ်ခိုင် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၉ ရှေ့တန်းစခန်းဖြစ်သော ကောင်းဆတ်ဘွမ် (Kawng Sak Bum) တွင် ယနေ့ နံနက်ပိုင်းမှ မွန်းလွဲပိုင်းအထိ စစ်ကောင်စီ လေယာဉ် ၂ စီးဖြင့် အပြင်းအထန် ဗုံးကျဲ တိုက်ခိုက်နေသည်ဟု သိရသည်။
ယနေ့နံနက် ၈ နာရီခွဲခန့် မှ နေ့လည် ၁၂ နာရီအထိ ဂျက်လေယာဉ်တစ်စီးဖြင့် ၁၀ ကြိမ် ထက်မနည်း လာရောက်ဗုံးကြဲ တိုက်ခိုက်ပြီးနောက် မွန်းလွဲပိုင်း ၃ နာရီဝန်းကျင်တွင်လည်း Helicopter တစ်စီးဖြင့် ဆက်လက်တိုက်ခိုက်နေသည်ဟု ဒေသခံတစ်ဦးက KNG ကို ယခုလို ပြောသည်။
“ဒီမနက်အစောကြီးကနေ ပြန်ပစ်ကြတယ်။ မနေ့ကနေ ဒီနေ့ထိ ဆက်တိုက်ဖြစ်နေတာပေါ့။ မနက်ကနေ ဖုန်းလိုင်းပျောက်သွားတာ ခဏကမှ ရတာ။ မနေ့ကလည်း လေယာဉ်နဲ့လာပစ် ဒီနေ့လည်း ဂျက်လေယာဉ်နဲ့ ခေါက်သွားခေါက်လာ ဗုံးကြဲပစ်တယ်။ အခုလည်း helicopter နောက်တစ်စီးလာပြန်ပစ်နေပြန်ပြီ။ နမ်ဖက်ကာကနေလည်း လက်နက်ကြီးဆက်တိုက်ပစ်ကူနေတယ်။” ဟု နမ်ဖတ်ကာဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီမှ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေသလို လေယာဉ် ၂ စီးဖြင့် လာရောက်ဗုံးကြဲ တိုက်ခိုက်ပြီး၊ နမ်ဖတ်ကာ တပ်မ ဘက်မှလည်း လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ကူနေကြောင်း ပြောသည်။
ယမန်နေ့ည ကား ၂ စီးဖြင့် စစ်အင်အား ထပ်ဖြည့်ထားပြီး ယနေ့ နမ်ဖတ်ကာတစ်လျှောက် စစ်ကောင်စီ တပ်မ ၇၇ မှ စစ်အင်အား ၄၀၀ ကျော် သွားလာလှုပ်ရှားနေကြောင်း သိရသည်။
စစ်တပ်က ကောင်းဆတ်တောင်( Kawng Sak Bum) ၌ ရှိသော KIA တပ်ရင်း ၉ ရှေ့တန်းစခန်းတစ်ခုကို သိမ်းယူရန် လက်နက်ကြီး၊ လေယာဉ် စစ်အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေသောကြောင့် တိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်ဟု ဒေသခံများပြောသည်။
ကောင်းဆတ်တောင်သည် နမ်ဖတ်ကာ–မူဆယ် သွားလမ်း ဟိုမုံ ( Humung) ကျေးရွာအရှေ့ဘက်တွင်ရှိပြီး ယမန်နေ့မှစတင်ကာ တိုက်ပွဲ ဖြစ်ပွားနေခြင်း ဖြစ်သည်။ ယနေ့ထိ တိုက်ပွဲဆက်လက်ပြင်းထန်နေသည်။