တိုက်ပွဲသတင်း

အခြေအနေ မတည်ငြိမ်သေးသည့်အတွက် မှော်ပုံ ဒေသခံများ နေရပ်မပြန်ကြသေးရန် KIA သတိပေး

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်ပုံကျေးရွာ (Maden Yang) ဒေသခံများကို နေရပ်ပြန်လာခြင်း မပြုသေးရန် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၉ ဘက်က သတိပေးထားသည်ဟု သိရသည်။

စက်တင်ဘာလ ၁၄ ရက်နေ့ နံနက် ၅ နာရီခန့်တွင် စစ်ကောင်စီတပ်မှ စစ်ကား ၆ စီးဖြင့် မှော်ပုံကျေးရွာသို့ ဝင်ရောက်လာခဲ့ချိန် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် မှော်ပုံဒေသခံများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရခြင်း ဖြစ်သည်။

မှော်ပုံကတော့ ရွာလုံးကျွတ်တိမ်းရှောင်နေရတုန်းဗျ။ စစ်သားတွေကမနေ့ကပဲလှည့်ပြန်သွားတာ။ ခုထိတော့ဘာသံမှ မကြားသေးဘူးငြိမ်နေတယ်။ ရွာသားတွေကိုတော့ KIA တပ်မဟာ ၉ ဘက်က မပြန်လာခိုင်းသေးတာ။  အခြေအနေ စောင့်ကြည့်နေတုန်းတဲ့ မငြိမ်သေးဘူး တိုက်ပွဲ ဖြစ်ရင်ဖြစ်လာနိုင်တဲ့ခြေနေမို့မပြန်လာကြသေးဖို့တားထားတယ် ဘယ်နေ့ထိဆိုတာလဲမသတ်မှတ်ထားဘူးဟု လုံးခင်းကျေးရွာသို့ တိမ်းရှောင်နေသည့် မှော်ပုံဒေသခံတစ်ဦးက KNG ကို ပြောသည်။

ယမန်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်များ အင်အားအပြည့်ဖြင့်ဝင်လာချိန် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် KIA နှင့် PDF ဘက်မှ နောက်ဆုတ်ပေးခဲ့ရပြီး နာရီဝက်ကျော်ခန့်အကြာတွင် KIA, PDF  ဘက်မှ အင်အားသုံး၍ ပြန်လည်ဝင်ရောက်လာ ချိန် စစ်ကောင်စီတပ်သားများ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။

စစ်ကောင်စီတပ်သည် မှော်ပုံကျေးရွာတွင်းရှိ ကုဋေအေး ကုန်စုံဆိုင်ကို PDF ထောက်ပံ့နေသည်ဟု စွပ်စွဲကာ ဆိုင်မီးရှို့ဖျက်ဆီးခဲ့ပြီး ဆိုင်ရှင်ပြည်သူနှစ်ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ယနေ့ထိ ဆက်သွယ်၍မရသေးကြောင်းသိရသည်။

မှော်ပုံကျေးရွာသည် အိမ်ခြေ ၄၀၀ ကျော်၊ လူဦးရေ ၃၀၀၀ နီးပါးရှိသည်။

စစ်ကောင်စီတပ်သည် ဩဂုတ်လ ၁၀ ရက်နေ့ ည ၁၀ နာရီအချိန်တွင် ဆယ်ဇင်းကျေးရွာကို လေယာဉ် ဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်း၊ မြေပြင်တွင် မီးရှို့ဖျက်ဆီးခြင်းတို့ကြောင့် ဆယ်ဇင်းကျေးရွာ အိမ်ခြေ ၆၇၀ ဝန်းကျင် (ရွာလုံးကျွတ်နီးပါး) မီးလောင်ပြာကျခဲ့ပြီး ပြည်သူ ၂၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ စစ်ရှောင်နေရဆဲ ဖြစ်သည်။

Show More

Related Articles

Back to top button